ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ယနေ့ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးပွားလာမှုတို့ကြောင့် အပူချိန်မြင့်တက်လာခြင်းကို ပိုမိုကြုံတွေ့လာရပါသည်။ အထူးသဖြင့် နွေရာသီကာလများတွင် အပူလှိုင်းများ မကြာခဏဖြစ်ပွားလာပြီး လူသားတို့၏ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် ထုတ်လုပ်မှုကဏ္ဍများအပေါ် သိသာထင်ရှားသောသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထိုသို့သော အခြေအနေများကြောင့် အအေးပေးနည်းစနစ်များသည် လူသားတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သောအခြေခံဝန်ဆောင်မှုတစ်ရပ်အဖြစ် ပိုမိုအရေးပါလာပါသည်။

အအေးပေးနည်းစနစ်များသည် လူနေအိမ်များနှင့် အဆောက်အအုံများတွင် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရုံသာမက အစားအစာသိုလှောင်ရေး၊ ဆေးဝါးနှင့် ကာကွယ် ဆေးထိန်းသိမ်းရေး၊ စက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများနှင့် ဒီဂျစ်တယ်အခြေခံ အဆောက်အအုံများအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သို့ရာတွင် အအေးပေးစနစ်များ တိုးတက်အသုံးပြုလာသည်နှင့်အမျှ စွမ်းအင်သုံးစွဲမှုမြင့်တက်လာခြင်းနှင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ မြင့်မားလာနိုင်သည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပါသည်။

ထို့ကြောင့် ယနေ့ခေတ်တွင် အအေးပေးနိုင်သည့် ပမာဏကိုသာ အလေးထားခြင်းထက် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြု၍ အအေးပေးနိုင်ခြင်းသည် ပိုမိုအရေးကြီးလာပါသည်။ အအေးပေးစနစ်များကို စွမ်းအင်အကျိုးရှိထိရောက်မှုရှိစွာ အသုံးပြုနိုင်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်ရန် အအေးပေးဆိုင်ရာ အသိဉာဏ် ''Cool Intelligence'' ဟူသော အယူအဆကို ကမ္ဘာတစ်ဝန်းတွင် ပိုမိုအလေးထား ဆောင်ရွက်ကြရန် လိုအပ်လာပါသည်။

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) ကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပလျက်ရှိပြီး အအေးပေးခြင်း (Refrigeration)၊ လေအေးပေးခြင်း (Air Conditioning) နှင့် အပူကူးပြောင်းစေသည့် နည်းပညာများ (Heat Pump Technologies) ၏ အရေးပါမှုကို ကမ္ဘာတစ်ဝန်း ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ သတ်မှတ်ထားသော နိုင်ငံတကာ အသိ ပညာပေးလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။ ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ကို ရေခဲသေတ္တာ၊ လေအေး ပေးစက်လုပ်ငန်း၊ အေးခဲစက်နှင့် ကမ္ဘာတစ်ဝန်းရှိ အအေးပေးပစ္စည်းဆိုင်ရာ အသင်းအဖွဲ့များကို စတင်တည်ထောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ရူပဗေဒပညာရှင်ကြီး Mr. Lord Kelvin ၏ မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အအေးပေးစက်မှုလုပ်ငန်းများ၊ ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် အစိုးရဌာနများ ပူးပေါင်းပါဝင်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အအေးပေးပစ္စည်းများ နေ့အထိမ်းအမှတ်အခမ်းအနားများနှင့် အသိပညာ ပေးအစီအစဉ်များကို ၂၀၁၉ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို “ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်” (Cool Intelligence) ဟူသော ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်အခမ်းအနားနှင့် အသိ ပညာပေးအစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်း များနေ့သည် ခေတ်မီအအေးပေး နည်းပညာများ၏ အရေးပါမှုကိုသာမက စွမ်းအင်အကျိုးရှိထိရောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးတို့အတွက် အအေးပေးအသိဉာဏ်များ၏ အရေးပါမှုကို လူအများ သိရှိနားလည်စေရန် လှုံ့ဆော်ထားပါသည်။

Cool Intelligence

Cool Intelligence ဆိုသည်မှာ အအေးပေးစနစ်နှင့် အပူပေးစနစ်များကို အထိရောက်ဆုံးနှင့် ရေရှည် တည်တံ့သောနည်းလမ်းဖြင့် ဒီဇိုင်းဖန်တီးခြင်း၊ တပ်ဆင်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းတို့အတွက် အသိပညာ၊ ကျွမ်းကျင်မှုနှင့် နည်းပညာများကို အသုံးပြုခြင်းဖြစ်ပါသည်။ ယင်းသည် ဉာဏ်ရည်တု နည်းပညာများ၊ အာရုံခံကိရိယာများနှင့် ဒီဂျစ်တယ်ကိရိယာများကဲ့သို့ အဆင့်မြင့်နည်းပညာများကို အသုံးပြုခြင်းသာမဟုတ်ဘဲ စွမ်းအင်ချွေတာမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူတို့၏ အမှန်တကယ်လိုအပ်မှုများကို ထည့်သွင်းစဉ်းစားကာ ဉာဏ်ရည်ထက်မြက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြစ်ပါသည်။

Cool Intelligence ဆိုသည့်သဘောတရားကို အသင့်တော်ဆုံးအအေးပေးစနစ်ကို ရွေးချယ်တတ် သော အင်ဂျင်နီယာများ၊ စက်ပစ္စည်းများကို မှန်ကန်စွာတပ်ဆင်ပြီး ပြုပြင်ထိန်းသိမ်းပေးသော နည်း ပညာရှင်များနှင့် မလိုအပ်ဘဲ စွမ်းအင်သုံးစွဲမှုထက် စွမ်းဆောင်ရည်မြင့်မားမှုကို ဦးစားပေးလုပ်ဆောင် သော ဆုံးဖြတ်ချက်ချမှတ်သူများ၏ လုပ်ဆောင်ချက်များတွင် တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် Cool Intelligence သည် စမတ်နည်းပညာများကိုသာမက စမတ်ကျသောဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို လည်း ဆိုလိုပါသည်။

Cool Intelligence သည် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အနာဂတ် အတွက်ပါ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ထားပါသည်။ ယနေ့ခေတ်တွင် အအေးပေးခြင်းသည် ပြဿနာမဟုတ်ဘဲ ထိရောက် မှုမရှိသော အအေးပေးခြင်းသည်သာ ပြဿနာဖြစ်ပါသည်။ ထို့ကြောင့် နည်းပညာများကို မှန်ကန်စွာ ရွေးချယ်အသုံးပြုခြင်း၊ သင့်လျော်သောစနစ်များကို တပ်ဆင်အသုံးပြုခြင်းနှင့် စွမ်းအင်အကျိုးရှိ ထိရောက်ခြင်းတို့သည် Cool Intelligence ၏ အဓိက အနှစ်သာရများ ဖြစ်ပါသည်။

ခေတ်မီအအေးပေးနည်းစနစ်များ

(၁) Smart Air Conditioning System

Smart Air Conditioning System များသည် အဝေးထိန်း အသုံးပြုစနစ်များဖြင့် ထိန်းချုပ်နိုင်သည်။ အာရုံခံကိရိယာများကို အသုံးပြု၍ အခန်းအပူချိန်ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါသည်။ ဥပမာအားဖြင့် လူများရှိသော အခန်းတွင် အအေးပိုပေးပြီး လူမရှိသောနေရာတွင် အလိုအလျောက် လျှော့ချပေးနိုင်ခြင်းကြောင့် စွမ်းအင်ကို ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ထို့ပြင် စမတ်အအေးပေး စက်ပစ္စည်းများသည် လျှပ်စစ်အသုံးပြုမှုအချက်အလက်များကို မှတ်တမ်းတင်ထားနိုင်ပြီး စွမ်းအင် စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေပါသည်။

(၂) Solar Cooling System

Solar Cooling System သည် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ အအေးပေးသောစနစ် ဖြစ်ပါ သည်။ ယင်းစနစ်သည် ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးပြုသောကြောင့် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျှော့ချပေးနိုင်ပါသည်။ နေရောင်ခြည်အားကောင်း သောနေရာများတွင် Solar Cooling System များ ကို အသုံးပြုခြင်းဖြင့် လျှပ်စစ်ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါသည်။ ထို့ပြင် မှန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုကိုလည်း လျော့နည်းစေပါသည်။

(၃) Green Building နှင့် အအေးပေးနည်းပညာ

Green Building ဆိုသည်မှာ စွမ်းအင်ထိရောက်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အဆောက် အအုံများကို ဆိုလိုပါသည်။ Green Building များတွင် သဘာဝလေဝင်လေထွက်စနစ်၊ စွမ်းအင်အကျိုး ရှိ ထိရောက်စေသော လျှပ်စစ်မီးလုံးများ၊ စမတ် အအေးပေးစနစ်၊ အပူဒဏ်ခံကိရိယာတို့ကို အသုံးပြု ကြပါသည်။ ယင်းနည်းလမ်းများသည် အဆောက်အအုံအတွင်း အပူချိန်ကို လျှော့ချပေးနိုင်ပြီး လျှပ်စစ် စွမ်းအင်အသုံးပြုမှုကို လျော့နည်းစေပါသည်။

(၄) Artificial Intelligence နှင့် အအေးပေးနည်းပညာ

Artificial Intelligence (AI) သည် အအေးပေး နည်းပညာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။ ဉာဏ်ရည်တုသည် အချက်အလက်များကို လေ့လာနိုင်ပြီး အကောင်းဆုံး အအေးပေးပုံစံများကို ဖန်တီးပေးနိုင်ပါသည်။ ဥပမာအားဖြင့် ဉာဏ်ရည်တုစနစ်များသည် အပူချိန်ခန့်မှန်းခြင်းဖြင့် လည်းကောင်း၊ စွမ်းအင်အသုံးပြုမှု စီမံခန့်ခွဲခြင်းဖြင့် လည်းကောင်း၊ စက်ပစ္စည်းချွတ်ယွင်းမှု ကြိုတင်သိရှိခြင်းဖြင့် လည်းကောင်း အလိုအလျောက် အပူထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ အချက်အလက်သိုလှောင် ထိန်းချုပ်သည့်ဌာနများတွင် ဉာဏ်ရည်တုအခြေခံအအေးပေးစနစ် အသုံးပြုခြင်းဖြင့် စက်ပစ္စည်းများကို အပူလွန်ကဲမှုမှ ကာကွယ်နိုင်ပြီး လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို လျှော့ချနိုင်ပါသည်။

အနာဂတ်အအေးပေးနည်းပညာ

အနာဂတ်တွင် အအေးပေးနည်းပညာများသည် ပိုမိုခေတ်မီလာမည်ဖြစ်ပါသည်။ ဉာဏ်ရည်တုနှင့် စမတ်နည်းပညာများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အအေးပေးစနစ်များသည် လူတို့၏ လိုအပ်ချက်ကို အလိုအလျောက် နားလည်နိုင်လာမည်ဖြစ်ပါသည်။ အနာဂတ်တွင် ဉာဏ်ရည်တု အခြေခံထိန်းချုပ်ရေး စနစ်၊ ဝတ်ဆင်အသုံးပြုနိုင်သော စမတ်အအေးပေး ကိရိယာများ၊ အအေးပေးပစ္စည်းကင်းလွတ်သော အအေးပေးနည်းပညာနှင့် ကာဗွန်ထုတ်လွှတ်မှုမရှိသော အအေးပေးစနစ်တို့ကို ပိုမိုအသုံးပြုလာနိုင်ပါသည်။ ယင်းနည်းပညာများသည် စွမ်းအင်သက်သာ စေရုံသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ

အအေးပေးဒြပ်ပစ္စည်းများနှင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာ သည့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်များတွင် လက်မှတ်ရေးထိုး၍ ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ပါဝင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသော ဟိုက်ဒရို ဘရိုမိုဖလူရိုကာဗွန် (HBFC) ကို ၁၉၉၆ ခုနှစ်တွင် လည်းကောင်း၊ ဘရိုမိုကလိုရိုမီသိန်း (Bromo-chloromethane) ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ ဟေလွန်ဂျနိတ်တက် ကလိုရိုဖလူရိုကာဗွန် (Halo-genated CFC) ကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း၊ ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟေလွန် (Halon)၊ ကာဗွန်တက်ထရာကလိုရိုဒ် (Carbon Tetrachloride) ကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ မီသိုင်းကလို ရိုဖောင်း (Methyl Chloroform) နှင့် မီသိုင်းဘရိုမိုဒ် (Methyl Bromide)ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း စသည့်ဒြပ်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းသုံးစွဲမှုကို အပြီးသတ်ရပ်ဆိုင်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။

အလားတူ အိုဇုန်းလွှာပျက်စီးစေသည့် အဓိက အအေးပေးဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC/R-22 ) သုံးစွဲမှုကိုလည်း ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နီးပါး ရပ်ဆိုင်း၍ ၂၀၄၀ ပြည့်နှစ်တွင် လုံးဝရပ်ဆိုင်းသွားနိုင်ရန် နှစ်အလိုက် လျှော့ချပြီး ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UN Environ-ment Programme – UNEP) နှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC/R-22) ဒြပ်ပစ္စည်းသုံးစွဲမှု လျှော့ချရပ်ဆိုင်းရာတွင် ထိုဒြပ် ပစ္စည်း အများဆုံးအသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် အင်အားရှိ အိမ်သုံးလေအေး ပေးစက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်တားမြစ်သော အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။ အလားတူ ဒြပ်ပစ္စည်းများ အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ အထက် အင်အားကြီးစက်ပစ္စည်းများ တင်သွင်းသုံးစွဲမှုကို ပိတ်သိမ်းပြီး ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့၌ ကျင်းပခဲ့သည့် အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၊ အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးသဘောတူညီချက်အရ အိုဇုန်းလွှာကို ပျက်စီးမှုမရှိသော်လည်း ကမ္ဘာကြီး ပူနွေးမှုအလားအလာ (Global Warming Potential) အလွန်မြင့်မားပြီး မှန်လုံအိမ်အာနိသင်ရှိသည့် ဒြပ်ပစ္စည်းအုပ်စုဖြစ်သော ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်မှုနှင့် သုံးစွဲမှုလျှော့ချရေးနှင့် သက်ဆိုင်သည့် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် ၏ ပဉ္စမမြောက် ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီ ပြင်ဆင်ချက်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် သဘောတူသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်

ယခု ၂၀၂၆ ခုနှစ်တွင်လည်း “ခေတ်မီဆန်းသစ် အအေးပေးနည်းစနစ်၊ ဉာဏ်ပညာဖြင့် စွမ်းရည်မြှင့်” ဟူသော ဆောင်ပုဒ်ဖြင့် လူမှုအဖွဲ့အစည်းအတွင်း လူနေမှုစနစ်၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု၊ စားရေရိက္ခာသိုလှောင်မှုတို့တွင် မြင့်မားသည့် အအေးပေးနည်းပညာများကို ရွေးချယ် အသုံးပြုခြင်းဖြင့် စွမ်းအင်အသုံးပြုမှု လျှော့ချရေးနှင့် ကမ္ဘာ့ပူနွေးမှုအလားအလာ လျှော့ချခြင်း အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့ကို တစ်ပြိုင်နက်တည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ယင်းနည်းပညာများသည် အနာဂတ် မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင် သာယာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင် အသုံးပြုမှုစနစ်ကို ဖော်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့် ''Cool Intelligence'' ဆောင်ပုဒ်အရ ခေတ်မီအအေး ပေးနည်းပညာများကို ပြည်သူလူထုအတွင်း ပိုမို ကျယ်ပြန့်စွာ သိရှိနားလည်စေရန်နှင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် သက်ရောက်မှုနည်းပြီး စွမ်းအင် လိုအပ်ချက်နည်းသည့် အအေးပေးဒြပ်ပစ္စည်းများကို ဦးစားပေးရွေးချယ်အသုံးပြုမှုအား သိရှိနားလည်စေရန် အထိမ်းအမှတ်အခမ်းအနားများနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း သို့မဟုတ် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းကို အသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်ကို ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် ထုတ်ပေးခြင်းတို့ကို အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့် နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

အအေးပေးစက်ပစ္စည်းများကို သုံးစွဲရာတွင် ကမ္ဘာ့ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချ နိုင်သည့်အပြင် အိုဇုန်းလွှာမပျက်စီးစေဘဲ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြုသည့် အအေး ပေးစနစ်ဆိုင်ရာ နည်းပညာများကို သုံးစွဲသူများထံ မိတ်ဆက်ပေးမည့် အိုဇုန်းလွှာပျက်စီးခြင်းကို တားဆီးကာကွယ်ရန် တာဝန်သိစိတ်ရှိသည့် အအေးပေးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါလျက်ရှိပါသည်။

ယင်းတို့သည် စျေးကွက်တွင် ရရှိနိုင်သော နည်းပညာအသစ်များ၊ စွမ်းအင်ချွေတာသော အအေးပေး စနစ်များနှင့် အိုဇုန်းလွှာကို ထိခိုက်စေသော အအေးပေးပစ္စည်းများအစား ထိခိုက်မှုနည်းပါးသော အစားထိုးနည်းပညာများကို သုံးစွဲသူများနားလည် လွယ်စေရန် သင့်လျော်သော အချက်အလက်များ ဖြင့် မိတ်ဆက်ပေးရန်လည်း လိုအပ်ပါသည်။ ထို့ပြင် ပစ္စည်းရွေးချယ်မှု၊ တပ်ဆင်အသုံးပြုမှုနှင့် ထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက်များကို ပံ့ပိုးပေးခြင်းဖြင့် စွမ်းအင်အကျိုးရှိမှုကို မြှင့်တင်ရာ တွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ထိုသို့သော လုပ်ငန်းဆောင်ရွက်သူများ၏ တာဝန်များတွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် သက်ရောက်မှုအနည်းဆုံး ကိုက်ညီသော နည်းပညာများ အသုံးပြုသည့် အအေးပေးစက်ပစ္စည်းများ ရောင်းချရန်၊ သုံးစွဲသူများအား အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ရန်နှင့် ရောင်းချပြီး နောက်ပိုင်းတွင်လည်း ဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်တို့ ပါဝင်ပါသည်။ ထို့ကြောင့် ဝယ်ယူသုံးစွဲသူများ၊ လုပ်ငန်းရှင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ အကြား ပူးပေါင်းအသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းများသည်လည်း ရေရှည်တည်တံ့ သော အအေးပေးစနစ်များကို ဖော်ဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း နှိုးဆော်တိုက်တွန်း ဖော်ပြအပ်ပါသည်။ ။