ချီလီ၌ ခရီးသည် ၃၈ ဦးလိုက်ပါလာသည့် စစ်လေယာဉ်တစ်စင်း မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်

၁၁ ဒီဇင်ဘာ

ဆန်တီယာဂို ဒီဇင်ဘာ ၁၀ ချီလီ၌ လေယာဉ်အမှုထမ်းများအပါအ၀င် လူ ၃၈ ဦး လိုက်ပါလာသည့် စစ်လေယာဉ်တစ်စင်း အန္တာတိကသို့ ပျံသန်းထွက်ခွာလာစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ချီလီလေတပ်ဖွဲ့က ပြောကြားခဲ့သည်။

စီ ၁၃၀ ဟာကျူလီ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ဒီဇင်ဘာ ၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ပန်တာ အရီနာစ်မှ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် နံနက် ၅ နာရီတွင် အော်ပရေတာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသူများထဲတွင် လေယာဉ်အမှုထမ်း ၁၇ ဦးနှင့် ခရီးသည် ၂၁ ဦးပါဝင်ပြီး ထောက်ပံ့ပို့ဆောင်ရေး ဆောင်ရွက်ရန် လိုက်ပါလာခြင်းဖြစ်သည်ဟုဆိုသည်။ ပျောက်ဆုံးလေယာဉ်နှင့် ပျောက်ဆုံးနေသူများကို ပြန်ရှာတွေ့ရန် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးဆောင်ရွက်လျက်ရှိကြောင်း လေတပ်ဖွဲ့က ပြောကြားခဲ့သည်။

လေယာဉ်ပေါ်လိုက်ပါလာကြသူများအနက် သုံးဦးမှာ အရပ်သားများဖြစ်ကြကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။ စစ်လေယာဉ်သည် အန္တာတိကတိုက် King George ကျွန်းပေါ်ရှိ စစ်အခြေစိုက်စခန်းသို့ ပျံသန်းခဲ့စဉ် အရေးပေါ် သတိပေးအချက်ပြမှု လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း လေတပ်အကြီးအကဲ အက်ဒိုမော့စကီရာက ဒေသမီဒီယာသို့ ပြောကြားခဲ့သည်။

လေယာဉ်မှူးသည် လေယာဉ်မောင်းအတွေ့အကြုံများစွာရှိခဲ့သူဖြစ်ပြီး လောင်စာဆီ ပြတ်တောက်သွားချိန်တွင် မြေပြင်ပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ လေယာဉ်သည်မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်သွားချိန်တွင် မိုင်ပေါင်း ၄၅၀ ခန့်အထိ ရောက်ရှိနေခဲ့ကြောင်း လေတပ်ဖွဲ့က ပြောကြားခဲ့သည်။

အေအက်ဖ်ပီ