ချီးရှားကျောင်းတိုက် ဆရာတော် Ven.Qianze က မြန်မာနိုင်ငံရှိ စာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ လှူဒါန်းသည့် အလှူငွေ လွှဲပြောင်းပေးအပ်

နေပြည်တော် ဇွန် ၂၂

မြန်မာနိုင်ငံရှိ စာသင်တိုက်များမှ စာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးလှူရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်း တိုက် ဆရာတော် Ven. Qianze က လှူဒါန်းသည့် အလှူငွေများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze က မြန်မာနိုင်ငံရှိ စာသင်သား သံဃာ/သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား ကျောင်းသူများအတွက် အလှူငွေ ယွမ် ၈၀၀၀ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze ကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က အလှူငွေများကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်