ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူများ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာ ခိုးမှု(၇)မှုဖော်ထုတ်ရရှိ 

ရန်ကုန်  ၁၇  ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများ ရှာဖွေဖော်ထုတ်စုံစမ်း ဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည်  လှိုင်သာယာမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းစုံစမ်းဆောင်ရွက်စဉ်  ဇန်နဝါရီ ၁၀ ရက်နေ့ က လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်၊ နဝဒေးပန်းခြံလမ်းမပေါ်တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းအတည်ပြုရရှိထားသူ ကိုကိုဇင်နှင့်ဇော်မျိုးသန့်(ခ)ဇောင်လေးတို့ (၂)ဦးအား New Zhineng 125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ Huawei အမျိုးအစား ဖုန်း(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဇော်မျိုးသန့်(ခ)ဇောင်းလေး (၁၅)နှစ်နှင့် ကိုကိုဇင် (၁၉)နှစ် တို့အား ဖမ်းဆီးစဉ် လက်ဝယ်တွေ့ရှိရသည့် ပစ္စည်းများနှင့်ပတ်သက်၍စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့(၂)ဦးသည်  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ မဟော်ဂနီး လမ်းမပေါ် တွင် သော့ခတ်၍ ရပ်ထားသော ဆိုင်ကယ်အား ဇက်သော့ချိုး၍ ခိုးယူခဲ့ကြောင်း သိရသည်။


ယင်းနောက် ၎င်းတို့(၂)ဦးအား  အခြားပြစ်မှုများကျူးလွန်ခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးမေးမြန်းခဲ့ရာ  စက်တင် ဘာလနှင့် နိုဝင်ဘာလများတွင် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်အတွင်းရှိ  မဟာဂနီလမ်းမပေါ်တွင် သော့တန်းလန်းဖြင့်ရပ်ထားသည့် Dream -110 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ဘုရားလမ်းဘေး၊ အောင်ဗော ဓိဘုန်းကြီးကျောင်းအနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်အတွင်းမှ KENBO အမျိုးအစား ဖုန်း(၁)လုံး၊ နဝဒေးပန်းခြံ အတွင်းရှိ ခုန်တန်းလျားပေါ်တွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး၏ဘောင်းဘီးအိတ်အတွင်းမှ Huawei အမျိုးအစားဖုန်း(၁)လုံး၊  ဦးပုညလမ်းရှိ လ္ဘက်ရည်ဆိုင်အတွင်းရှိ ကောင်တာပေါ်တွင် တင်ထားသော Vivo အမျိုးအစား ဖုန်း(၁)လုံး၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်ရှိ ဘုတ်ဆုံမကားမှတ်တိုင်တွင် အရက်မူးပြီး အိပ်ပျော်နေ သော  အမျိုးသားတစ်ဦး၏ အကျီအိတ်ကပ်အတွင်းမှ Oppo အမျိုးအစား ဖုန်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ဇော်မျိုးသန့်(ခ)ဇောင်းလေး နှင့် ကိုကိုဇင် တို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။


MDN