ခိုင်မာအားကောင်းသည့် နိုင်ငံတည်ဆောက်

နေပြည်တော် ၂၁ စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပြီးဆုံးသည့်နေ့တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၈ ပုဒ်မခွဲ(ခ)အရ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ရက်နေ့ ရက်စွဲဖြင့် ဖိတ်ကြားလာသည့်အတွက် နိုင်ငံတော်အစိုးရအဖွဲ့၏ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်အစိုးရသည် မျှော်မှန်းထားသည့် ဒီမိုကရေစီစံနှုန်းများကို ရောက်အောင်သွားရေး၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အချိန်အပိုင်းအခြားနှင့် အဆင့်လိုက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေသော်လည်း ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို အပျောက်မခံဘဲ ပြည်ထောင်စု တည်ဆောက်ရေးကို ပြီးမြောက်အောင် ဆောင်ရွက်နေပြီး တစ်ဖက်ကလည်း တည်ငြိမ်ခိုင်မာအောင်မြင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စိန်ခေါ်မှုများစွာဖြင့် ရုန်းကန်ကျော်လွှားနေဆဲ ဖြစ်သည်။

 

ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့ရာတွင် နိုင်ငံတော်၏ ယန္တရားနှင့် အဖွဲ့အစည်းများ ခိုင်မာတောင့်တင်းအားကောင်းအောင်ကြိုးပမ်းဆောင်ရွက်မှုများ ပါဝင်ပြီး အဓိကအားဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံရေး၊ အခွန်ကောက်ခံမှုများမျှတရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စသည့် အခြေခံအကျဆုံး ပြည်သူ့ဝန်ဆောင်မှုများဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်ရေး၊ ဈေးကွက် ယန္တရားများ စနစ်တကျ ခိုင်ခိုင်မာမာဖြစ်အောင် ပြန်လည်ပြုပြင်တည်ဆောက်ရေးတို့အား ခိုင်မာအားကောင်းသည့် နိုင်ငံတော် ဖြစ်စေရန်အတွက်အကောင်အထည်ဖော်ပေးနေသည်ကို အသိပေးခဲ့သည်။

 

ခိုင်မာအားကောင်းသည့် နိုင်ငံတော်ဖြစ်အောင် တည်ဆောက်ရာတွင် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ယင်းအချက်များကိုဆောက်ရွက်ရာတွင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံတော်အစိုးရ မျှော်မှန်းထားသည့် အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကိုအာမခံနိုင်မှာဖြစ်ကြောင်းနှင့် အလားတူ တိုင်းရင်းသားလူမျိုးစုများအကြားတွင်လည်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုတို့ကို တည်ဆောက်နိုင်မှသာလျှင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထိုသို့ရှင်းလင်းတင်ပြမှုနှင့်အညီ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏မူဝါဒချမှတ်မှု လုပ်ငန်းစဉ်များတွင် ပြည်သူလူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ပြည်သူများသည် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းကာ အကျိုးပြုဆောင်ရွက်နေကြသည်ကို အထင်အရှားမြင်တွေ့ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ခိုင်မာအားကောင်းသည့် နိုင်ငံတော်ဖြစ်အောင်တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ကျရာအခန်းကဏ္ဍ၊ တတ်စွမ်းရာနေရာမှနေ၍ ပါဝင်နိုင်မည့် အခင်းအကျင်းများကို လမ်းဖွင့်ပေးထားပြီးဖြစ်သလို နိုင်ငံသူနိုင်ငံသားအားလုံးတို့အနေဖြင့် တစ်ထောင့် တစ်နေရာမှ အုတ်တစ်ချပ်၊သဲတစ်ပွင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်မည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ