ခက်ခဲသောစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရဖွယ်ရှိတဲ့ ယူကရိန်းလေယာဉ်ပျက်ကျမှု

၁၀ ဇန်နဝါရီ

ယူကရိန်းခရီးသည်တင် လေယာဉ်ဘိုးရင်း - ၇၃၇ ဟာ ဇန်နဝါရီ မ၈ ရက်မှာတော့ တီဟီရန်က ထွက်ခွာပျံသန်းခဲ့ပါတယ်။ အဲဒီ အချိန်မှာ အီရန်နိုင်ငံရဲ့ အခြေအနေဟာ အတော်လေးတင်းမာ နေတဲ့ အခြေအနေ မှာရှိပါတယ်။ အဲဒီမတိုင်ခင် နာရီအနည်းငယ် အကြာမှာတော့ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အခြေစိုက်စခန်းနှစ်ခုကို အီရန်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အီရန်နိုင်ငံအတွင်းမှာ အမေရိကန်ရဲ့ တန်ပြန်တိုက်စစ်ဆင်မှုအတွက် အဆင်သင့် အနေအထား အားလုံးပြင်ဆင်ဖို့ သတိပေးထားပါတယ်။

အဖြေရှာဖို့မလွယ်ကူ

လေယာဉ် ကောင်းကင်ပေါ်ကို ပျံတက်သွားစဉ်မှာတော့ အားလုံးဟာပုံမှန်ပါပဲ။ အဲဒီနောက် ပျံတက်ပြီးမကြာမီမှာပဲလေယဉ်ဟာ ကောင်းကင်ပေါ်မှာ မီးလောင်ပြီး မြေပြင်ပေါ်ကို -ထိုးဆင်းခဲ့ပါတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ လူပေါင်း ၁၇၆ ဦးလုံး မသေဆုံးသွားခဲ့ရပါတယ်။ လေယာဉ် ဘာကြောင့်ပျက်ကျရတာ လဲဆိုတာကို စုံစမ်းစစ်ဆေးအဖြေရှာဖို့ တစ်နှစ်လောက် အချိန်ယူရပြီး ခက်ခဲတဲ့ စုံစမ်းမှုအလုပ်တွေ လုပ်ကိုင်ရပါတယ်။ နောက်ပြီး စုံစမ်းတဲ့အခါ နိုင်ငံတကာကအစိုးရတွေရဲ့ စုံစမ်းစစ်ဆေးသူတွေလည်း ပါဝင်ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ အီရန်နဲ့ အခြေအနေ တင်းမာနေတာကြောင့် တီဟီရန် ကောင်းကင်မှာ လေယာဉ်ဘယ်နေရာမှာ ချွတ်ယွင်းထိခိုက်ခဲ့သလဲဆိုတာကို အဖြေရှာဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။

ကျွမ်းကျင် သူတွေစေလွှတ်မယ်

လေယဉ်ထုတ်လုပ်တဲ့ ဘိုးရင်းကုမ္ပဏီကလည်း အမေရိကန်ကုမ္ပဏီပါ။ ဒါကြောင့် လက်ရှိအီရန်နဲ့ အမေရိကန်ကြား ပြဿနာတွေကြောင့် လေယာဉ်ပျက်ကျရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးဖို့က တော်တော်လေးကို ခက်ခဲမှာပါ။ ဘိုးရင်းကုမ္ပဏီကလည်း လွန်ခဲ့တဲ့နှစ်နှစ်က တခြား ၇၃၇ မော်ဒယ် အမျိုးအစား လေယာဉ်တွေပျက်ကျတာကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်ပါ။ လေယာဉ်ပျက်ကျမှုအတွက် ဖြစ်နိုင်တဲ့ စုံစမ်းစစ်ဆေးမှုအားလုံးကို လုပ်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ အလောင်းတွေကို ပြန်သယ်ဖို့ တီဟီရန်ဆီသို့ ယူကရိန်းကျွမ်းကျင်သူတွေ စေလွှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဘိုးရင်းအတွက်အကျပ်တွေ့စရာ

လေယာဉ်ပျက်ကျမှုတွေ ခဏခဏဖြစ်လာတာကြောင့် လေကြောင်းပျံသန်းရေးလုပ်ငန်းမှာ မသေချာမှုတွေ ကြီးစိုးလာပါတယ်။ ဘိုးရင်းကုမ္ပဏီအတွက်လည်း ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှား မှာ ၇၃၇ လေယာဉ် ပျက်ကျတာကအစပြုလို့ နောက်ပိုင်းအခြေ အနေတွေဟာ ပိုပိုပြီးအကျပ်တွေ့စရာ ဖြစ်လာပါတယ်။ လေယဉ်ပျက်ကျမှုမဖြစ်ခင် ဇန်နဝါရီ ၇ရက်မှာတော့ အမေရိကန် လေကြောင်းလိုင်းတွေကို အီရန်နိုင်ငံပေါ်က မပျံသန်းကြဖို့ တားမြစ်မှု ထွက်ပေါ်ခဲ့ပါတယ်။ ဒါကလည်း ခရီးသည်တင် လေယာဉ်နဲ့ စစ်လေယာဉ်မှားယွင်းပြီး ပစ်ချမိမှာ စိုးလို့ပါ။ အမေရိကန်လေကြောင်းလိုင်းတွေမဟုတ်တဲ့ တခြားသော လေကြောင်းလိုင်းတွေကလည်း အီရတ်နဲ့ အီရန်ပေါ်ကပျံသန်း မယ့်ခရီးစဉ်တွေကို လမ်းကြောင်းပြောင်းခဲ့ကြတယ်။ စစ်ရေးအရလှုပ်ရှားမှုမပါဝင် အီရန်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဒေါ့ဖာဇယ်ရှိကာချီကတော့ အခုလေယာဉ်ပျက်မှုမှာ စစ်ရေးအရလှုပ်ရှားမှုတစ်ခုမှ မပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီလေယာဉ်ဟာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတယ်လို့ ဝါဒဖြန့်ပြောဆိုနေကြပေမယ့် လေယာဉ် ပေါ်ပါသွားတဲ့ ခရီးသည်အများစုကတော့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ အီရန်လူငယ်တွေပါ။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ကာကွယ်ပေးဖို့ပဲ လုပ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့မလွယ်ကူ
ပုံမှန် အနေအထားအရဆိုရင် လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ နိုင်ငံက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင် ရပါတယ်။ နောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ လေယာဉ် ထုတ်လုပ်တဲ့နိုင်ငံက အရာရှိတွေ၊ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့ မူရင်းနိုင်ငံက အရာရှိတွေ ပါဝင်ရပါတယ်။ လက်ရှိအခြေအနေမှာတော့ လေယာဉ်ထုတ်လုပ်တဲ့နိုင်ငံက အမေရိကန်ဖြစ်ပြီး လေယာဉ်ပျက်ကျမှု ဖြစ်ပွားတဲ့နိုင်ငံကတော့ အီရန်ဖြစ်နေတော့ စုံစမ်းစစ်ဆေးမှုအတွက် ပူးပေါင်းဆောင်ရွက် ဖို့ကတော့ မမျှော်ရဲစရာပါပဲ။ လေယာဉ်ပျံသန်းမှု အချက် အလက်တွေကို မှတ်တမ်းတင်ထားတဲ့ ဘလက်ဘောက်စ်ကိုတော့ ပျက်ကျတဲ့နေရာကနေ ပြန်ပြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘလက်ဘောက်စ်ကို ပြန်မပေး

ဘလက်ဘောက်စ်ကို ပြန်တွေ့ပြီဆိုရင် စုံစမ်းမှုပြုလုပ်ဖို့ လေယာဉ်ထုတ်လုပ်တဲ့ နေရာကိုပြန်ပို့ရပါတယ်။ သို့ပေမယ့် အီရန် လေကြောင်းပျံသန်းရေးအဖွဲ့အစည်းခေါင်းဆောင် အလီအဘတ်ဇာဒတ်ကတော့ အီရန်ဟာ ရှာဖွေတွေ့ရှိတဲ့ ဘလက်ဘောက်စ်ကို ဘိုးရင်းကုမ္ပဏီဆီ ပြန်ပို့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘလက်ဘောက်စ်ကို အမေရိကန်တွေနဲ့ လေယာဉ်ထုတ်လုပ်သူတွေဆီ ပြန်ပေးမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ ယူကရိန်းအရာရှိတွေကတော့ လေယာဉ်ပျက်ကျမှုအကြောင်း စုံစမ်းမယ့် အီရန်စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ပါဝင်လိမ့်မယ်လို့ အလီအဘတ်ဇာဒတ်က ပြောပါတယ်။ သို့ပေမယ့်လည်း လေကြောင်းလိုင်းကတော့ ယူကရိန်း၊ အီရန်နဲ့ ဘိုးရင်းကုမ္ပဏီဘက်က အရာရှိတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ စောင့်ကြည့်ရမှာဖြစ် လေကြောင်းလိုင်းစီမံခန့်ခွဲမှုအဖွဲ့ချုပ်မှ အုပ်ချုပ်ရေးမှူး ဟောင်းကတော့ကမ္ဘာ့လေယာဉ်ထုတ်လုပ်မှုမှာတော့နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို အလေးပေးပါတယ်။ အီရန်မှာ ပျက်ကျတဲ့ ကိစ္စမှာတော့ အခြေအနေကို စောင့်ကြည့်ရမှာပဲလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရမှု ဘုတ်အဖွဲ့ကတော့ လေယာဉ်ပျက်ကျတဲ့အခါ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်လေ့ရှိ ပါတယ်။ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းအထိတော့ သူတို့ကို စုံစမ်းစစ်ဆေးမှုမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။ ထိန်းချုပ်ရေးတာဝါနဲ့ အဆက်အသွယ်ပြတ် ဘိုးရင်း ၇၃၇ လေယာဉ်ဟာ ဇန်နဝါရီ ၈ရက် နံနက် ၆နာရီ ၁၂ မိနစ်မှာ တီဟီရန်မြို့အာမာမ် ခိုမေနီလေဆိပ်ကနေ ပျံတက်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်အမှုထမ်းကိုးဦးအပါအဝင် လူပေါင်း ၁၇၆ ဦး လေယာဉ်ပေါ်ပါသွားခဲ့ပါတယ်။ အဆိုပါ လေယာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ ခန့် တစ်နာရီကို မိုင် ၃၀၀ နှုန်းနဲ့ ပျံသန်းခဲ့တာဖြစ်တယ်လို့ Flightdata 24 မှာ ဖော်ပြထားပါတယ်။ ပျံသန်းပြီး နှစ်မိနစ်ကနေ သုံးမိနစ် အကြာမှာတော့ အလိုအလျောက် လေယာဉ်ပျံသန်းမှုအချက်အလက်တွေ ပေးပို့ခြင်းစနှစ်ရပ်ဆိုင်းသွားပါတယ်။ လေယာဉ်နဲ့ ထိန်းချုပ်ရေးတာဝါအဆက်အသွယ်ပြတ်တောက်သွားတယ်လို့ အလီအဘတ်ဇာဒတ်က ပြောပါတယ်။

သဘောထားမတူညီမှုတွေရှိ

လေယာဉ်ပျက်ကျတဲ့ နေရာနဲ့အနီးမှာနေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကျတ်ရှရစ်ခ်ဟာနီကတော့ “အသံအကျယ်ကြီး ကြားတဲ့နောက် အိမ်ထဲကနေအပြင်ဘက်ကို ပြေးထွက်ခဲ့တယ်။ နေအိမ်တွေက ပြတင်းပေါက်တွေလည်း ကျိုးပဲ့ကုန်တယ်။ အစကတော့ ဒုံးကျည်ထိတယ်ထင်တာ” လို့ ပြောပြခဲ့ပါတယ်။ လေယာဉ်ဟာ ခါလက်ဘတ်ကျေးရွာအနီး စိုက်ပျိုးမြေပေါ်မှာ ပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားရတဲ့သူတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုပြီး ခွဲခြတဲ့အခါမှာလည်း သဘောထားမတူညီမှုတွေ ထွက်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ တချို့သောသူတွေဟာ နှစ်နိုင်ငံ သားခံယူထားလို့ပါပဲ။ အီရန်ဘက်က ရေတွက်ထားတာကတော့ အီရန် ၁၄၇ ဦး၊ ကနေဒါနိုင်ငံသား နှစ်ဦးလို့ တွက်ထားပြီး ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကတော့ ကနေဒါလူမျိုး ၆၃ ဦး၊ အီရန် ၈၂ ဦးလို့ တွက်ချက်ထားပါတယ်။

အကျပ်ရိုက်စရာဖြစ်လာနိုင်

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုကလည်း “ကျွန်တော်တို့အစိုးရဟာ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး လေယာဉ်ပျက်ကျမှုအကြောင်းကို စုံစမ်းမှုတွေ ပြုလုပ်သွားမယ်။ ကနေဒါနိုင်ငံသားတွေရဲ့ မေးခွန်း အတွက် အဖြေရှိမှာပါ “လို့ ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်ဟာ ဘယ်လိုဖြစ်လာမယ်မှန်းတော့ မသိရသေးပါဘူး။ တကယ်လို့များ တီဟီရန်မှာ လေယာဉ်ပျက်ကျရတဲ့အကြောင်း ရင်းဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဆိုရင်တော့ ၇၃၇ -အင်န်ဂျီ အမျိုးအစားနဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး ထွက်လာဦးမှာဖြစ်ပြီး ဘိုးရင်းအတွက်လည်း ပိုပြီးအကျပ်ရိုက်စရာဖြစ်လာနိုင်ပါတယ်။ ။

ကိုးကား - နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး