ချက်နိုင်ငံ ဆေးရုံတစ်ရုံတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေဆုံး

ပရာ့ဂ် ၁၀  ဒီဇင်ဘာ


ချက်နိုင်ငံ အရှေ့ပိုင်းမြို့ဖြစ်သည့် အော်စတာဗာရှိ ဆေးရုံတစ်ရုံတွင် ဒီဇင်ဘာ ၆ ရက်က သေနတ်သမား တစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့ရာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပက်ဗ်လာ ဂျီရုစကိုဗာက သံသယရှိသူ မှာ ငွေရောင် Renault Laguna ကားဖြင့် ထွက်ပြေးခဲ့ကြောင်းပြောသည်။


ထို့ကြောင့် သတိကြီးကြီးထားကြရန်နှင့် အဆိုပါ သေနတ်သမားမှာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ကြီးကြောင်း ရဲများက ပြောသည်။ စိတ်ရောဂါ ကုသရေးဌာနတွင် စောင့်ဆိုင်းနေကြစဉ် သေနတ်သမားက အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လည်ပင်းနှင့် ဦးခေါင်းကို ချိန်ရွယ်၍ အနီးကပ် ပစ်ခတ်သွားခြင်းလည်း ဖြစ်သည်။ လူနှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး တစ်ဦးမှာ ခွဲစိတ်ကုသမှု ခံယူနေကြောင်း ဆေးရုံအရာရှိများက ပြောသည်။


ပစ်ခတ်သူဟု သံသယရှိသည့် လူ၏ပုံကို ရဲဌာနက ထုတ်ပြန်ထားကာ ဆံပင်အနက်ရောင်ရှိပြီး အနီနှင့် အနက်ရောင် အပေါ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ အစောပိုင်းကလည်း အခြားအမျိုးသား တစ်ဦး၏ ဓာတ်ပုံကို တင်ထားခဲ့ပြီး အချိန်အနည်းငယ်အကြာတွင် အဆိုပါ ဓာတ်ပုံကို ပြန်ဖျက်သွားသည်။


ယခုနှစ်မတ်လအတွင်းကလည်း ပရာ့ဂ်မြို့ရှိ ဆေးရုံတစ်ရုံတွင် လူနာတစ်ဦးမှာ အခြားလူနာနှစ်ဦးနှင့် စကားများပြီး သေနတ်ဖြင့် ပတ်ခတ်ခဲ့သည့်အတွက် တစ်ဦးသေဆုံးခဲ့ရသည်။


အေအက်ဖ်ပီ