ချက်နိုင်ငံမှာ စံချိန်တင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များပြားလာ

၁၈ စက်တင်ဘာ

 

ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကြာသပတေးနေ့က ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၃,၁၃၀ ရှိခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ မတ်လ တစ်လလုံးမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ အရေအတွက်နဲ့ နှိုင်းယှဉ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

လူပေါင်း ၁၀.၇ သန်းနေထိုင်တဲ့ ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ချက်နိုင်ငံမှာ  မတ်လက စတင်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိသူ ၄၄,၁၅၅ ဦးထဲမှာ ၄၈၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ပိုးတွေ့ရှိသူတွေထဲမှာ အများစုဟာ ရောဂါလက္ခဏာ အနည်းငယ် သို့မဟုတ် လုံးဝ မပြသူများ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာ ဆေးကုသခံယူနေသူ ၄၁၃ ဦးရှိကြောင်း သိရပါတယ်။

 

ကူးစက်ရောဂါဆိုင်ရာ ပညာရှင်လည်းဖြစ် ချက်အစိုးရရဲ့  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး အရာရှိ လည်းဖြစ်တဲ့ ရိုမန် ပရီမြူလာ က အခုပုံစံအတိုင်းသာ ဗိုင်းရပ်စ်ရောဂါပိုး ဆက်လက် ကူးစက်နေမယ်ဆိုရင် ဆေးရုံတွေမှာ ကုသနိုင်တဲ့ ပမာဏထက် ကျော်သွားနိုင်တယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတိပေးပြောကြားခဲ့ပါတယ်။

 

ဉရောပနိုင်ငံတွေမှာ ဩဂုတ် နဲ့ စက်တင်ဘာလတွေမှာ ပိုးတွေ့ရှိသူ များလာတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် တားမြစ်မှုတွေ ပြန်လည်ပြဋ္ဌာန်းလာတာကို တွေ့ရှိပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ကူးစက်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်တဲ့အတွက် ဘားတွေနဲ့ ကလပ်တွေကို သန်းခေါင်းယံ အချိန်ကနေ နံနက် ၆ နာရီအတွင်း ပိတ်ထားရန်၊ အသက် ၁၁ နှစ်ထက် ကြီးတဲ့ ကျောင်းသူကျောင်းသားတွေဟာ စာသင်ခန်း အတွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရန် စည်းမျဉ်းကို ချမှတ်လိုက်ပါတယ်။

 

စက်တင်ဘာ ၁ ရက်နေ့ကစပြီး အများသုံး ယာဉ်တွေပေါ်နဲ့ ဆေးရုံတွေမှာ မျက်နှာဖုံး ဝတ်ဆင်ရန်၊ စက်တင်ဘာ ၁၀ ရက်နေ့က စပြီး အဆောင်အအုံအတွင်း ဈေးဆိုင်တွေနဲ့ စာသောက်ဆိုင်တွေ အတွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရန် တားမြစ်ချက် စည်းကမ်းတွေ ချထားပြီး ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်ကလည်း လာမယ့်နှစ် နွေရာသီအထိ မျက်နှာဖုံး ဝတ်ဆင်ထားပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ရကိန်းရှိကြောင်း ပြောကြားပါတယ်။

 

MDN

ကိုးကား- AFP