ချမ်းအေးသာစံမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး

မန္တလေး   ဇန်နဝါရီ    ၂၅

ချမ်းအေးသာစံမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပသည်။ 

အသိပညာပေး ဆွေးနွေးပွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး တပ်ဖွဲ့စု (မန္တလေး)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဒေါ်သူဇာလွင်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အမျိုးအစားများ၊ အမျိုးသမီးများ၏ အခွင့်အရေးကို ချိုးဖောက်ပြီး အမျိုးသမီး ဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရမှုများ၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ ပတ်ဝန်းကျင်တွင် ဖြစ်ပွားလျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အရေးယူနိုင်သည့် ဥပဒေများအား အသိပညာပေး ပြောကြားခဲ့ပြီး အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ဆောင်ရွက်ချက်များ၊ ကြိုတင်ကာကွယ်ရေး၊ ပြန်လည်နေရာချထားရေး၊ နောက်ဆက်တွဲ စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)