ချမ်းမြသာစည်မြို့နယ် (၆၅)လမ်းပေါ်ရှိ JINDU GREATE STARS (ဆံပင်အလှကုန်ပစ္စည်း ဖြန့်ချိရေးကုမ္ပဏီ) ဆိုင်အတွင်း လူသတ်မှုကျူးလွန်သူအား နေ့ချင်းလက်ရဖမ်းဆီးရမိ

မန္တလေး ၂၃ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ (၆၅)လမ်း၊ သဇင်လမ်းနှင့် ငုပြာလမ်းရှိ JINDU GREATE STARS (ဆံပင်အလှကုန်ပစ္စည်း ဖြန့်ချိရေးကုမ္ပဏီ)ဆိုင်တွင် ဆိုင်တာဝန်ခံဖြစ်သူ ဦးချမ်းမြေ့အောင်အား ဓားဖြင့် လည်ပင်းအားလှီးဖြတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူကို နေ့ချင်းလက်ရ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ဆံပင်အလှကုန်ပစ္စည်းဆိုင်အတွင်းသို့ ကုမ္ပဏီ နယ်အရောင်းဝန်ထမ်းဖြစ်သူ အားကျင်(ခ)မောင်ကိုကို ဝင်ရောက်လာပြီး ဈေးဝယ်သူအား ပစ္စည်းများ ရှင်းလင်းပြသနေသည့် ဆိုင်တာဝန်ခံ ဦးချမ်းမြေ့အောင်၏ နောက်ကျောမှ အသင့်ပါလာသောဓားဖြင့် လည်ပင်းအား လှီးဖြတ်သတ်ဖြတ်ခဲ့ရာ ကုမ္ပဏီဆိုင်အတွင်းရှိ ဝန်ထမ်းများ၏ သတင်းပေးမှုကြောင့် အမှတ်(၁၁)ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်တူးတူးနှင့်အဖွဲ့တို့ ချက်ချင်းရောက်ရှိလာပြီး လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ အားကျင်(ခ)မောင်ကိုကိုအား အချိန်တိုအတွင်း လက်ရဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါဖြစ်စဉ်တွင် ဆိုင်တာဝန်ခံ ဦးချမ်းမြေ့အောင်မှာ ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ပြစ်မှုကျူးလွန်သူ အားကျင်(ခ)မောင်ကိုကို အောင်မြေသာစံမြို့နယ်နေသူအား ဉပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၁)ရဲစခန်းမှ သတင်းရရှိသည်။

 

မန်းကိုယ်ပွား