အမ်းမ်လောင်ရွှီ

 

ချိုချင်းတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအရ ချမ်းသာကြွယ်ဝမှုကို တိုင်းတာသော အချက်များရှိပါသည်။ (၁) နွားနောက်၊    ရွှေနားဘက် စသော ရွှေ့ပြောင်းနိုင်သော စည်းစိမ်ပိုင်ဆိုင်မှု၊ (၂) မြေ၊ ခြံ၊ အိမ်ကြီးအိမ်ကောင်း စသော မရွှေ့မပြောင်းနိုင်သောစည်းစိမ်ပိုင်ဆိုင်မှု၊ (၃) မျိုးဆက်သစ်များဖြစ်သော သားသမီး မြေးမြစ်များစွာ ထွန်းကား ပိုင်ဆိုင်မှုဟူ၍ အဓိက သုံးမျိုးရှိပါသည်။ ဤနေရာတွင် ပထမနှင့် ဒုတိယအရ ကြွယ်ဝသူများကို ဓနဥစ္စာချမ်းသာသူများဟု ခေါ်ဆိုနိုင်ပါသည်။ သို့သော် သူဌေးများဟုမခေါ်ဆိုနိုင်ပေ။ အကြောင်းမူကား ချိုချင်းဓလေ့အရ ချမ်းသာရုံကာမျှဖြင့် သူဌေးဟု ဂုဏ်ပြုခေါ်ဝေါ်လေ့မရှိကြဘဲ ထိုချမ်းသာမှုကို အကျိုးရှိရှိ ပြန်လည် အသုံးချနိုင်သူများကိုသာ သူဌေးကြီးဟု ဂုဏ်ပြုခေါ်ဝေါ်လေ့ရှိကြသောကြောင့် ဖြစ်လေသည်။

 

လုံယူးခေါ် ကျောက်ပြင်ချီ အလှူပွဲ တွင် နွားနောက်၊ နွား၊ ကျွဲတို့ကို အသုံးပြု ကာ အလှူပွဲများပြုလုပ်သည်ဟု ဆိုကြလေရာ ယေဘုယျဖော်ပြချက်သာဖြစ်၏။ အမှန်အားဖြင့်ကား ကျောက်ပြင်ချီ အလှူပွဲကြီးများတွင် ထိုအကောင်ကြီး တစ်ကောင် သုံးစွဲလေတိုင်း ဝက်၊ ဆိတ်၊ ကြက်၊ ငှက် စသည်ဖြင့် တစ်မျိုးလျှင် အရေအတွက် ဆယ်ဂဏန်းမျှပင် အချိုးကျ အသုံးပြုကြရသည့်အပြင် ပတ်ဝန်းကျင်ရှိ ရွာများနှင့် ဆွေမျိုးရွာများအားလုံး လာရောက်စားသောက် သုံးဆောင်ကြရန် ဆန်၊ ခေါင်အိုး၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ထင်းခြောက် စသည်ဖြင့် ကြိုတင်ရှာဖွေ ထားကြရသည်။ လုံယူးတစ်ပွဲလျှင် အဘယ်မျှကုန်ကျမည်ကို ခန့်မှန်းကြည့် နိုင်သည်။ သောက်စားကခုန်ဂုဏ်ပြုမည့် ပွဲလာဧည့်ပရိသတ်များသည် ညအိပ်သူ များချည်းဖြစ်၍ ထိုသူတို့ကို ချက်ပြုတ် ကျွေးမွေး တည်းခိုအိပ်စက်စရာပေးရန်နှင့် ဝိုင်းဝန်းလုပ်ဆောင်ပေးသူများ၊ ဧည့်ခံ ပေးသူများကို စည်းရုံးရ၏။ အကွက်စေ့စွာ အလစ်အဟာမရှိအောင် စီမံခန့်ခွဲရ၏။ ထိုအချက်များကြောင့်လည်းတော်ရုံနှင့် ဤပွဲမျိုးမလုပ်နိုင်ကြောင်း သိသာပေသည်။

 

လုံယူး ခေါ် ကျောက်ပြင်ချီအလှူ ပြုလုပ်မှုအရေအတွက်ကို အကဲဖြတ် သတ်မှတ်၍ Mang, Thawng Mang, Mang Puei, Bawi Mang စသဖြင့် စည်းစိမ်ဥစ္စာပိုင်ဆိုင်မှု အဆင့်ဆင့်ကို ပိုင်းခြားကာ သူတို့၏ သူဌေးဘွဲ့အဆင့် ကို သတ်မှတ်ခဲ့ကြပါသည်။ ထို့ကြောင့် ချမ်းသာချင်သလောက် ချမ်းသာပါစေ၊ သူသည် လုံယူးအလှူပွဲ မလုပ်ဖူးသူဖြစ်ပါ က သူ့ကို သူဌေးဟု မည်သူကမှ သတ်မှတ်ခေါ်ဝေါ်ခြင်းမပြုကြပေ။ သူဌေးဟု သတ်မှတ်ကာ ဂုဏ်ပြုအခေါ်ခံရရန်မှာ ချမ်းသာခြင်းနှင့် ထိုချမ်းသာမှုကို အများအား ခွဲဝေခံစား ကျွေးမွေးလှူဒါန်းခြင်း ထိုနှစ်ချက် လိုအပ်ပါသည်။ တစ်နည်း အားဖြင့် ဥစ္စာထဲမှာ အနှစ်ရှာ ရှိတာဒါနပဲ ဟူသော ဆုံးမချက်အရ ဒါနအလှူလုပ်ပါ မှ သူဌေးဟု ခေါ်ခြင်းဖြစ်သည်။ (သီလ မကျိုးပေါက်စေသော ဒါနအလှူကြီး ဖြစ်ရန်ကား လိုပေသည်။) ချိုချင်းဓလေ့ အရ ချမ်းသာခြင်းနှင့် သူဌေးအခေါ်ခံရ ခြင်းကားမတူ။ ချမ်းသာရုံနှင့် သူဌေးဟု အခေါ်ခံရမည် မဟုတ်ကြောင်းကို မှတ်တမ်းပြုဖော်ပြလိုက်ရပါသည်။ ။