ခွန်အားဖြစ်စေသော စိတ်ထားမှသည် စိတ်ဓာတ်ခွန်အားမြင့်သူအဖြစ်သို့ …..

တင်ဇာ (IR)

ပြီးခဲ့တဲ့ ဇူလိုင်လလယ်က ဝန်ထမ်းတွေ စိတ်ခွန်အားမြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ဌာန တစ်ခုမှာကျင်းပတဲ့ ဟောပြောပွဲတစ်ခုကို အခွင့်အလမ်းတစ်ခုအနေနဲ့ စိတ်ဝင်တစား ကျွန်မ တက်ရောက်နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ဟောပြောဖို့ ဖိတ်ကြားခံရတဲ့ ဆရာဒေါက်တာမြတ်မိုးရဲ့ ဆောင်းပါးအတော်များများကိုတော့ ကျွန်မတို့ ဖတ်ဖူးပြီးသားဖြစ်ပါတယ်။ 
ဆရာ့ရဲ့ နိုင်ငံတကာရေးရာနဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ဘာသာရေး၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု စသဖြင့် ကဏ္ဍပေါင်းစုံ လွှမ်းခြုံတဲ့ အရေးအသားတွေကို လေ့လာမှတ်သားဖူးပါတယ်။ ဒါပေမဲ့ ကျွန်မတက်ရောက်ခဲ့တဲ့ ဆရာ့ရဲ့ဟောပြောပွဲမှာ တော့ ဝန်ထမ်းတွေ စိတ်ခွန်အားမြင့်စေဖို့အတွက် ဘာသာရေးရှုထောင့်ကနေ ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီ ချဉ်းကပ်ပြီး နည်းပေးလမ်းပြဟောပြော ဆွေးနွေးသွားခဲ့တာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့်တော့ ဘဝနေနည်း၊ ထိုင်နည်းတွေပါပဲ။ သင်ခန်းစာလည်းရ၊ တရားသဘောလည်း တီးမိခေါက်မိ ရှိသွားတဲ့အတွက် အလွန်ကို အဖိုးတန်ခဲ့ပါတယ်။ ဆရာ့ရဲ့ ဟောပြောချက်တွေအရ ကျွန်မတို့လို အသက်အရွယ်နဲ့ ဘယ်လိုလူငယ်မျိုးကမဆို ခံယူလိုက်နာကျင့်သုံးသင့်တဲ့ နေနည်းထိုင်နည်း၊ စိတ်ထားနည်းတွေချည်းသာဖြစ်တယ်လို့ ကျွန်မအနေနဲ့ ခံယူမိပါတယ်။

ဖိစီးမှုရဲ့အရင်းခံအကြောင်းတရားတွေက

အားလုံးသိကြတဲ့အတိုင်း လတ်တလော ပြည်တွင်းပြည်ပအခြေအနေတွေဟာ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် အနည်းနဲ့အများ သက်ရောက်မှုတွေရှိနေတာကို ခံစားသိရှိကြမယ်လို့ ထင်ပါတယ်။ အဓိကအကြောင်းတရား (Root Causes)ကိုရှာလိုက်တော့ (၁) ကိုဗစ်ကပ်ရောဂါနဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေ၊ (၂) ယူကရိန်း ပဋိပက္ခနဲ့ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ၊ (၃) ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲတွေရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် ရိုက်ခတ်မှုတွေပဲဖြစ်ပါတယ်။ ဒါတွေက အဓိကအကြောင်းရင်းခံတွေဖြစ်ပြီး အခြားမမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေ (Immediate Causes) က လည်း ကျွန်မတို့အပေါ် အချိန်မရွေး ရိုက်ခတ်လာတာမျိုးတွေ ရှိနိုင်ပါသေးတယ်။

ဒီအကြောင်းတရားတွေကြောင့်ပဲ ယခုလို ကာလမှာ ကျွန်မတို့အနေနဲ့ စိတ်ပိုင်းအရကော ရုပ်ပိုင်းမှာပါ ဖိစီးမှုသောက တချို့တစ်ဝက်ကို ခံစားနေရခြင်းဖြစ်ပါတယ်။ အချို့ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစု အသိုင်းအဝိုင်းမှာဖြစ်စေ အဆင်မပြေမှုတချို့ ကြုံရတာရှိတယ်။ တစ်ခါတလေ ကိုယ့်ကို ဘယ်သူမှ နားလည်မှုမပေးနိုင်ဘူးလို့ ခံစားမိတာမျိုးလည်း ရှိတယ်။ ဒါကြောင့် တစ်ခါတစ်ခါ စိတ်ဓာတ်ကျ သလိုလို၊ အားငယ်သလိုလိုဖြစ်မိတယ်။ စိတ်ထောင်း ကိုယ်ကြေဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာပြီး နေမကောင်းတာတွေ၊ ရောဂါဘယဖြစ်ပွားတာတွေလည်း ရှိလာပါလေရော။ ဒီလိုစိတ်ရောကိုယ်ရော ထိခိုက်လာတာတွေကြောင့် တချို့များ တစ်ယောက်တည်း မွန်းကျပ်ပြီး မျှော်လင့်ချက်မဲ့သလိုလို၊ အနာဂတ်ပျောက်နေ သလိုလို ခံစားမိကြတယ်လို့ဆိုပါတယ်။ ဒါတွေကို လူငယ်အများစုမှာ အဓိကခံစားနေရတယ်ဆိုပေမယ့် လူကြီးတချို့မှာလည်း သူတို့အသက်အရွယ်၊ သူတို့ ရာထူးအလျောက် ဘဝရဲ့အခက်အခဲ ဖိစီးမှုအချို့ကို ကြုံရတတ်တာပါပဲ။ လုပ်ငန်းခွင်မှာဆိုရင်လည်း လက်အောက်ငယ်သားတွေရဲ့ ပြဿနာတွေကို မကြာခဏဖြေရှင်းနေရတာမျိုးတွေရှိလာပြီး ကိစ္စတစ်ခုအပေါ် ဘယ်လိုအဆုံးအဖြတ်ပေးရမှန်းမသိ၊ ချက်ချင်းမဖြေရှင်းပေးနိုင်တာမျိုးတွေအထိ ကြုံရ တတ်ပါတယ်။ 

အဆိုးသက်ရောက်မှုတွေကို မျှော်လင့်ထားရန်လို

ဒီလိုဖိစီးမှုတွေကို မဖြေရှင်းနိုင်ဘဲ ဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ မိမိနဲ့မိမိပတ်ဝန်းကျင် အပေါ်မှာပါ ဆိုးကျိုးအနည်းနဲ့အများ သက်ရောက်မှု တွေရှိလာနိုင်ပါတယ်။ ဘယ်လိုသက်ရောက်ပါသလဲ။ ကိုယ်ချင်းစာတရားနည်းလာပြီး အကောင်းမမြင် အတ္တတွေ ကြီးလာကြမယ်။ မာန်တွေတက်  မောက်မာလာကြမယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြားမှာ၊ မိသားစုဝင်တွေကြားမှာ လေးစားမှု၊ ရိုသေမှုတွေ တဖြည်းဖြည်းလျော့ပါးလာကြမယ်။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရကောင်း မှန်းမသိ၊ သူတစ်ပါးအပေါ်လည်း တန်ဖိုးမထားတတ်ဘဲ အများအကျိုးကို ဦးဆောင်ဦးရွက်ပြုတတ်တဲ့ ပရဟိတစိတ်ကလေးတွေ နည်းလာပြီး တစ်ကိုယ် ကောင်းဆန်တတ်လာကြမယ်။ ဒီလို ကိုယ့်အကျိုး ကိုယ်ရှေ့တန်းတင်လာတော့ အမြင်တွေကို ဘက်ပေါင်းစုံဖြန့်ကြက်ခြင်းမရှိနိုင်တော့ဘဲ အမြင်ကျဉ်းမြောင်းလာမယ်။ ကိုယ်ကျိုးရှာအတ္တသမား တွေများလာတာနဲ့အမျှ စည်းလုံးညီညွတ်ခြင်း သဘောတွေ ပျက်ပြားလာတတ်တယ်။ အထက်နဲ့ အောက်တာဝန်ယူ၊ တာဝန်ခံမှုတွေ နည်းလာနိုင် သလို တာဝန်သိစိတ်ဆိုတာလည်း လျော့နည်းလာနိုင်ပါတယ်။ တာဝန်သိစိတ်မရှိတဲ့သူတွေ များလာတော့ လူ့အဖွဲ့အစည်းကြီးက တဖြည်းဖြည်း ယိုယွင်းလာမယ်။ 

အချင်းချင်းကြား ပူးပေါင်းညှိနှိုင်းပြီး ပြဿနာတွေကို မဖြေရှင်းတတ်ကြတော့ဘဲ ဘယ်လိုဖြေရှင်းရမလဲ ဖြေရှင်းနိုင်စွမ်းအားနည်းလာတတ်တယ်။ ငါမှန်တယ်ဆိုတဲ့အစွဲနဲ့ အမုန်းတရားတွေပွားလာကြမယ်။ အကျိုးဆက်ပြဿနာက မပြေလည်တော့ဘဲ ပဋိပက္ခအသွင်ပြောင်းသွားမယ်။ အစွဲနဲ့အမုန်းက အဂတိမှုများအောင် တွန်းပို့မယ်။ ကိုယ်က ခေါင်းဆောင်ဖြစ်နေရင် ကိုယ့်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါ ထိခိုက်လာမယ်။ ဒါကြောင့်မို့ ဖိစီးမှုများခြင်းဟာ ပတ်ဝန်းကျင်ကို အကျည်းတန်စေပြီး ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကို ပိုများစေပြီး အဆုံးမှာတော့ လူအချင်းချင်းကြား လောဘ၊ ဒေါသ၊ မောဟအရင်းခံ ဗြဟ္မစိုရ်တရားတွေ နည်းပါးလာ ကြပါတော့တယ်။ 

ဓမ္မကိုအခြေခံ၍

ဒီလို မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ မကောင်းတဲ့ဖိစီးမှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့ပါးအောင် ထိန်းချုပ်ဖို့ဆိုရင် မြတ်ဗုဒ္ဓရဲ့ ဓမ္မ တရားကိုပဲ အခြေခံအုတ်မြစ်ချ လေ့ကျင့်နာယူသင့် တယ်လို့ ဆရာဒေါက်တာမြတ်မိုးက ဆွေးနွေးသွားပါတယ်။ ဒီနေရာမှာ ကနဦးက ဆိုခဲ့သလို နည်းပါး လာတဲ့ဗြဟ္မစိုရ်တရားကို မိမိသန္တာန်မှာ ထွန်းကားအောင် ဦးစွာကျင့်ကြံအားထုတ်ရန် လိုအပ်တယ်ဆိုတာ မှတ်သားလိုက်မိပါတယ်။ 

ဗြဟ္မစိုရ်တရားလေးပါးမှာ ဦးဆုံးမေတ္တာကို မွေးမြူခြင်းဖြင့် ဒေါသကိုပယ်ပြီးသားဖြစ်ပါတယ်။ ကရုဏာတရားက လောဘနဲ့ ဒုက္ခဆင်းရဲနှစ်မျိုးစလုံး ကို ပယ်သတ်ပြီးဖြစ်ပါမယ်။ ဒီလိုပဲ မုဒိတာတရားက မနာလိုမှုတွေကို ပယ်ပြီးဖြစ်တယ်။ ဥပေက္ခာတရားကတော့ နည်းနည်းခက်ခဲမယ်ထင်တယ်။ လောဘ၊ ဒေါသနဲ့ ဝန်တိုမှုမစ္ဆရိယကို ပယ်သတ်ပြီး ဒုက္ခနဲ့ သုခအကြား ညီညီမျှမျှထားနိုင်မှသာ ဥပေက္ခာတရားကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဗြဟ္မစိုရ်တရားတွေကို ကြိုးကြိုးစားစား လေ့ကျင့်အားထုတ်ရင်းနဲ့ တစ်ပြိုင်နက် သတိဆိုတဲ့တရားတစ်ခုကို မွေးမြူဖို့လည်း ကြိုးစားရပါမယ်။ သတိတရားက အမှားနဲ့ အမှန်ကြား၊ ကုသိုလ်နဲ့အကုသိုလ်ကြား တံခါးရွက် တစ်ခုပမာ အလွှာပါးပါးလေးခြားထားတဲ့ အရာပါပဲ။ ဒါ့အပြင် ဘယ်အရာမျှမမြဲ၊ ဘယ်အရာမျှ အစိုးမရတဲ့ ဖြစ်ပျက်သဘောတရားတွေကို ဆင်ခြင်နိုင်ဖို့ ဆရာ က လမ်းကြောင်းပေးသွားခဲ့ပါတယ်။ ဒီတရားတွေကိုသာ ကြိုးကြိုးစားစားလေ့ကျင့်ပြီး လက်တွေ့နယ်ပယ်မှာပါ အသုံးချသွားမယ်ဆိုရင် မိမိရဲ့စိတ်နေ သဘောထား၊ ခံယူချက်တွေဟာ တဖြည်းဖြည်း ပြောင်းလဲလာမယ်လို့ဆိုပါတယ်။ 

စိတ်နေသဘောထားပြောင်းလဲလာခြင်းက အစပြု၍

ကောင်းမွန်တဲ့ စိတ်နေသဘောထားပြောင်းလဲ ခြင်းတွေကြောင့် စိတ်တွေငြိမ်းချမ်းပြီး စိတ်ထားတတ်လာပါမယ်။ လောဘ၊ ဒေါသ၊ မောဟနည်းလာလို့ ကိုယ်ချင်းစာတရား အားကောင်းလာပါမယ်။ ကြင်နာသနားသည်းခံတတ်လာပြီး အချင်းချင်းကြား နားလည်မှုတွေ ပိုလာပါလိမ့်မယ်။ စိတ်ရင်းစေတနာကောင်းထားလာနိုင်ပြီး သဘောထားကြီး သူဖြစ်လာမယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်တတ်လာလို့ အတ္တမာန်မာနတွေလည်း နည်းလာပါမယ်။ ရယူလိုစိတ်နည်းပြီး ရောင့်ရဲ တင်းတိမ်တတ်လာမယ်။ အထက်နဲ့အောက်ကြား တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်သိမှုတွေရှိလာပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်း တာဝန်ယူ၊ တာဝန်ခံမှုတွေ မြင့်မားလာမယ်လို့ မျှော်လင့်မိပါ တယ်။ အကောင်းမြင်မှုနဲ့ တာဝန်ယူမှုကို ပေါင်းစပ် လိုက်တဲ့အခါမှာ သူများကို အပြစ်မတင်တတ်တော့ဘဲ ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်၊ ဘယ်အရာက ပဓာန၊ ဘယ်အရာက သာမညဆိုတာ ကိုလည်း ခွဲခြားတတ်လာပါတယ်။ 

အစွဲလျော့ အစွန်းလွတ်လာပြီး အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်ကြံနေထိုင်တတ်လာပါ တယ်။ ဒါကြောင့် ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့လာပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်လာပါ မယ်။ ခက်ခဲတဲ့ကိစ္စရပ်တွေမှာ အပေးအယူ၊ အလျှော့ အတင်းနဲ့ ကိုင်တွယ်တတ်လာပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတာကြောင့် ဆက်ဆံ ရေးလည်း ကောင်းလာပါမယ်။ ကိုယ့်ကိုယ်ကိုယ် လည်း တန်ဖိုးထားလေးစားတတ်လာပြီး ကိုယ်ကျင့် တရားလည်း ထိန်းသိမ်းတတ်လာမယ်။ မိမိ လုပ်ငန်းခွင်မှာ စိတ်ဝင်စားမှုအပြည့်နဲ့ တက်တက်ကြွကြွလုပ်ဆောင်နိုင်လာပြီး တီထွင်ဖန်တီးနိုင် စွမ်းအားလည်း မြင့်မားလာမှာဖြစ်ပါတယ်။ 

အပြုသဘောခံယူချက်ပြောင်းလဲမှုတွေကြောင့်

ဒီလိုပြောင်းလဲလာတဲ့ခံယူချက်၊ သဘောထားတွေကြောင့် ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေနိုင်စွမ်းရှိလာ တယ်လို့ ဆရာကဆိုပါတယ်။ အကျိုးကိုဖြစ်ပေါ်စေ တဲ့အကြောင်းတရားကို ရှာဖွေနိုင်တဲ့အခါ အဂတိ တရားလေးပါးလည်း နည်းသထက်နည်းလာပြီး အထက်အောက်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်းရှိ လာပါတယ်။ အတ္တနဲ့မာန်မာနကို လျှော့ခြင်းဖြင့် ကိုယ်ချင်းစာမှု၊ နားလည်ပေးမှု၊ သည်းခံမှုတွေ တိုးလာပြီး ကိုယ့်ဝန်ထမ်းအချင်းချင်းကြား ယုံကြည် မှုတိုးသထက်တိုးလာပါတယ်။ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုက ညှိနှိုင်းပေါင်းစပ်အဖြေ ရှာတတ်ခြင်းကို ရှေးရှုပါတယ်။ အမှန်ကို တန်ဖိုးထားလာတဲ့အခါ အမှားလုပ်မိမှာ စိုးရိမ်တတ်လာပါတယ်။ အကျိုးဆက်က ပြောဆိုဆုံးမဖို့၊ ချီးမြှောက်စကားဆိုဖို့ ဝန်မလေးတော့ခြင်းပါပဲ။ လောဘနည်းလာတဲ့အခါ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး၊ ဘယ်နေရာ က ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပြီး ပေးကမ်း ထောက်ပံ့၊ ကူညီစွန့်ကြဲတတ်လာပါတယ်။ သူတစ်ပါးအကျိုးကို ပိုဦးစားပေးတဲ့အခါ အများအကျိုးလည်း ဆောင်တတ်လာပါမယ်။

လောဘ၊ ဒေါသ၊ မောဟနည်းတဲ့အကျိုးဆက်ဟာ နောင်ဘဝ နောင်သံသရာအထိပါလာတာကိုသိတဲ့အတွက် ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး၊ ဘာပဲ ပြောပြော ကုသိုလ်နဲ့ယှဉ်ပြီး အလုပ်လုပ်တတ်လာပါမယ်။ လုပ်ငန်းခွင်အတွင်းမှာ ခံယူချက်သဘောထား ကောင်းသူအများစု ဖြစ်တည်လာတဲ့အခါ ရည်မှန်း ချက်တစ်ခုကို အနည်းဆုံးအင်အားနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လာနိုင်တဲ့အတွက် မိမိမှာ ပြဿနာတွေနည်းလာပြီး ခေါင်းဆောင်မှုလည်း ကောင်းလာပါလိမ့်မယ်။ အဘက်ဘက်က စိတ်ပိုင်းဆိုင်ရာ အဆင်ပြေလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသန်စွမ်းလာမယ်ဆိုတာကိုတော့ အထူးပြောစရာမလိုပါဘူး။

သီးခြားမှာကြားချက်များ 

ဒါ့အပြင် ဆရာက ကိုယ့်ဝန်ထမ်းတွေအတွက် အကျိုးရှိစေမယ့် သတင်းအချက်အလက်အချို့ကို လည်း မျှဝေသွားပါတယ်။ လောကမှာ ကောင်းကျိုး အဖြာဖြာဖြစ်ထွန်းဖို့ဆိုရင် ခြိုးခြံချွေတာဖို့လိုပါမယ်။ ယခုခေတ်မှာ အားလုံးက ကျပ်တည်းကြပါတယ်။ သုံးသင့်တာကိုသာသုံးစွဲပြီး အပိုမသုံးဘဲ အလေ အလွင့်မရှိနေနိုင်‌အောင် ကြိုးစားပါလို့မှာပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့၊ နှစ်လုံး၊ သုံးလုံး စတဲ့ လောင်းကစားတွေကို မလုပ်မိစေဖို့၊ ဆေးလိပ်နဲ့ အရက်ကို လျှော့ချပြီး မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ဖို့၊ ကျန်းမာအောင် နေထိုင်ဖို့၊ စာများများ ဖတ်ပြီး စိတ်အာဟာရဖြည့်ဆည်းဖို့၊ ရတနာသုံးပါးကို မမေ့မလျော့ ကိုးကွယ်ကြည်ညိုဖို့၊ အွန်လိုင်း ဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်း ခြင်းတို့ကို လျှော့ချဖို့ မှာကြားသွားပါသေးတယ်။ 

နာယူမှတ်သားမိသည့် အမေးအဖြေကဏ္ဍ

နောက်တစ်ချက်က ဟောပြောဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း အမေးအဖြေကဏ္ဍပါ။ အမေးအဖြေ ကဏ္ဍမှာ ဝန်ထမ်းတစ်ဦးက ခေါင်းဆောင်မှုအပိုင်း နဲ့ပတ်သက်ပြီး Personal Power နဲ့ Positional Power အကြောင်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ရာ မှာ Positional Power ဆိုတာ မိမိရဲ့လုပ်သက်၊ လုပ်ရည်ကိုင်ရည် အရည်အချင်းတွေကြောင့် ရရှိ လာတဲ့ ရာထူးအာဏာကိုဆိုလိုခြင်းဖြစ်ပြီး Personal Power ကတော့ တရားဝင်ပေးအပ်ထားတဲ့ ရာထူး အရာမဟုတ်ဘဲ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးနဲ့ကိုယ်ကျင့်တရား၊ စွမ်းဆောင်ရည်၊ ခံယူချက်သဘော ထားတွေကြောင့် အများက လေးလေးစားစား အသိအမှတ်ပြုထားတဲ့စွမ်းအားကို ဆိုလိုကြောင်း ဆရာ့အနေနဲ့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ 

ကျွန်မအနေနဲ့တော့ ကိုယ့်ရဲ့လုပ်သက်၊ လုပ်ကိုင်နိုင်စွမ်းတွေကြောင့်ရလာတဲ့ Positional Power အပြင် ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် အမြဲတမ်းတစ်သက်လုံး တည်မြဲနေပြီး ဦးဆောင်မှု ကဏ္ဍမှာရှိနေတဲ့ Personal Power ကိုလည်း ကြိုးစားတည်ဆောက်ရမယ်လို့ ခံယူမိပါတယ်။ ဒါမှသာ ကိုယ်လုပ်တဲ့အလုပ်က ရေရှည်တည်မြဲတဲ့ အောင်မြင်မှု၊ တိုးတက်မှုကိုရရှိမယ်လို့ ယူဆမိပါ တယ်။ ဒါ့အပြင် အခြားဝန်ထမ်းတစ်ဦးကလည်း သတိကပ်မှုအားနည်းတဲ့အခါ လုပ်ငန်းခွင်မှာ အဆင် မပြေတာတွေရှိလာတဲ့အတွက် သတိတရားမြဲ အောင် ဘယ်လိုဆောင်ရွက်သင့်သလဲလို့ မေးမြန်းခဲ့ ပါတယ်။ သတိဆိုသည်မှာ လေ့ကျင့်မွေးမြူနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး သတိလက်လွတ်မဖြစ်စေဖို့ တည်ကြည်တဲ့သမာဓိကို ရယူတည်ဆောက်သင့်ပြီး သတိနဲ့တည်ကြည်မှု အပြန်အလှန် အမှီသဟဲပြု နိုင်တဲ့ အရည်အသွေးကို တရားသဘောနဲ့ယှဉ်ပြီး အသေးစိတ် ပြန်လည်ဆွေးနွေးသွားပါတယ်။ သတိ မြဲပါက ကိစ္စအများစုမှာ အဆင်ပြေအောင်မြင်နိုင်ပြီး မှတ်ဉာဏ်တွေလည်း တဖြည်းဖြည်းတိုးတက်လာနိုင်ကြောင်း ဆရာ့ရဲ့ ဆွေးနွေးမှုတွေကတစ်ဆင့် အသိပညာ၊ သတိတရားတို့ကို ရရှိခဲ့ပါတယ်။ 

အဓိကမွေးမြူထားရမည့် Internal Motivation

တကယ်တော့ ဆရာ့ရဲ့ဆွေးနွေးဟောပြောပွဲကို ခြုံငုံသုံးသပ်ရရင် အမှန်တကယ် အကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း နားလည်လိုက်ရပါ တယ်။ တက်ရောက်နားထောင်သူအားလုံးကလည်း စိတ်ဝင်စားမှုအပြည့်နဲ့ နားထောင်ကြတာတွေ့ရပါ တယ်။ 

လောကီနယ်ပယ်မှာ ဗုဒ္ဓရဲ့ ဓမ္မနဲ့ယှဉ်တဲ့ နေနည်းထိုင်နည်း စိတ်ထားနည်းတွေကတစ်ဆင့် မိမိစိတ်ဓာတ်ခွန်အားတွေ မြင့်မားအောင် ဘယ်လို ခံယူရမလဲဆိုတာ သိလိုက်ရပါပြီ။ Motivation သဘောတရားမှာ ပြင်ပအထောက်အပံ့ကိုမှီပြီး အားပေးမှု (External Motivation) ကိုအဓိကမမှီခိုဘဲ အမြဲတမ်းတည်မြဲနေမယ့်၊ အမြဲတမ်းအားကိုးလို့ ရမယ့် Internal Motivation ကိုသာ ကြိုးစား တည်ဆောက်ဖို့ မှာကြားသွားတာကို နည်းယူ မှတ်သားလိုက်မိပါပြီ။ တကယ်လည်း ယခုခေတ်လို အကျပ်အတည်းကာလတွေမှာ မိမိပိုင်ဆိုင်တဲ့ အတွင်းသန္တာန် စိတ်ဓာတ်ခွန်အားမြင့်မားနေခြင်း ကသာ ရေရှည်မှာ ခံနိုင်ရည်ရှိမှာဖြစ်ပြီး အရာရာ ပြေလည်မယ်လို့ထင်ပါတယ်။ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေဆိုတာ ယခုပစ္စုပ္ပန်တင်မက နောင် တစ်ချိန်မှာလည်း မမျှော်လင့်ဘဲ ရောက်ရှိလာနိုင် သေးတာပဲမဟုတ်ပါလား။ 

နိဂုံးချုပ်အပိုင်းမှာတော့ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော အများအတွက်ပါ အကျိုး ဖြစ်စေမယ့်အရာတွေကို ဆုတောင်းပေးလိုက်ပါ တယ်။ အတိတ်ရဲ့ အရိပ်ကထွက်ပြီး ဗုဒ္ဓရဲ့ အနှစ် သာရတွေကတစ်ဆင့် ကောင်းတဲ့စိတ်ထားတွေ တည်ဆောက်နိုင်ကြပါစေကြောင်း၊ ကောင်းတဲ့ စိတ်ထားတွေနဲ့ ကိုယ့်အပေါ်မှာရော ရုံးဌာနအဖွဲ့ အစည်း၊ နိုင်ငံအပေါ်မှာပါ မကောင်းတဲ့ ဖိစီးမှုတွေ၊ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်ကြပါစေကြောင်း၊ ဒီလိုဖြေရှင်းရာကတစ်ဆင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရယူပြီး စိတ်ဓာတ်ခွန်အားတွေ မြင့်သထက်မြင့်ကြပါစေကြောင်း၊ လူတော် လူကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ အနာဂတ် ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါစေကြောင်း၊ ကောင်းတဲ့စိတ်ထားတွေနဲ့အတူ ပတ်ဝန်းကျင် ကောင်းကို ဖန်တီးနိုင်သူတွေဖြစ်ကြပါစေ ကြောင်း၊ ဖိအားတွေအောက်မှာ ခံနိုင်ရည်ရှိသူတွေဖြစ်ကြ ပါစေကြောင်း၊ အတွေးမှန်၊ အလုပ်မှန်၊ အပြောမှန်၊ ဆုံးဖြတ်ချက်လည်း မှန်ကြပါစေကြောင်း၊ လက်ရှိ တဒင်္ဂကိုပဲမကြည့်ဘဲ အနာဂတ်ဘဝတစ်လျှောက် နဲ့ သံသရာအထိ ကြည့်နိုင်မြင်နိုင်ကြပါ စေကြောင်း၊ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြပါစေကြောင်း ဆုတောင်းစကားတွေကို  အားလုံးထပ်တူထပ်မျှ ရစေဖို့ရာ ဝေမျှလိုက်ရပါ တော့တယ်။    ။