ခန္ဓာကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ

၂၈  စက်တင်ဘာ

 

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓာကိုယ်အချိုးအစားတွေမတူကြသလို ဖြစ်ချင်တဲ့ ခန္ဓာကိုယ်ပန်းတိုင်တွေကလည်း မတူကြပါဘူး။

 

တချို့က ပိန်ချင်တယ်၊ ကြွက်သားတွေနဲ့ကျစ်လျစ်ချင်တယ်၊ တချို့ကျတော့လည်း လက်ရှိ ကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်၊ ယောကျာ်းလေးတွေဆိုရင် ကြွက်သားကြီးချင်တယ် စသဖြင့်ဖြစ်ချင်တာတွေအမျိုးမျိုးပေါ့။

 

ပန်းတိုင်မတူကြတဲ့အချိန်မှာ သူများလုပ်နေတဲ့လေ့ကျင့်ခန်းမျိုး စားနေတဲ့အစားအသောက်မျိုးကို ကိုယ်ကသေချာမသိဘဲ လိုက်လုပ်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။

 

လုပ်နေတဲ့ Diet တွေအောင်မြင်ဖို့ လေ့ကျင့်ခန်းတွေထိရောက်ဖို့အတွက် မိမိခန္ဓာကိုယ်က ဘယ်လိုပုံစံလဲဆိုတာသိဖို့ အရေးကြီးပါတယ်။

 

ခန္ဓာကိုယ်အချိုးအစားဟာ အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။

 

 

ပထမတစ်မျိုးကတော့ Ectomorph ပါ။

 

သူငယ်ချင်းတွေထဲမှာ ဘယ်လောက်စားစားမဝတဲ့သူမျိုး တွေ့ဖူးမှာပေါ့။ ဒီလိုအချိုးအစားပိုင်ရှင်တွေကို လူအများက အားကျကြသလို သူတို့ကိုယ်တိုင်ကလည်း ဝချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။

 

Ectomorph လေးတွေဟာ ပုခုံး၊ တင်ပါးတွေကျဉ်းပြီး ခြေတံလက်တံရှည်ပါတယ်။ အရိုးအဆစ်တွေဟာ သေးငယ်ပြီး ခန္ဓာကိုယ်အဆီပမာဏနည်းတဲ့သူတွေဖြစ်ကြပါတယ်။

 

ဟောလီးဝုဒ်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်၊ မင်းသား ဘရက်ပစ် နဲ့ မော်ဒယ် ကိတ်မော့စ် တို့ကို ectomorph ခန္ဓာကိုယ်အမျိုးအစားအဖြစ်ဥပမာ ပြလို့ရပါတယ်။

 

Ectomorph လေးတွေဘာစားသင့်လဲ။

 

ထမင်း၊ ပေါင်မုန့်စားတဲ့ ကစီဓာတ် (carbohydrates) အသားဓာတ် (protein) တွေကိုပိုစားသင့်ပါတယ်။ အဆီကိုတော့ ပိန်တယ်ဆိုပြီး အလွန်အကြူးမစားသင့်ပါ။ သွေးတွင်းအဆီ (Cholestrol) တက်လာနိုင်ပါတယ်။

 

ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်လဲ။

 

အဆီတက်ဖို့ခက်တဲ့ ခန္ဓာကိုယ်ဖြစ်သလို ကြွက်သားတက်ဖို့လည်း ခက်ခဲပါတယ်။

 

ဝိတ်တင်ချင်တဲ့သူဖြစ်ရင်တော့ အလေးများများကို အခေါက်ရေနည်းနည်းသာ မ ရပါမယ်။ ပြေးစက်ပေါ်မှာပြေးတာ၊ စက်ဘီးနင်းတာစတဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းတွေကိုတော့ လျှော့ကစားသင့်ပါတယ်။ တစ်ရက်ထဲမှာ အချိန်အကြာကြီး မဆော့မိဖို့လည်း သတိထားရပါမယ်။

 

Endomorph ကတော့ Ectomorph နဲ့လုံးဝပြောင်းပြန်ပါ။ အသက်ရှုလိုက်ရင်တောင် ဝိတ်တက်တယ်ဆိုတဲ့ သူမျိုးတွေပေါ့။

 

သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်က ဘေးကိုပြန့်ကားတယ် ခန္ဓာကိုယ်အောက်ပိုင်းမှာ အဆီပိုစုတတ်ပြီး လက်တံခြေတံတွေ တိုတိုတုတ်တုတ်ဖြစ်တတ်ပါတယ်။ အဆီပမာဏကလည်းများတတ်ပါတယ်။

 

ဒါကစိတ်ဓာတ်ကျစရာမဟုတ်ပါဘူး။ ကမ္ဘာကျော် ပေါ့ပ် ဘုရင်မ ဂျန်နီဖာလိုပက်ဇ်က Endomorph ခန္ဓာကိုယ်အမျိုးအစားဖြစ်ပါတယ်။ သူမဟာ အသက် ၅၀ ရောက်တဲ့အထိ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အစားအသောက်ထိန်းတဲ့အတွက် အများအားကျရတဲ့ အဆီကင်းတဲ့ ဂီတာရှိတ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပါတယ်။

 

Endomorph လေးတွေ ဘာစားမလဲ။

 

ကစီဓာတ်ကို တတ်နိုင်သလောက် ရှောင်ပြီး အသားဓာတ်များများပိုစားသင့်ပါတယ်။

 

ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်လဲ။

 

ခန္ဓာကိုယ်ရဲ့ အဆီပမာဏကို လျှော့ချဖို့အတွက် နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) ကိုအဓိကထားလုပ်သင့်ပါတယ်။ အဆီကျပြီး အသားကျစ်လျစ်ဖို့အတွက်လည်း အလေးမ အားကစားကို အလေးနည်းနည်းကို အခေါက်ရေများများနဲ့ ကစားသင့်ပါတယ်။ အဆီနေရာတွေမှာ ကြွက်သားတွေနဲ့ အစားထိုးဖို့ပါ။

 

နောက်ဆုံးအမျိုးအစား mesomorph ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံအကောင်းဆုံးလို့ ပြောလို့ရပါတယ် အားကစားသမား အများစုဟာ mesomorph ခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားသူတွေပါ ခါးနေရာမှာ သိမ်ပြီး ခြေတံလက်တံတွေဟာ ကြွက်သားတွေနဲ့ ကျစ်လျစ်နေတတ်ပါတယ် အဆီပါဝင်မှု ပမာဏနည်းပြီး ကြွက်သား အလွယ်တကူတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ကို ခန္ဓာကိုယ်မှာ ပါပြီးသားပါ။

 

မင်းသားကြီး အာနိုးနဲ့ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာတို့ ဆိုရင်လည်း mesomorph ခန္ဓာကိုယ် အမျိုးအစားပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

 

Mesomorph လေးတွေ ဘာတွေစားမလဲ။

 

အစာအုပ်စု သုံးအုပ်စုလုံး မျှတအောင်စားပေးရပါတယ်။ ခန္ဓာကိုယ်ဆက်ထိန်းထားဖို့ပါ။

 

ဘယ်လိုလေ့ကျင့်ခန်းလုပ်မလဲ။

 

နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) နဲ့ အလေးမ အားကစား (strength training) ကိုရောပြီးကစားရပါမယ် အလေးမတာကိုတော့ ကျစ်လျစ်ချင်တာလား ကြွက်သား ပိုကြီးချင်တာလား အပေါ်မူတည်ပြီး အလေး အတိုးအလျှော့လုပ်ပြီး ကစားနိုင်ပါတယ်။

 

ခန္ဓာကိုယ်တိုင်းက လှပပါတယ် (Each body is beautiful) ဆိုတဲ့ ဆောင်ပုဒ်ရှိသလို အမြင်လှဖို့ သက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက် အစားအသောက်ထိန်းတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပါတယ်။ Gym သွားပြီး လိုချင်တဲ့ ခန္ဓာကိုယ်ရမလာဘူး၊ အစားလျှော့တာပဲ မပိန်သွားဘူးဆိုတာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး နေထိုင်စားသောက်တတ်အောင် ဒီစာလေးကိုဝေမျှလိုက်ရပါတယ်။

 

ရေးသားသူ - Dr. Yee Mon Lwin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”