ချင်းပြည်နယ်နှင့်“ဝ”ဥ စီးပွားရေးကဏ္ဍ

နေပြည်တော် ၂၇ ဇူလိုင်

 

ချင်းပြည်နယ်သည် ပြည်ထောင်စုအတွင်း၌ ဖွံ့ ဖြိုးမှုနိမ့်ကျနေဆဲပြည်နယ်တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုတစ်ရပ်လုံး၏ ဖွံ့ ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာ၌ ချင်းပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးသည် မလွဲမသွေဖော်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ ချင်းပြည်နယ်၏ ဖွံ့ ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာ၌ ချင်းပြည်နယ်၏ ပထဝီအနေအထားအပါအဝင် ရာသီဥတုတို့နှင့်ကိုက်ညီသော စီးပွားရေးလုပ်ငန်းတို့ကိုဖော်ဆောင်ရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ချင်းပြည်နယ်၏ ဤအခြေခံလိုအပ်ချက်နှင့် အကျုံးဝင်သော ထွက်ကုန်တစ်ရပ်မှာ “ဝ” ဥ ခေါ် ဖျံဥ ဖြစ်ပါသည်။

 

ရှေးယခင်က သစ်တောများအတွင်း သဘာဝအလျောက်ပေါက်သော “ဝ” ဥ ခေါ် ဖျံဥတို့ကိုရှာဖွေရယူသော်လည်း ယခုအခါ “ဝ” ဥ ခေါ် ဖျံဥတို့ကိုချင်းပြည်နယ်၌ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်ပါသည်။ ၂၀ဝဝ ပြည့်နှစ်ဝန်းကျင်မှစ၍ “ဝ’’ ဥ ခေါ် ဖျံဥတို့ကို ချင်းပြည်နယ်၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်၌ K&Lကုမ္ပဏီသည် ချင်းတောင်သူတို့အား “ဝ”ဥအပြားလွှာလုပ်နည်းကို သင်ကြားပေး၍ ၎င်းတို့ထံမှ “ဝ” ဥ ဝယ်ယူမည့်စာချုပ်များကိုပါ ချုပ်ဆိုခဲ့ပါသည်။ သို့ဖြစ်ပါ၍ “ဝ” ဥ ခေါ် ဖျံဥသည် ချင်းပြည်သူတို့၏ လူမှု-စီးပွားရေးဘဝကို မြှင့်တင်ပေးမည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

 

“ဝ” ဥခေါ် ဖျံဥတို့ကို စိုက်ပျိုးရေးထွက်ကုန်သက်သက် တင်ပို့သည်ထက်တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်မည်ဆိုပါက ချင်းပြည်သူတို့၏ ဝင်ငွေအဆင့်အတန်းကို ပိုမိုမြင့်မားစေမည် ဖြစ်ပါသည်။ ဤအမျိုးသားရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ တစ်နေ့လျှင် “ဝ” ဥအစို တန် ၂၀ ကျမည့် အခြောက်ခံစက်ရုံကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အဆိုပါ ဝန်ကြီးဌာနအောက်ရှိ ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကလည်း “ဝ”ဥနှင့်ပတ်သက်သည့်အခြေခံအချက်အလက်များပါသော လက်ကမ်းစာစောင်တို့ကို ပုံနှိပ်ဖြန့်ဝေပေးပြီး ဖြစ်ပါသည်။ စက်မှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းလျက် ချင်းပြည်နယ် ဟားခါးမြို့ရှိ လုပ်ငန်းရှင် ၁၀ဝ တို့အား “ဝ”ဥဆိုင်ရာနည်းပညာတို့ကို ပံ့ပိုးကူညီပို့ချပေးခဲ့ပါသည်။ ထို့အပြင် “ဝ”ဥဆေးစက်၊ဖြတ်စက်၊ အခြောက်ခံစက် စသော “ဝ”ဥအခြေခံစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် သက်ဆိုင်သော ဗဟုသုတအချက်အလက်များအပါအဝင် “ဝ”ဥစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ နည်းပညာတို့အား ချင်းပြည်နယ်အနှံ့အပြားတွင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် UK Aid တို့က ပူးပေါင်းလျက်ပို့ချပေးခဲ့ပါသည်။ ချင်းပြည်နယ်၏ “ဝ”ဥစီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်၌ အဖွဲ့အစည်းပေါင်းစုံတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့်အနာဂတ်ကာလ၌ ချင်းပြည်နယ်တွင် “ဝ”ဥခေါက်ဆွဲထုတ်လုပ်နိုင်သည်အထိ ဖွံ့ ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း