ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဧပြီ ၅

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပ ပြုလုပ်သော အစည်းအဝေးသည် ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် မည်သည့်အချိန်ကာလတွင်မဆို အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး အမျိုးသားရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပြင် ဘက်စုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် မွေးမြူရေးလုပ်ငန်း၊ ကာကွယ်ကုသရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းများလည်း အကျုံးဝင်ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်က ချမှတ်ပေးခဲ့သော ရန်ပုံငွေများကို မြေပြင်တွင်အကျိုးရှိပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရုံးလုပ်ငန်း/တာဝန်များကို သိရှိနားလည်ပြီး မိမိတို့လက်အောက်ရှိ ဝန်ထမ်းများ၏ အချက်အလက်များနှင့် တာဝန်ထမ်းဆောင်မှု အခြေအနေအသေးစိတ်ကို သိရှိရန်လိုအပ်ပါကြောင်း။

ဆောင်ရွက်မည့်လုပ်ငန်းပမာဏကို ချင့်ချိန်၍ မရှိမဖြစ်လိုအပ်သည့် ဝန်ထမ်းအင်အား ဖြည့်တင်းခန့်ထားနိုင်ရေးကို အထက်အဆင့်ဆင့်သို့ တင်ပြရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ခွဲဝေချထားပေးခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန် အရင်းအနှီးရရှိစေပါသဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် မြေနေရာရရှိရေးကို သက်ဆိုင်ရာဌာန ဆိုင်ရာများက အဆင့်ဆင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မကြာမီအချိန်တွင် ကျင်းပပြုလုပ်မည့် MSME ပြပွဲတွင် ငါးမွေးတောင်သူများ သိသင့်သည့်အချက်များကို ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ  ကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းလိုအပ်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။  

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)