ဟားခါး ဇူလိုင် ၂၂

 

ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ချင်းပြည်နယ်လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကား ပြောကြားပြီး ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက နေပြည်တော်၌ ကျင်းပမည့် လူငယ်ရေးရာပွဲတော်သို့ ချင်းပြည်နယ်ကိုယ်စားပြုလူငယ်များသွားရောက်ရန် ဆောင်ရွက်ထားရှိမှုနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)