ချင်းတိုင်းရင်းသား ဖလမ်းမျိုးနွယ်စုများ

၂၀  သြဂုတ်

ချင်းတောင်တန်းဒေသများတွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားများ၏ လူနေမှုဘဝများနှင့် ဓလေ့ထုံးတမ်းများကို လေ့လာနိုင်ရန် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန်သင်တန်းသားအချို့နှင့်အတူ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အထိ တစ်မြို့ဝင်၊ တစ်မြို့ထွက် သွားရောက်ဖြစ်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ချင်းပြည်နယ်၏မြို့တော်ဟောင်း ဖလမ်းမြို့သို့လည်း ရောက်ရှိခဲ့သည်။ ဖလမ်းသည် ချင်းပြည်နယ်၏ ခရိုင်မြို့တစ်ခုဖြစ်၍ ဖလမ်းခရိုင်တွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့ ပါဝင်သည်။

ခရိုင်သုံးခု၊ မြို့နယ်ကိုးမြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်တွင် ချင်းလူမျိုးစု ၁၁ စုသည် မိမိတို့အစုအလိုက် နေထိုင်ကြကာ ယင်းတို့ကို ဖလမ်းမျိုးနွယ်စုများဟု ခေါ်ဆိုခဲ့ကြသည်။

သားသမီးများနားခိုရာ ဖလမ်း

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ လိုင်လွန်ရွာကို ထူထောင်ခဲ့သည့် ထွန်ခိုင်းသည် သားကြီး တိုင်ဆွန်းအား လက်ရှိ ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ရက်ကန်းကျောင်း၏အောက်ဘက်တွင် ရွာတစ်ရွာ ထူထောင်ပေးခဲ့ပြီး ယင်းရွာသည် တိုင်ဆွန်းကို အစွဲပြု၍ တာရွှန်းဟု အမည်တွင်ခဲ့သည်။ထို့ကြောင့် မူလဖလမ်းမြို့သည် တာရွှန်းကျေးရွာဖြစ်ပြီး ယင်းနေရာသည် တိုက်ပွဲများဖြစ်ပွားချိန်တွင် လုံခြုံမှုမရှိခြင်းကြောင့် ၁၈၈၉ ခုနှစ်တွင် တာရွှန်းရွာ၏ အရှေ့ဘက်ရှိ ယခု ဖလမ်းမြို့နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောက်ဆောင်ကမ်းပါးများနှင့် သစ်တောများရှိပြီး အောက်ဘက်၌ မဏိပူရမြစ် စီးဆင်းနေသည့် ယင်းနေရာတွင် တဲများထိုး၍ ရွာတည်ကာ Fa Hlam ဟု အမည်ပေးခဲ့သည်။ Fa သည် သားသမီးများ၊ Hlam သည် ခိုလှုံရာတဲဟု အဓိပ္ပာယ်ရှိသဖြင့် ဖလမ်းသည် “သားသမီးများခိုလှုံသည့်တ”ဟု အဓိပ္ပာယ်ရှိသည်။

ဖလမ်းမြို့သည် ချင်းပြည်နယ်၏မြို့တော် ဟားခါးမှ မြောက်ဘက်သို့ ၄၃ မိုင် ကွာဝေး၍ ဟားခါးမြို့နှင့် ကလေးမြို့တို့မှ ကားများ၊ ဆိုင်ကယ်များဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။ ဖလမ်းမြို့ကို တောင်စောင်းပေါ်တွင် တည်ထားသဖြင့် မြို့တွင်းလမ်းများမှာ ကျဉ်းမြောင်းကြသော်လည်း လှပသော တောင်ပေါ်ရှုခင်းများကို တွေ့မြင်ခံစားကြရသည်။ ထို့အတူ ချင်းပြည်နယ်ထွက် ဖလမ်းကော်ဖီကိုလည်း မြည်းစမ်းနိုင်ခဲ့ကြသည်။ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ရှိ အသည်းနှလုံးပုံ “ရိဒ်” ရေကန်သည် ချင်းပြည်နယ်၏ အမှတ်လက္ခဏာတစ်ရပ်အဖြစ် ထင်ရှားကာ ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လေ့ရှိ ကြသည်။

ဖလမ်းမြို့မှ ၆၂ ဒသမ ၅ မိုင်ကွာဝေးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် ရိခေါဒါရ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားသဖြင့် ရိခေါဒါရ်သည် စည်ကားဖွံ့ဖြိုးသော နယ်စပ်မြို့ ဖြစ်လာခဲ့သည်။ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံနယ်စပ်၌ ပေ ၁၉၀ ရှည်သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ၂၀ဝ၁ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အလွယ်တကူ သွားလာနိုင်ခဲ့ကြသည်။ဖလမ်းသည် ၁၉၆၇ ခုနှစ် မတ် ၂၇ ရက်အထိ ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်ခဲ့ကာ တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ၁၉၇၃ ခုနှစ်တွင် ဖလမ်းမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။ လက်ရှိအချိန်တွင် ဖလမ်းမြို့နယ်အတွင်း မြို့နှစ်မြို့ (ဖလမ်းနှင့် ရိခေါဒါရ်)၊ ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၈၆ အုပ်စု (ကျေးရွာ ၁၇၉ ရွာ) ပါဝင်လျက် ဖလမ်းမြို့နယ်၏ အရှေ့ဘက်တွင် ကလေးမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်နှင့် မြောက်ဘက်တွင် တီးတိန်မြို့နယ်တို့ တည်ရှိနေကြသည်။

ဖလမ်းမြို့နယ်သည် အရှေ့မှအနောက်သို့ မိုင် ၄၀၊ တောင်မှ မြောက်သို့ ၂၅ မိုင် ရှည်လျားကာ ၉၈၈ ဒသမ ၉၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၂၈၀ မြင့်သည့် ဖလမ်းမြို့နယ်၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅၀ မိနစ်နှင့် ၂၃ ဒီဂရီ ၂၀ မိနစ်အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၀ မိနစ်နှင့် ၉၄ ဒီဂရီ ၈၀ မိနစ်အကြား ဖြစ်သည်။ မဏိပူရမြစ်သည် ဖလမ်းမြို့နယ်၏ မြောက်ပိုင်းမှ စီးဆင်းလာကာ ဖလမ်းမြို့၏မြောက်ဘက်တွင် အရှေ့ဘက်သို့ကွေ့၍ မြစ်သာမြစ်အတွင်းသို့ စီးဝင်သွားသည်။ ဖလမ်းမြို့နယ်အတွင်း၌ ပေ ၃၀ဝ၀ မှ ပေ ၈၀ဝ၀ အကြား မြင့်မားသည့် တောင်စွယ်တောင်တန်းများရှိကာ ယင်းတို့ကြားတွင် မတ်စောက်သောချိုင့်ဝှမ်းများသည် အင်္ဂလိပ်အက္ခရာ (V)ပုံစံ တည်ရှိနေကြသည်

ဖလမ်းမြို့နယ်၏ အပူချိန်သည် အမြင့်ဆုံး ၃၂ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံး ၂ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ နှစ်စဉ် ပျမ်းမျှမိုးရွာရက် ၁၀ဝ ဝန်းကျင်ရှိကာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပျမ်းမျှမိုးရေချိန် ၄၂ ဒသမ ၃၁ လက်မ ရွာသွန်းခဲ့သည်။၂၀၁၇ ခုနှစ် ဧပြီ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ မြို့နယ်လူဦးရေ ၅၃၁၇၉ ဦးအနက် ချင်းလူမျိုးများက ၅၂၇၂၆ ဦး (၉၉ ဒသမ ၁၅ ရာခိုင်နှုန်း)ဖြစ်ကာ မြို့နယ်လူဦးရေ ၉၉ ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ မြို့နယ်အတွင်း၌ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၄၆၉ လုံးနှင့် ဗုဒ္ဓဘာသာစေတီပုထိုး ၁၇ ဆူ၊ ဘုန်းကြီး ကျောင်း ၁၁ ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်းနှင့် ဓမ္မာရုံ တစ်ရုံရှိကာ ဗုဒ ̈ဘာသာ ရဟန်း ၂၂ ပါး၊ သာမဏေ ၂၂ ပါး၊ သီလရှင် ၁၃ ပါး သီတင်းသုံးနေထိုင်ကြသည်။

ဖလမ်းမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံတစ်ခု၊ အထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်းခွဲ ကိုးကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ မူလတန်းကျောင်း ၁၅၆ ကျောင်း ဖွင့်လှစ်ကာ ဒေသခံကျောင်းသူကျောင်းသူများ၏ ပညာရေးကို ဖြည့်ဆည်း ပေးလျက်ရှိသကဲ့သို့ ခုတင် ၂၀ဝ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၅ ခု ဖွင့်လှစ်ကာ ဒေသနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပေသည်။

ဖလမ်းမျိုးနွယ်စုများ

ဖလမ်းမြို့နယ်အတွင်း အစဉ်အဆက် နေထိုင်ကြသည့် ချင်းမျိုးနွယ်စုများသည် သပေါင်း၊ ငေါန်၊ ဇန်နီယပ်၊ တာရွှန်း၊ ဇာဟောင်၊ လိုင်ဇိုး၊ ဆိမ်၊ ခွါရ်ဆိမ်၊ လဲန်သဲ၊ ဟွာလ်ငိုနှင့် လုံးဟော့တို့ ဖြစ်ကြသည်။ ယင်းတို့ကို လိုင်လွန်မှ ဆင်းသက်လာသည့် မျိုးနွယ်စုများနှင့် အခြားဒေသများမှ ဖလမ်းသို့ ပြောင်းရွှေ့လာသည့် မျိုးနွယ်စုများဟု ပိုင်းခြားနိုင်သည်။ လိုင်လွန်(Lailun)သည် ဖလမ်းမြို့မှ အနောက်ဘက် ငါးမိုင်အကွာတွင်ရှိသည့် ဆွန်တလာရွာအနီးတွင် တည်ရှိသည့် ဂူဖြစ်သည်။ ချင်းပြည်နယ် သုတေသန  စာတမ်းများအရ ၁၅ ရာစု အစောပိုင်းက ထွန်ခိုင်း(Thuan Khai) အပါအဝင် ညီအစ်ကိုသုံးဦး သို့မဟုတ် ငါးဦး လိုင်လွန်ဒေသသို့ ရောက်ရှိကာ ချင်းမျိုးနွယ်စုများ ပြန့်ပွားခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ လိုင်လွန်မှ ဆင်းသက်ခဲ့သည့် မျိုးနွယ်စုများသည် ဆိမ် (Sim)၊ လှောန်ကျဲအို ခေါ် လိုင်ဇိုး(Hlawn Ceu or Laizo)၊ ဇာဟောင်(Zahau)၊ တာရွှန်း(Tlaishun)၊ ဇန်နီယပ် (Zangiat)နှင့် ခွါရ်ဆိမ်(Khualsim)တို့ ဖြစ်ကြပြီး လိုင်လွန် ပြင်ပမှ ရောက်ရှိခဲ့သည့် ချင်းမျိုးနွယ်စုများသည် ငေါန် (Ngawn)၊ ဟွာလ်ငို(Hualngo)၊ လဲန်သဲ(Lente)၊ သပေါင်း(Tapong)နှင့် လုံးဟော့(Lunghawh)တို့ ဖြစ်ကြသည်။

ဆိမ်၊ လိုင်ဇိုးနှင့် ဇာဟောင်

ဆိမ်၊ လိုင်ဇိုးနှင့် ဇာဟောင် ချင်းမျိုးနွယ်စုများသည် အမည်များ ကွဲပြားနေသော်လည်း ပြောဆိုသည့် ဘာသာစကား၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများမှာ အတူတူပင်ဖြစ်ကြသဖြင့် မျိုးနွယ်တစ်စုတည်းဟု ဆိုနိုင်ပေသည်။ ဆိမ်ဟူသည့် ဝေါဟာရသည် “ပူအိုက်သောဒေသ”ဟု အဓိပ္ပာယ်ရှိကာ မိမိတို့ ဦးစွာအခြေချခဲ့သည့်အရပ်ကို အစွဲပြုလျက် ဆိမ်မျိုးနွယ်စုဟု အမည်တွင်ခဲ့သည်။ လိုင်လွန်သို့ ဦးဆုံးရောက်ရှိခဲ့သည့် ထွန်ခိုင်း၏ သားအကြီးဆုံး ဟရမ်းလုန်သည် သားသုံးယောက် ထွန်းကားခဲ့ရာ အကြီးဆုံးဖြစ်သည့် ဟအိုဟူလ်ကို ဆိမ်မျိုးနွယ်စု၏ ဖခင်ကြီးဟု ယူဆကြသည်။ ဟအိုဟူလ်သည် မဏိပူရမြစ် အထက်ပိုင်းတွင် ဆန်းခေါ်မွှန်ရွာကို တည်ထောင်အခြေချခဲ့သည်။ ဟအိုဟူလ်၏ သားအကြီးဆုံး ဆွန်တန်၏ သားကြီး ရွာငိုင်သည် ခွန်လီရွာကို တည်ခဲ့ပြီး သားစဉ်မြေးဆက်သည် ဖလမ်းမြို့နယ်အတွင်း မဏိပူရ မြစ်ဝှမ်းတစ်လျှောက်၌ ကျေးရွာများတည်ထောင် နေထိုင်ခဲ့ကြသည်။

လိုင်ဇိုးသည် လိုင်လွန်သို့ ဦးဆုံးရောက်ရှိခဲ့သည့် ထွန်ခိုင်း၏ ညီအငယ်ဆုံးမှ ဆင်းသက်ခဲ့သည့် မျိုးနွယ်စုဖြစ်သည်။ လှောန်ကျဲအိုသည် လိုင်ဇိုးရွာကို စတင်ထူထောင်ခဲ့သူ ဇာဟုပ်၏ သားအကြီးဆုံးဟု ယူဆမှုလည်း ရှိသည်။ လိုင်ဇိုးတို့သည် ဖလမ်းမြို့နယ် တောင်ဘက်ပိုင်းတွင် ကျေးရွာများထူထောင်ကာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြသည်။ ဇာဟောင်သည် ထွန်ခိုင်း၏ သားအကြီးဆုံး ဟရမ်းလုန်၏ သားဖြစ်ကာ လိုင်လွန်း၏ အနောက်ဘက်၊ တလာအိုဇောလ်တွင် အခြေချ၍ အင်အားကြီးမားလာခဲ့သည်။ ဇာဟောင် မျိုးဆက်များသည် တလာအိုဇောလ်မှ အနောက်မြောက်ဘက် နယ်မြေများအထိ ပျံ့နှံ့၍ ကျေးရွာများ ထူထောင်ခဲ့ကြရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ကလေးမြို့နယ်များအထိ ရောက်ရှိခဲ့ကြသည်။

တာရွှန်း၊ ဇန်နီယပ်နှင့် ခွါရ်ဆိမ်

တာရွှန်းကို ထွန်ခိုင်း၏ သားတစ်ဦးဟု ယူဆကြသည်။တာရွှန်းသည် လိုင်လွန်မှ ဆွန်ပီ(ယခု တာရွှန်းရွာဟောင်း)သို့ ပြောင်းရွှေ့၍ ရွာသစ်တည်ကာ အခြေချခဲ့သဖြင့် တာရွှန်းရွာဟု အမည်တွင်ခဲ့ပြီး ပေါက်ဖွားလာသည့် သားစဉ်မြေးဆက်ကို တာရွှန်းမျိုးနွယ်စုဟု ခေါ်ဆိုခဲ့ကြသည်။ တာရွှန်းတို့သည် တာရွှန်းစကားကို ပြောဆိုကြသကဲ့သို့ ဖလမ်းချင်းစကားကို လည်း ပြောဆိုကြသည်။

ထွန်ခိုင်း၏ညီဖြစ်သူ ဖိုးလုံသည် ဇန်နီယပ်မျိုးနွယ်စု၏ ဖခင်ကြီးဖြစ်၍ ဖိုးလုံ၏အဘိုးနှင့် ဖိုးလုံ၏ သားတစ်ဦးသည် ဇန်နီယပ်ဟု အမည်ရှိခဲ့သည်။ ထွန်ခိုင်း၊ ဖိုးလုံနှင့် ထွန်းကျော်တို့သည် နယ်သစ်ရှာရန် မြေပြန့် ကလေးဒေသမှ ချင်းတောင်တန်းသို့ တက်ရောက်ခဲ့စဉ်က ယခု ဖလမ်းမြို့နယ် လိုကြောမ်ရွာအနီးရှိ သီးဗန်းရေအိုင်သို့ ရောက်ရှိချိန်တွင် ဆီးဖြူသီးများ စားခဲ့ကြသည်။ ထို့နောက် ဖိုးလုံသည် စမ်းချောင်းမှရေကို သောက်ခဲ့ရာ ချိုမြိန်သောအရသာကို ခံစားရပြီး နှစ်သက်သဘောကျသဖြင့် ညီအစ်ကိုများနှင့် ဆက်မလိုက်တော့ဘဲ ယင်းနေရာတွင် နေရစ်ခဲ့သည်။

ဖိုးလုံ၏မျိုးဆက်များသည် လိုကြောမ်ရွာအနီး၌ပင် ရွာများတည်ထောင်ခဲ့ရာ ဖလမ်းမြို့နယ် မဏိပူရမြစ် အရှေ့ဘက်မှ ကလေးမြို့နယ်အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဇန်နီယပ်တို့သည် မိမိတို့ဒေသန္တရ ဘာသာစကား ကိုလည်း ပြောဆိုကြသည်။ ခွါရ်ဆိမ်တို့၏ ဖခင်ကြီးဖြစ်သူ ရာလ်ထန်းသည် ဖိုးလုံနှင့် ထွန်းကျော်တို့နှင့် ညီအစ်ကိုတော်စပ်ကာ မြေပြန့်မှ တောင်ပေါ်သို့တက်ခဲ့ကြစဉ် အနောက်တောင်ဘက်သို့ ရောက်ရှိ လာခဲ့သည်ဟု ယူဆကြသည်။ အချို့က ရာလ်ထန်း၏ ဖခင်နှင့်အဘိုးသည် ယခု စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မင်းကင်းနှင့် ဆားလင်းကြီးဒေသတစ်ဝိုက်တွင် ရွာတည်ထောင်၍ နေထိုင်ခဲ့ကြောင်း၊ ရာလ်ထန်းသည် ယင်းနေရာမှ တောင်ပေါ်သို့တက်ပြီး ဆိမ်ပီးကျေးရွာကို ထူထောင်ခဲ့ကြောင်း ယူဆ၍ လိုင်လွန်မျိုးနွယ်စုနှင့် မသက်ဆိုင်ဟု ဆိုကြသည်။ ဖလမ်းဒေသတွင်နေထိုင်သည့် ချင်းလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးများတွင် ခွါရ်ဆိမ်တို့သည် အစောဆုံးဖြစ်သည်ဟု ဖတ်ရှုရပေသည်

ငေါန်၊ ဟွာလ်ငို၊ လဲန်သဲ၊ သပေါင်းနှင့် လုံးဟော

ငေါန်တို့သည် တီးတိန်နယ်မှ တစ်စု၊ ကလေးနယ်ဘက်မှတစ်စု ဖလမ်းမြို့နယ်သို့ ရောက်လာခဲ့ကြသူများဖြစ်ပြီး ငေါန်မျိုးနွယ်စု၏ ဖခင်ကြီးကို ငဲ့ငါန်ဟု ယူဆကြသည်။ ဟွာလ်ငိုတို့သည် ချင်လုံမှတစ်ဆင့် ခမ်းတီး၊ ခမ်းပတ်၊ ကလေးနယ်များကို ဖြတ်ကျော်၍ ဖလမ်းမြို့၏ အနောက်ဘက် ၁၀ မိုင်အကွာရှိ ဇိုတလန်ရွာတွင် နေထိုင်ခဲ့ကြကာ ဇိုတလန်ရွာအမည်ကို အစွဲပြုလျက် ဟွာလ်ငိုတို့ကို မီးဇိုဟုလည်း ခေါ်ခဲ့ကြသည်။ ဟွာလ်ငိုတို့သည် မိမိတို့ ဒေသန္တရဘာသာစကားကို ပြောဆိုကြသကဲ့သို့ မိမိတို့စကားနှင့် ၅၀ ရာခိုင်နှုန်း တူညီသည့် ဖလမ်းချင်းစကားကိုလည်း ပြောဆိုကြသည်။ ဖလမ်းမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်အကွာရှိ လဲန်သဲကျေးရွာကို အစွဲပြုလျက် လူမျိုးစုအမည် လဲန်သဲဟု အမည်တွင်သော လူမျိုးစု၏ ဖခင်ကြီးသည် တွန်ပုန်းဖြစ်၍ ယခုအချိန်အထိ မျိုးဆက် ၁၅ ဆက်ရှိပြီဟု ဖလမ်းမျိုးနွယ်စု သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ လဲန်သဲတို့သည် မိမိတို့၏ သီးသန့်ဘာသာစကားကို သုံးစွဲကြသည်။

သပေါင်းအမည်ရှိ ချင်းတိုင်းရင်းသားကြီးမှ ဆင်းသက်ခဲ့သဖြင့် သပေါင်းမျိုးနွယ်စုဟု အမည်တွင်သည့် ချင်းတိုင်းရင်းသားများသည်လည်း ဖလမ်းဒေသသို့ အစောဆုံး ရောက်ရှိလာခဲ့သူများတွင် ပါဝင်ခဲ့သည်။ လုံးဟော့မျိုးနွယ်စုသည်လည်း မိမိတို့ဘိုးဘွားများ ဦးဆုံးနေထိုင်ခဲ့သည့် ရွာအမည်ကို အစွဲပြုလျက် ဖလမ်းမျိုးနွယ်စုများတွင် ပါဝင်ခဲ့ကာ ယခုအခါ အိန္ဒိယပြည် မီဇိုရမ်ပြည်နယ်နှင့် လုံးဟော့ကျေးရွာတို့တွင် အများဆုံး နေထိုင်ကြသည်။

ယနေ့ ဖလမ်းမျိုးနွယ်စုများ

ဖလမ်းမျိုးနွယ်စုများသည် တောင်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းတို့ဖြင့် အသက်မွေးခဲ့ကြသည်။ မျိုးရိုးစဉ်ဆက် နတ်ကိုးကွယ်မှုကို ယုံကြည်သက်ဝင် ကျင့်သုံးခဲ့ပြီး ၁၉၀ဝ ပြည့်နှစ် နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည်။ ယင်းတို့သည် ခေတ်ပညာ သင်ယူတတ်မြောက်မှုကို အားပေးခဲ့သဖြင့် ပညာတတ်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ များစွာထွက်ပေါ်ခဲ့သလို ပြည်ပနိုင်ငံများသို့ သွားရောက် အခြေချသူများလည်း ရှိခဲ့ပေသည်။

ဘာသာစကား အနည်းငယ်ကွဲပြားကာ မျိုးနွယ်စုများ ကွဲပြားခဲ့သော်လည်း ဖလမ်းမျိုးနွယ်စုများသည် ချင်းတိုင်းရင်းသားများပင် ဖြစ်ကြကာ ချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ခံကျင့်သုံးလျက် ရှိကြသည်။ တိုင်းရင်းသား လူမျိုးတစ်မျိုး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြားတိုင်းရင်းသားများက သိရှိနားလည်ခြင်းဖြင့် တိုင်းရင်းသားများကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်၍ ချင်းတိုင်းရင်းသား ဖလမ်းမျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားအသီးသီး၏ နောက်ခံသမိုင်းနှင့် ယဉ်ကျေးမှုထုံးတမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု ဖော်ထုတ်ကာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ ဖြစ်ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား(၁) တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(ချင်း)

(၂) ဖလမ်းမျိုးနွယ်စုများအကြောင်းစာတမ်း(ဦးဖွန်ကာရ်ထန်း)

(၃) ဖလမ်းမြို့နယ်ဆိုင်ရာ ဒေသအချက်အလက်များ