ချင်းတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင် ဗိုလ်ခိုင်ကမ်း နှင့် ဖွံ့ဖြိုးတိုးတက်လာသော ခိုင်ကမ်းမြို့

မင်းလပြည့်(ဟားခါး)

 

မြန်မာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ သော်လည်း တောင်တန်းဒေသတွင် နေထိုင်သော ချင်းတိုင်းရင်းသား များကား ခေါင်းငုံ့အညံ့ခံခဲ့သည်မဟုတ်ပေ။ ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သော ဗိုလ်ခိုင်ကမ်းသည် ခေါဆကျေးရွာ တိုက်သူကြီး ပူခုပ်ပေါင် နှင့် ပီကျိန်ညောင်တို့က အေဒီ ၁၈၆၄ ခုနှစ်တွင် တီးတိန်မြို့နယ် ခေါဆ ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ မွေးချင်း ၁၁ဦးထဲမှ ဒုတိယမြောက်သား ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ရာတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ အင်္ဂလိပ်တို့သည် ချင်း တောင်တန်းဒေသကို သိမ်းပိုက်ရန်အတွက် တီးတိန်မြို့နယ် ဖက်ယမ်းရွာတွင် အခြေပြုနေသည်။ ထိုစဉ် တီးတိန်နယ်မှ ဗိုလ်ခိုင်ကမ်း ဦးစီးသော ချင်းတိုင်းရင်းသား စိယင်လူမျိုးအင်အား ၁၂ဝဝ၊ ဦးခေါ်ကျင့်တီးတိန်အင်အား ၄ဝဝ၊ မွှာဘင်းရွာမှ အင်အား ၃ဝ၊ စုစုပေါင်း ၁၆၃ဝ တို့သည် ခိုဆတ်ရွာ၌ စုစည်းခဲ့ကြသည်။ ထိုနေ့၌ နယ်ချဲ့ကို စုပေါင်းတွန်းလှန်တိုက်ခိုက်ကြရန် ကတိစာချုပ်ပွဲ ပြုလုပ် သည်။ ဖက်ယမ်းရွာသို့ ရောက်ရှိနေသည့် အင်္ဂလိပ်တပ် အမှတ်(၃) ခံတပ် စီးနင်းတိုက်ခိုက်ရေးအတွက် စစ်ကြောင်း(၁) တပ်မှူး တီးတိန် ဦးခေါ်ကျင့် (ကမ်းဟောက်)၊ အင်အား ၄ဝဝ၊ စစ်ကြောင်း(၂) စစ်သူကြီး စိယင်ဗိုလ်ခိုင်ကမ်းဦးစီး စိယင်အင်အား ၆ဝဝ၊ စစ်ကြောင်း (၃) စိယင်တပ်မှူး ဗိုလ်ထွန်းဇံဦးစီးအင်အား ၃၈ဝ ဖြင့် ဖွဲ့စည်းခဲ့သည်။

 

စစ်ကြောင်း(၁)က ဖက်ယမ်းတောင်၏ ဘယ်ဘက်တောင်ကြော ၌ လည်းကောင်း၊ စစ်ကြောင်း(၂)က အလယ်စစ်ကြောင်း၊ စစ်ကြောင်း (၃)က ယာဘက်တောင်ကြောမှ တက်ရောက်ရန်နှင့် ကျန်အင်အား ၆၃ဝ ကို မျိုးနွယ်စုအလိုက် တပ်မှူးများကွပ်ကဲ၍ နောက်ခံတပ်အဖြစ် ခိုဆတ်ရွာ၌ တပ်စွဲစေခဲ့သည်။

 

၁၈၈၉ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် အင်္ဂလိပ်ခံတပ်သို့ စစ်ကြောင်းသုံးကြောင်းသည် သတ်မှတ်လမ်းကြောင်းအတိုင်း တိတ်တဆိတ်ချီတက်လာသည်။ ချင်းမျိုးချစ်တပ်များသည် ''လေဆင်း ခွါလ်ပီး''ခေါ် မြေနီတောင်အရောက် အင်္ဂလိပ်နှင့်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားသည်။ ထိုနေ့၌ အင်္ဂလိပ်တပ်ကို ဖီးမာရှယ် ဂျော့ချ်ဝှိုက် လက်အောက်ခံတပ် ဂေါ်ရခါးတပ်ရင်း အမှတ်(၄၂)တပ်မှူး ဒုဗိုလ်မှူးကြီး စကင်း ဦးစီးသည်။ ချင်းမျိုးချစ်တို့၏ လက်နက်မှာ ဒူးလေး၊ လှံတိုလှံရှည်၊ ဓားတို၊ ဓားရှည်များသာဖြစ်သည်။ ရင်ဆိုင်တိုက်ပွဲ စသည်နှင့် အင်္ဂလိပ်က အမြောက်နှင့်ပစ်ခွင်း၍ ရိုင်ဖယ်သေနတ်ဖြင့် တရစပ်ပစ်ခတ်သည်ကို မမှုဘဲ ဗိုလ်ခိုင်ကမ်းတို့က တိုက်ခိုက်ခဲ့သည်။

 

တစ်ကျွန်းပေးခံရ

 

ဗိုလ်ခိုင်ကမ်းသည် အင်္ဂလိပ်တို့အား (၁၈၈၈ ခုနှစ်မှ ၁၈၉၄ ခုနှစ်အတွင်း) နယ်ချဲ့တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဗိုလ်ခိုင်ကမ်းကို နယ်ချဲ့အင်္ဂလိပ်တို့က ၁၈၉၄ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးကာ ကပ္ပလီကျွန်းသို့ တစ်သက်တစ်ကျွန်းပေးခံနေရသည်။ ကျွန်းပို့ခံရသည့် ၁၆ နှစ်ပြည့် သည့် ၁၉၁ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ညီအစ်ကို ငါးဦး၏ ဝန်ခံချုပ်ဖြင့် ပြန်လွတ်လာကာဌာနေသို့ ပြန်ရောက်လာသည်။ ဗိုလ်ခိုင်ကမ်းသည် သူ့အသက် ၇၃ နှစ်ပြည့် ၁၉၁၉ ခုနှစ် စက်တင် ဘာလ ၁၅ရက်နေ့တွင် ခေါဆကျေးရွာတွင် ကွယ်လွန်ခဲ့သည်။ ယခု အခါ ဗိုလ်ခိုင်ကမ်းအား ဂုဏ်ပြုသောအားဖြင့် ခိုင်ကမ်းကျေးရွာအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာန၏ ၁၁.၂.၂ဝ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄ဝဝ/ ၂ဝ၁၆)ဖြင့် မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

 

ခိုင်ကမ်းမြို့သည် ချင်းပြည်နယ် တီးတိန်မြို့၊ ကလေးမြို့နှင့် (၉)မိုင်အကွာ၊ ကလေး-ဖလမ်း-ဟားခါး ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိပြီး ယခင်က ထေးဇန်ကျေးရွာအုပ်စု၌ ပါဝင်သည်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၉၅ဝ ကျော်မြင့်မားပြီး အရှေ့မှ အနောက်သို့ ၁ ဒသမ ၄ မိုင် ၊ တောင်မှ မြောက်သို့ ၁ ဒသမ ၇၁ မိုင်ရှည်လျားသည်။ ခိုင်ကမ်းမြို့တွင် အိမ်ခြေ ၆၄၇ အိမ်၊ အိမ်ထောင်စု ၅၂၄စု၊ ကျား/မ ဦးရေ ၃၃၃၄ ဦးရှိသည်။ ခိုင်ကမ်းမြို့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးလှမျိုး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး၊ နယ်မြေရဲစခန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ စည်ပင်သာယာရေးရုံး၊ လူမှု ဝန်ထမ်းဦးစီးဌာနရုံး၊ ကျန်းမာရေးဦးစီးဌာနရုံး၊ လမ်းဦးစီးဌာနရုံး၊ နေရဉ္စရာလူငယ်သင်တန်းကျောင်းအပါအဝင် ၁၂ ရုံးတည်ရှိသည်။

 

ခိုင်ကမ်းမြို့တွင် ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်အတွင်း ဆည်ကြီးချောင်းရေ မြစ်ရေတိုက်စားမှု ကြောင့် နေအိမ်များပြောင်းရွှေ့ ချထားရသည့် သဘာဝ ဘေးအ္တရာယ်များဖြစ်ပွားခဲ့ရသည်။ ချင်းပြည်နယ် အစိုးရအဖွဲ့မှ ခိုင်ကမ်းမြို့ ရေဘေးကာကွယ်ရေးအတွက် ရေကာမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ချင်းပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ရာ ၂၅-၇-၂ဝ၁၈ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ခိုင်ကမ်းမြို့တွင် အထက်တန်း တစ်ကျောင်း၊ ကျောင်းသားဦးရေ ၇၄ဝ ရှိပြီး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံးဖွင့်လှစ်ရန် မြေနေရာလျာထားရှိပြီး ဖြစ်ပါသည်။ ရဲစခန်းဝန်ထမ်းအိမ်ရာRC နှစ်ထပ် ဆောက်လုပ်လျက်ရှိကြောင်း သိရပါသည်။ ၂၄ ခန်း ရှိသော ခိုင်ကမ်းစည်ပင်သာယာရေးဈေးအား ဖွင့်လှစ်ရန် ဆောက်လုပ်ပြီးဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ခိုင်ကမ်းမြို့နှင့် ပိန်းသီကျေးရွာ အကြား ၁ဝမိုင်အနက် ၂မိုင်အား၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တွင် နယ်စပ်ဒေသတိုင်းရင်းသား ရန်ပုံငွေ သန်း ၅၇ ဖြင့် ၁၂ ပေ အကျယ်၊ ဒု နှစ်လက်မရှိသော ကွန်ကရစ်လမ်းအား ဖောက်လုပ်ပေးလျက်ရှိပါသည်။ ခိုင်ကမ်းမြို့ အမှတ်(၁) ရပ်ကွက်တွင်ရှိသော မြို့မဘောလုံးကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းအား $သန်း ၃ဝ ဖြင့် ဆောက်လုပ်ပြီးဖြစ်ပါသည်။၄င်းအပြင် မီးသတ်စခန်းအား ၂ဝ၁၈ -၂ဝ၁၉ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၇၁ ဒသမ ၇၈ သန်းဖြင့် စတင်ဆောက်လုပ် လျက်ရှိပါသည်။

 

ခိုင်ကမ်းမြို့တွင် ကျောက်တစ်လုံးအပန်းဖြေစခန်းရှိပြီး ရေဆော့ကစားသူများနှင့် လာရောက်အပန်းဖြေသူ များပြားလာပါသည်။ ခိုင်ကမ်းမြို့နှင့် ၉ မိုင်ခန့်အကွာတွင် ပိန်းပိကြိုးတံတားအနီး၌ ကနေဒီဆင်စခန်းတစ်ခု တည်ရှိကာ ဆင်စခန်းတွင် ဆင်ခုနစ်ကောင်ရှိပြီး ဆင်စီးခ တစ်ဦးလျှင် ၅ဝဝဝနှုန်းဖြင့် လာရောက်လေ့လာသူများ များပြားလှကြောင်း သိရပါသည်။

 

ခိုင်ကမ်းမြို့သည် နယ်ချဲ့ကို တော်လှန်ခဲ့သော ဗိုလ်ခိုင်ကမ်းအား ဂုဏ်ပြုတည်ဆောက်ထားသော မြို့ဖြစ် ခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် လမ်းပန်းဆက်သွယ်ရေးနီးစပ်ခြင်း၊ ပြည်သူများ စည်းလုံးညီညွတ်ခြင်းတို့ကြောင့် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမည့် မြို့တစ်ခုဖြစ်မည်မှာ အမှန်ပင်ဖြစ်ပေ သည်။ နိုင်ငံတော်အစိုးရမှ ခိုင်ကမ်းမြို့အား ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသားလူငယ်များက ဝမ်းမြောက်ပီတိဖြစ်လျက် ရှိ နေကြပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။