နေပြည်တော် မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အဝင်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR အမျိုးအစား ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK အမျိုးအစားယာဉ်တို့အား ရှာဖွေစစ်ဆေးရာ ယာဉ်များပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကိုလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ) ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ကို စစ်ဆေးရာ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကို လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ)အား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဖမ်းဆီးရမိဘိန်းဖြူများကို ကလေးမြို့၌ လက်ခံမည့်သူဖြစ်သည့် ညွန့်တင်အား မွန်းလွဲ ၁ နာရီခန့် တွင် ကလေးမြို့အဝင်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နိုင်ဝင်း (ခ)ရုပ်ဆိုးအား ညနေ ၆ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်-အောင်လံ သွားကားလမ်း တီတွတ်ကျေးရွာအနီး၌ TOYOTA HILUX ယာဉ်တစ်စီးနှင့်အတူ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများအရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်းကို ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကတိုးကျေးရွာရှိ နေအိမ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်၌ ရပ်တန့်ထားသည့် NISSAN CONDOR ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား လေးသန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ခြောက်ဘီလီယံခန့်)ကို ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ခန့်မှန်းငွေကျပ် ၉ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွ ဆေးပြား လေးသန်းတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံ များကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်