ချန်ပီယံအသင်း အဆုံးအဖြတ်ပေးမည့် ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်

၁၄ ဖေဖော်ဝါရီ

 

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ဖေဖော်ဝါရီ ၁၅ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့်ပွဲ ပါဝင်နေသည်။ ချန်ပီယံဆုအတွက် VUC နှင့် MIU အသင်းတို့ ရမှတ်တူဖြင့် အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ဖြစ်နေသည်။

 

ပွဲစဉ် (၂၂) အဖြစ် နံနက် ၇ နာရီခွဲတွင် Winner အသင်းနှင့် Dream Team  အသင်း၊ နံနက် ၉ နာရီတွင် လက်ဝဲသုန္ဒရအသင်းနှင့် Do Do Ko Ko  အသင်း၊ နံနက် ၁၀ နာရီခွဲ တွင် GV အသင်းနှင့် ဖူဆယ်ချစ်သူအသင်း၊ မွန်းတည့် ၁၂ နာရီတွင် AMM Brothers အသင်းနှင့် On Doctor အသင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် မြို့မ JY အသင်းနှင့် MFF ယူ- ၁၉ အသင်း၊ ညနေ ၃ နာရီတွင် VUC အသင်း နှင့် MIU အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ပွဲစဉ် (၂၁) အပြီးတွင် VUC နှင့် MIU အသင်းတို့နောက်၌ GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၆ မှတ်၊ Winner အသင်းနှင့်  မြို့မ JY အသင်းတို့က ရမှတ် ၃၀ စီ၊  MFF ယူ-၁၉ အသင်းက ၂၈ မှတ်၊ Do Do Ko Ko အသင်းက ၂၆ မှတ်၊ Dream Team က ၂၂ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ခုနစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်ရရှိထားသည်။ ချန်ပီယံဆု အတွက် ၆၁ မှတ်စီရထားသည့် VUC နှင့် MIU အသင်းတို့ အပြိုင်ဖြစ်နေပြီး ပထမအကျော့ အဝေးကွင်းတွင် နှစ်ဂိုးသွင်းပြီး သရေကျထားသည့်အပြင် ဂိုးကွာခြားချက်တွင် အသာရထားသည့် VUC အသင်းက အနည်းငယ်အသာရနေသည်။

 

ပြိုင်ပွဲစည်းမျဉ်းအရ ရမှတ်တူပါက နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ လက်ရှိချန်ပီယံ MIU အသင်းသည် အနိုင်ကစားရန်လိုအပ်နေသလို သရေပါကလည်း သုံးဂိုးနှင့် အထက် သရေကျမှသာ ချန်ပီယံဆုကာကွယ် နိုင်မည်ဖြစ်သည်။ VUC အသင်းသည် တစ်ဂိုးစီသရေကျပါက ချန်ပီယံဆုရယူနိုင်မည်ဖြစ်ပြီး နှစ်ဂိုးစီသရေကျလျှင်မူ ဂိုးကွာခြားချက်အသာဖြင့် ဗိုလ်စွဲမည်ဖြစ်သည်။

 

VUC နှင့် MIU အသင်းတို့ ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၂ သင်းစလုံးကို ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်သည်။ ပထမဆု ကျပ်သိန်း ၁၀ဝ၊ ဒုတိယဆု ကျပ် ၇၅ သိန်း၊ တတိယဆု ကျပ် သိန်း ၆၀၊ စတုတ္ထဆု ကျပ်သိန်း၄၀၊ ပဉ္စမဆု ကျပ် ၂၅ သိန်း၊ အဆင့် ၆၊ ၇ အသင်းကို ကျပ် သိန်း၂၀စီ၊ အဆင့် ၈ အသင်းကို ကျပ် ၁၅ သိန်း၊ အဆင့် ၉ အသင်းကို ကျပ် ၁၀ သိန်းနှင့် ကျန်သုံးသင်းကို ကျပ်ငါးသိန်းစီချီးမြှင့်မည် ဖြစ်သည်။

 

ထို့ပြင် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုလည်း ချီးမြှင့်မည်ဖြစ်သည်။ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU (ယခင် MIC) အသင်းက သုံးကြိမ်၊ ACE အသင်းက နှစ်ကြိမ်၊ PU အသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

ရဲရင့်ရှိုင်း