ချန်ပီယံဆုအတွက် သုံးသင်းအပြိုင်ဖြစ်နေသည့် MNL ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် စက်တင်ဘာ ၁၅ ရက် ကျင်းပမည်

၁၃ စက်တင်ဘာ


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် တစ်ပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းဇုန်အတွက် သုံးသင်းအပြိုင်ဖြစ်နေကာ နောက်ဆုံးပွဲမှ အဖြေထွက်ပေးမည်ဖြစ်သည်။ ပွဲစဉ် (၂၁) အပြီးတွင် နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် ပြိုင်ပွဲကို သုံးပတ်ကြာရပ်နားခဲ့ပြီး နောက်ဆုံးရက်သတ္တပတ် ဖြစ်သည့် ပွဲစဉ် (၂၂)ကို စက်တင်ဘာ ၁၅ ရက်တွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ရှမ်းယူနိုက်တက်၊ ဧရာဝတီနှင့် ရန်ကုန်အသင်းသည် နောက်ဆုံးပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး တန်းဆင်းဇုန်အတွက် အပြိုင်ဖြစ်နေသည့် အသင်းများအနက် Southern နှင့် ဒဂုံအသင်းသည် ထိပ်တိုက်တွေ့ဆုံနေပြီး Chinland အသင်းမှာမူ အဝေးကွင်းကစားရမည် ဖြစ်သည်။ 


ပွဲစဉ် (၂၁) အပြီးတွင် ဇွဲကပင်အသင်းသည် အဝေးကွင်း၌ ရတနာပုံကိုအနိုင်ယူပြီး တန်းဆင်းဇုန်မှ လွတ်မြောက်သွားရန် သုံးသင်းသာ အပြိုင်လုရမည့် အနေအထားဖြစ်သွားခဲ့သည်။ ပွဲစဉ် (၂၁)အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၄၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၄၁ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၄၀၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ ဇွဲကပင်အသင်းက ၂၁ မှတ်၊ Southern အသင်းက ရမှတ် ၂၀၊  ဒဂုံနှင့် Chinland အသင်းတို့က ၁၇ မှတ်စီရထားသည်။ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) အဖြစ် စက်တင်ဘာ ၁၅ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် မကွေးအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ဒဂုံအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ဟံသာဝတီအသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
                              

နှစ်မှတ်အသာရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နိုင်ပွဲရယူနိုင်ရုံဖြင့် ချန်ပီယံဆုရမည်ဖြစ်ပြီး ဧရာဝတီအသင်းမှာမူ နိုင်ပွဲရရန် လိုအပ်သည့်အပြင် ရှမ်းအသင်း ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်းမှာမူ ရှမ်းနှင့် ဧရာဝတီ နှစ်သင်းစလုံး ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်ရာ ယင်းသုံးသင်းတွင် အခွင့်အရေး အနည်းဆုံးဖြစ်နေသည်။ တန်းဆင်းဇုန်တွင်မူ Southern နှင့် ဒဂုံအသင်း တွေ့ဆုံနေရာ ဒဂုံအသင်းအနေဖြင့် အနိုင်ရမှ မျှော်လင့်နိုင်မည်ဖြစ်ပြီး Southern အသင်းသာ အနိမ့်ဆုံး သရေကစားနိုင်ပါက တန်းဆင်းဇုန်မှ လွတ်မြောက်မည်ဖြစ်သည်။ ထို့ကြောင့် သုံးမှတ်အသာရထားသည့် Southern အသင်းက တန်းဆင်းဇုန်မှလွတ်ရန် အခွင့်အရေး အကောင်းဆုံးဖြစ်နေပြီး ဒဂုံနှင့် Chinland အသင်းမှာ အခွင့်အရေးနည်းနေသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်