ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ကြသည့် စပါးနှင့် မန်စီးတီး

mdn

၂၃ အောက်တိုဘာ

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်များကို အင်္ဂါနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အင်္ဂလန်ကလပ် အသင်းများဖြစ်ကြသည့် စပါးအသင်းနှင့် မန်စီးတီးအသင်းတို့မှာ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြသည်။

စပါးအသင်းနှင့် ဇဗက်ဒါအသင်းပွဲစဉ်တွင် စပါးအသင်းမှာ ဧည့်သည် ဇဗက်ဒါအသင်းကို ငါးဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။ စပါးအသင်းအတွက် ဂိုးတွေကို ပွဲချိန် (၉)မိနစ်နှင့် (၇၂)မိနစ်မှာ ဟာရီကိန်း၊ ပွဲချိန် (၁၆)မိနစ်နှင့် (၄၄)မိနစ်မှာ ဆွန်ဟောင်မင်က နှစ်ဂိုး၊ ပွဲချိန် (၅၇)မိနစ်မှာ လာမယ်လာက တစ်ဂိုးသွင်းယူပေးခဲ့သည်။ ယခုနိုင်ပွဲမှာ စပါးအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။

 

အခြားပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် အတ္တလန်တာအသင်းတို့၏ ပွဲစဉ်မှာလည်း မန်စီးတီးအသင်းက ငါးဂိုး - တစ်ဂိုးဖြင့် အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ အတ္တလန်တာအသင်းမှာ ပွဲချိန် (၂၈)မိနစ်မှာ ပယ်နယ်တီ ရရှိခဲ့ပြီး ယင်းဂိုးကို မီလင်နော့ဗ်စကီးက သွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ပေးလိုက်ရပြီးနောက်မှာ မန်စီးတီးဟာ အတ္တလန်တာအသင်းကို တစ်ဖက်သတ်နီးပါး ဖိကစားပြီး ပထမပိုင်းမှာပင် အဂွဲရိုး၏ ပွဲချိန် ၃၄ မိနစ်နှင့် ၃၈ မိနစ်တွင် (ပယ်နယ်တီ)ကနေ သွင်းယူခဲ့သည့် သွင်းဂိုး (၂)ဂိုးဖြင့် ပထမပိုင်းတွင် (၂-၁)ဂိုးနှင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းမှာ မန်စီးတီးက ပွဲချိန်ပြည့်အထိ ဖိအားပေးကစားခဲ့ပြီး ပွဲချိန် (၅၈)၊ (၆၄)နှင့် (၆၉) မိနစ်တွေမှာ စတာလင်က ဟက်ထရစ်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာ မန်စီးတီးတအသင်းက (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့သည်။

 

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များ ရလဒ်

 

ရှက်တာဒိုးနက် ၂ - ၂ ဒိုင်နမိုဇာဂရက်
အက်သလက်တီကို ၁ - ၀ လေဗာကူဆင်
ကလပ်ဘရုဂေး ဝ - ၅ PSG
ဂါလာတာစာရေး ဝ - ၁ ရီးယဲလ်မက်ဒရစ်
စပါး ၅ - ၀ ဇဗက်ဒါ
အိုလံပီယာကော့စ် ၂ - ၃ ဘိုင်ယန်မြူးနစ်
မန်စီးတီး ၅ - ၁ အတ္တလန်တာ
ဂျူဗင်တပ်စ် ၂ - ၁ လိုကိုမိုးတစ်မော်စကို

 

MDN

 

mdn