ခါးပြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ပြန်လည်တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်

ဝိုင်းမော် ၂၉  မေ            


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သခင်စစ်ကုမ္ပဏီမှ သံကျောက်တင် မော်တော်ယာဉ် မောင်းနှင်မှုကြောင့် ခါးဖြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ တံတားကြီးဖွင့်လှစ်ခြင်းအခမ်းအနားကို မေ၂၈ ရက် နံနက် ၁၀နာရီခွဲက တံတားထိပ်တွင် ကျင်းပပြုလုပ်ရာ ဆဒုံးမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးမျိုးမြင့်နိုင်၊ ထိန်းချုံး-မြစ်ကြီးနားလမ်းအပိုင်း လုပ်ငန်းတာဝန်ခံ မစ္စတာယိန်းခေါဟိန်နှင့် လမ်းစစ်ဆေးရေးပညာရှင် မစ္စတာ လီကွန်မင်တို့သုံးဦးက တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ တံတားမှာ အရှည်ပေ(၅၀)အကျယ်(၂၄)ပေနှင့် ခန်နိုင်ဝန် တန်(၅၀)ရှိကာ ၂၀၁၉ ခုနှစ် မတ် ၁ ရက်မှ စတင်၍ ထန်မင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကာ ဝိုင်းမော်-ဆဒုံးသွား ကားလမ်းရှိ မိုင်တိုင်အမှတ် (၃၁)နှင့်(၃၂)အကြားတွင် တည်ရှိကာ မိုးရာသီမတိုင်မီ အချိန်မီတည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် မြန်မာနှင့် တရုတ်နိုင်ငံအကြား ကုန်စည်သယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျင်မြန်စေသည့် လမ်းအစိတ်အပိုင်း တစ်ခုဖြစ်သည့်အပြင် အရေးပါသည့် တံတားတစ်စင်းလည်းဖြစ်ကြောင်း သတင်းရရှိသည်။


မိုဃ်းကျ(မြစ်ကြီးနား)

 

1