ခရစ္စမတ်ကို မဖျက်ဆီးကြရန် ပင်စင်အရေးသပိတ်မှောက်သူများကို ပြင်သစ်သမ္မတ တောင်းဆို

ပါရီ  ၂၃ ဒီဇင်ဘာ

 

ခရစ္စမတ်ပိတ်ရက်များတွင် ခရီးသွားလာကြမည့် ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေးအတွက် သပိတ်မှောက်ပွဲများကို ရပ်ဆိုင်းပေးရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သယ်ယူပို့ဆောင်ရေး သမဂ္ဂကို တောင်းဆိုခဲ့သည်။ အိုင်ဗရီကို့စ်သို့ ခရီးထွက်နေစဉ်အတွင်း မိသားစုများနှင့် မိသားစုဘဝကို ဆန္ဒပြသူများ လေးစားသင့်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်ကပြောကြားခဲ့သည်။

 

ပင်စင်စနစ် ပြုပြင်ပြောင်းလဲရန် စီစဉ်နေမှုအပေါ် နှစ်ပတ်အကြာ ဆန္ဒပြပွဲများပေါ်ပေါက်ပြီး ပြင်သစ်နိုင်ငံ တစ်လွှား နှောင့်ယှက်ဖျက်ဆီးမှုများ ပျံ့နှံ့လာခဲ့သည်။ သပိတ်မှောက်မှုများကြောင့် ခရစ္စမတ် ကာလအတွင်း ခရီးသွားလာမှုအတွက် များစွာအနှောင့်အယှက် ဖြစ်နိုင်ကြောင်း မီးရထား အော်ပရေတာ ဖြစ်သည့် SNCE က ပြောသည်။ ပုံမှန်ပြေးဆွဲနေသည့် အမြန်ရထားများပြေး ဆွဲမှု၏ထက်ဝက်ခန့်မှာ စနေနေ့တွင် ပြေးဆွဲကြပြီး ပါရီမြို့တွင်မူ မြေအောက်မီးရထားလိုင်းပြေးဆွဲမှု ထက်ဝက်ခန့်မှာ ပိတ်ထားရသည်။

 

ပြင်သစ်နိုင်ငံသားအများစုသည် ခရစ္စမတ် အားလပ် ၂ ရက်တွင် မိသားစု သူငယ်ချင်းများနှင့်တွေ့ဆုံရန် ခရီးသွား လိုကြသော်လည်း မီးရထားပြေးဆွဲမှု ရပ်တန့်ထားခြင်း၊ လမ်းများပိတ်ဆို့ထားခြင်းတို့ကြောင့် ၎င်းတို့ကိုယ်တိုင် သောင်တင်နေသည့် အနေအထားသို့ ကျရောက်နေသည်။ လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍လည်း ဖျက်သိမ်းထားသည်။ ပြင်သစ်သမ္မတနှင့် အိုင်ဗရီကို့စ်သမ္မတ အက်လက်စိန်း အော့ထရာတို့ တွေ့ဆုံစဉ် ပြင်သစ်သမ္မတက သပိတ်မှောက် ကြသူများအနေဖြင့် တာဝန်ယူခြင်း သဘောကို ကောင်းစွာလက်ခံယုံကြည်သင့်ကြောင်း ပြောဆိုခဲ့သည်။

 

သပိတ်မှောက်ခြင်းသည် တရားဥပဒေအရ လက်ခံနိုင်ပြီး ဖွဲ့စည်းပုံဥပဒေအရ အကာအကွယ် ပေးထား သော်လည်း မိသားစုများနှင့်မိသားစုဘဝများကို လေးစားပေးသင့်သည်ဟု သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။

 

ဘီဘီစီ