ခရီးသွားအလုပ်အကိုင်ဖော်ဆောင်တိုးမြှင့် ကမ္ဘာ့အဆင့်

မောင်မြန်မာ (ခရီးသွား)

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၏ ဆောင်ပုဒ်

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် စပိန်နိုင်ငံ၏မြို့တော် မက်ဒရစ်မြို့တွင် အခြေစိုက်လျက် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကြီးများ ပေါင်းစပ်စုစည်းထားသည့် ကမ္ဘာ့နိုင်ငံအသီးသီးကို ကိုယ်စားပြုသော ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။ အဆိုပါအသင်းကြီးသည် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာတစ်ဝန်း ခရီးလှည့်လည်သွားလာသူ တိုးတက်များပြားလာရေး၊ ခရီးသွားလုပ်ငန်းများကို စနစ်တကျဖော်ဆောင် စီမံခန့်ခွဲကြစေရေး၊ ခရီးသွားလုပ်ငန်းဝင်ငွေဖြင့် နိုင်ငံအသီးသီးကို အကျိုးပြုနိုင်စေရေး၊ ခရီးသွားအလုပ်အကိုင်များ ရရှိစေရေးတို့အတွက် ဦးဆောင်၍ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာတွင် နှစ်စဉ်ခရီးသွားဆောင်ပုဒ်များ ချမှတ်ပေးပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အခမ်းအနား ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပစေမှုလည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ UNWTO အဖွဲ့ချုပ်အနေဖြင့် ၁၉၈၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားများ ကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ကျရောက်မည့် WTO Day  နေ့အတွက် ချပေးလာ သောဆောင်ပုဒ်မှာ “Tourism and Jobs: a better future for all'” ဟူ၍ဖြစ်ပါသည်။ ယင်းကို မြန်မာလို ဆီလျော်အောင် “အားလုံးအနာဂတ်ကောင်းမွန်ရေး၊ ခရီးသွားအလုပ် အကိုင်ဖော်ဆောင်ပေး” ဟု ပြန်ဆိုထားပါသည်။

ဆောင်ပုဒ်၏အနှစ်သာရနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း

မီးခိုးမထွက်သော စက်ရုံဟု တင်စားခေါ်ဆိုကြသည့် ခရီးသွားလုပ်ငန်းကဏ္ဍကို တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် လေ့လာကြည့်သောအခါ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇၀ဝဝ ကျော် ရှိသည့်အနက် ၂၀၁၈ ခုနှစ်အတွင်း လူဦးရေ သန်းပေါင်း ၁၃၀ဝ ကျော် ကမ္ဘာလှည့် ခရီးသွားခဲ့ကြသည်ဟု UNWTO ၏ ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရပေရာ ကမ္ဘာ့လူဦးရေ ၇ ယောက်တွင် ၁ ယောက် (၇ ပုံ ၁ပုံ) ကျော်သည် ကမ္ဘာတစ်လွှား ခရီးသွားနေကြသည့် သဘောဖြစ်ပေသည်။ ထိုသို့ သွားလာကြသဖြင့် ယင်းကမ္ဘာလှည့်ခရီးသည်များအတွက် သွားလာရေး၊ နေထိုင်တည်းခိုရေး၊ စားသောက်ရေး၊ လှည့်လည်ကြည့်ရှု လေ့လာရေး၊ ယင်းတို့နှင့် သင့်လျော်သည့် ဘာသာစကားဖြင့် ရှင်းလင်းတင်ပြရေး စသည့် အလုပ်တို့ မလွဲမသွေတစ်ဆက်တည်း လိုအပ်ပါရှိလာမည်ဖြစ်ပေရာ ဖော်ပြပါ ကဏ္ဍအသီးသီးအတွက် အစိတ်အပိုင်းများအလိုက် ဝန်ဆောင်ပေးမည့် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များ၊ ယာဉ်၊ ရထား နှင့် အခြားသော ဒြပ်ဝတ္ထုများရှိရန် လိုအပ်လာပါတော့သည်။ အဆိုပါ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးရန်၊ ဖြည့်ဆည်း လုပ်ကိုင်နိုင်ရန် အခြေခံ အဆောက်အအုံများနှင့်အတူ လူသား လုပ်အား တစ်နည်းအားဖြင့် ခရီးသွားအလုပ်အကိုင်တို့ များစွာ ပေါ်ပေါက်ဖြစ်ထွန်းလာရပါတော့သည်။ ကမ္ဘာပေါ်တွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၌ ပထမနေရာအဖြစ် လောင်စာဆီ ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ ဒုတိယနေရာအဖြစ် စိုက်ပျိုးရေး နှင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ၊ ယင်းတို့ပြီးလျှင် တတိယ နေရာအဖြစ် ခရီးသွားလုပ်ငန်းကဏ္ဍသည် ရှေ့တန်းမှ ပါဝင်ရပ် တည်လျက်ရှိသည်ဟု UNWTO ၏ Statistical Infogr-aphics  က ဆိုပါသည်။ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းအရပ်ရပ်မှ ဝင်ငွေ ဒေါ်လာသန်းပေါင်း ၁ ဒသမ ၆ ထရီလီယံ (၁ ထရီလီယံ = ၁၀ဝဝ ဘီလီယံ) ရရှိခဲ့သည် ဟုလည်း ဆိုထားပါသည်။

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ ထိပ်တန်းစီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ယာဉ်ရထားများမှသည် အောက်ခြေရှိ အခြေခံ လူတန်းစား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များအထိ အလုပ်အကိုင်များ ပေါများစွာ ဖန်တီးပေးနိုင်ပြီး တစ်ဖက်တစ်လမ်းမှလည်း ဆင်းရဲမွဲတေမှုကိုပါ လျှော့ချပေးနိုင်သည့်လုပ်ငန်း အမျိုးအစားကြီး ဖြစ်လေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခရီးသွားလုပ်ငန်း နယ်ပယ်အလုပ်အကိုင်နေရာ (အလုပ်ရရှိသူပေါင်း ၃၁၉ သန်းခန့်) ပေးထားနိုင်ဟုဆိုပေရာ ယေဘုယျအားဖြင့် ကမ္ဘာ့လူဦးရေ ၂၃ ဦးခန့်ရှိလျှင် တစ်ဦးမှာခရီးသွားကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက် ရှိကြခြင်းသဘော ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားကဏ္ဍသည် ကမ္ဘာ့အသားတင်ထုတ်လုပ်မှု (GDP) စုစုပေါင်း၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းခန့် အချိုးအဆပါဝင်နေသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council) ၏ စာရင်းဇယားများအရ သိရှိရ ပါသည်။ ကမ္ဘာပေါ်ရှိ လုပ်ငန်းကဏ္ဍ အသီးသီးတို့နှင့် ချိန်ထိုး ပါက (၂၀၁၈ ခုနှစ် စာရင်းများအရ) ကမ္ဘာ့အလုပ်အကိုင် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကျော် အလုပ်အကိုင်ရရှိနေခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ခရီးသွားကဏ္ဍ အလုပ်အကိုင်ရရှိမှု

ခရီးသွားလုပ်ငန်းသည် ပင်ကိုကပင် လွန်စွာ ထိလွယ်ရှလွယ်ရှိလှပေရာ သာဓကအားဖြင့် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ ကူးစက်ရောဂါများ ကျရောက်ခြင်း၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်း၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စစ်ပွဲများရှိနေခြင်း၊ ရာဇဝတ်မှုထူပြောခြင်း စသည့်အကြောင်းများကြောင့် ဧည့်သည်များသွားလာလည်ပတ်မှု ရုတ်တရက် ကျဆင်းတတ်ပါသည်။

ထိုသို့အကြောင်းအရာများ ရှိနေလင့်ကစား ယနေ့ကာလတွင် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများ( ဥပမာ-လေကြောင်းလိုင်း၊ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ယာဉ်ရထား၊ မြင်းလှည်း၊ E-bike ၊ အမှတ်တရ ပစ္စည်းစသည်) တွင် အလုပ်အကိုင်နေရာပေါင်း ၁၅၀ဝဝဝ ရရှိနေသည်ဟု လေ့လာသိရှိရပါသည်။ ခရီးသွားဧည့်သည် ငါးဦးရှိလျှင်ပင် နိုင်ငံသားတစ်ဦးမှာ အလုပ်အကိုင်ရရှိနိုင်ကြောင်း သိရှိရပါသည်။ ရေးဆွဲထားသော Tourism Master Plan အရဆိုလျှင် ဆက်စပ်ကဏ္ဍများအပါအဝင် ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်နေရာ ၃ သန်းခန့် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် အပါအဝင် အကြောင်းကိစ္စမျိုးစုံဖြင့် လာရောက်ကြသည့် နိုင်ငံခြားသား အရေအတွက်မှာ ကာလအပိုင်းအခြားအလိုက် (မမျှော်လင့်သော အကြောင်းတချို့ကြောင့် အတက်အကျ ရှိကောင်းရှိနိုင်သော်လည်း) တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းချင်း ပုံမှန်တိုးတက်နေသည်မှာ ငြင်း၍မရနိုင်ပါပေ။ တစ်နည်းအားဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များ တိုးတက်ရရှိလာနေခြင်းပင် မဟုတ်ပါလော။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အထူးသဖြင့် ဒီမိုကရေစီအစိုးရများ၏ သက်တမ်းကာလများအတွင်း ခရီးသွားလုပ်ငန်းများ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာခဲ့သဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာရရှိ ပေါ်ထွက်လာခဲ့သည်မှာ အမှန်တရားပင်ဖြစ်ပါသည်။

 

mdn

 

Job Creation Sector Coordination Group အဖွဲ့ ဖွဲ့စည်းခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ပြီး ဝန်ကြီးဌာနပေါင်းစုံမှ အဖွဲ့ဝင် ၂၅ ဦး ပါဝင်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group) ကို ၂၀၁၇ ခုနှစ်ကပင် ဖွဲ့စည်းထားခဲ့ပါသည်။ ယင်းအဖွဲ့တွင် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဖွဲ့ခွဲ (Sub Sector Coordination Group) သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပါသည်။ အဖွဲ့ ခွဲအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ သုတေသနပြုလေ့လာခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းတို့ ပြုလုပ်ပြီး အလုပ်အကိုင်တိုးမြှင့် ဖန်တီးနိုင်ရေး၊ အလုပ်အကိုင်များ ပေါ်ထွန်းလာရေး အားစိုက်ဆောင်ရွက်လျက်ရှိပါသည်။

ကွေ့ပြောင်းလျှင် တက်ပြောင်းလှော်ခတ်

မြန်မာစကားပုံတွင် လှေစီးသည့်အခါ၌ ပြောစမှတ်ပြုသည့် “ဟိုကွေ့ရောက် ဟိုတက်နဲ့ လှော် ဆိုသည့် စကားအတိုင်း မည်သည့်ကိစ္စမဆို အမြဲတမ်းအပြောင်းအလဲ ရှိတတ်စမြဲဖြစ်ပေရာ ဖြစ်ပေါ်လာသည့် အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားသွားရန်သာ လိုအပ်ပါသည်။ ဆိုင်းချက် အတီးပြောင်းသည်နှင့်အမျှ ကကွက် ကကြိုး ပြောင်းသည့်နှယ် မီးစင်ကြည့်ကခြင်း သဘောပါပေတည်း။ ခရီးသွားလုပ်ငန်း နယ်ပယ်တွင်လည်း အခက်အခဲအတားအဆီး အနှောင့် အယှက်တို့ ပေါ်လာတတ်လေ့ရှိသော်လည်း တစ်နည်းမဟုတ်တစ်နည်း ပြောင်းလဲဆောင်ရွက်သွားရန်သာ လိုအပ်ပါသည်။ ယခုလည်း ခရီးသွားနိုင်ငံကြီးများဖြစ်သည့် မြောက်အမေရိက နှင့် ဥရောပဒေသမှ ဈေးကွက်နိုင်ငံအသစ်များ၊ အာရှဒေသ စီးပွားရေး အင်အားကြီးနိုင်ငံများနှင့်ပါ ထပ်မံချိတ်ဆက်နေပြီဖြစ်၍ ကွေ့ပြောင်းလျှင် တက်ပြောင်း လှော်ခတ်မှုစတင်နေပြီ ဖြစ်ပါသည်။ တစ်ဖက်မှာလည်း လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ ကျေးလက်ဒေသများသို့ တိုက်ရိုက်ဝင်ငွေ စီးဆင်းရရှိစေမည့် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို အားပေးဆောင်ရွက်ခဲ့ရာ အတော်ပင် အရှိန်ရစပြုနေပေပြီ။ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည့်ဒေသများတွင် CBT  လုပ်ငန်းအတွက် ထူထောင်ထားသော ကျေးရွာများသို့ နိုင်ငံခြားသားများ ကိုယ်တိုင်အရောက်သွားပြီး ရွာသားများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေထိုင်စားသောက်ခြင်း၊ ကျေးလက်ဘဝလေ့လာခြင်း၊ တောဓလေ့ ထုံးတမ်းစဉ်လာပွဲများ ပါဝင်ဆင်နွှဲခြင်းများ ရှိနေပြီး ကျသင့်သည့် နိုင်ငံခြားသုံးငွေများကို ကျေးရွာနှင့် ရွာသားများထံသို့ တိုက်ရိုက်ပေးသွင်းကြသဖြင့် ရွာသားများ အလုပ်အကိုင်ရရှိကြကာ တောနေလူတန်းစားများ တဖြည်းဖြည်း ဝင်ငွေတိုးလာ နေကြပြီဖြစ်ပါသည်။ နယ်မြေအခြေအနေပေးသော နေရာများတွင် CBT  အစီအစဉ်ကို ဆက်လက်၍ အကောင်အထည် ဖော်သွားဦးမည်ဖြစ်သည့်အပြင် အခြားသော လေ့လာသင့်သည့် စိတ်ဝင်စားဖွယ် ပြည်တွင်းခရီးစဉ်အသစ် (New Destination) များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဖော်ထုတ်လျက်ရှိပါသည်။

၂ဝ၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (UNWTO Day )အခမ်းအနားနှင့် Activities များ

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို နေပြည်တော်တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အလားတူ ကျင်းပသွားနိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းစီစဉ်မှုဖြင့် မကြာမီ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်လျက်ရှိပါသည်။ အခမ်းအနားတွင် UNWTO ဥက္ကဋ္ဌ၏ သဝဏ်လွှာ ဖတ်ကြားသွားမည်ဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း၊ ပြည်တွင်းပြည်ပ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းအတွက် စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ ၅၃ ရွာအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းစသည့် အစီအစဉ်များ ပါရှိမည်ဟု သိရှိရပါ သည်။

ထို့အပြင် ပူပူနွေးနွေး လှုပ်ရှားဆောင်ရွက်ချက်အဖြစ် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အာဆီယံ အစားအစာပွဲတော်ကို မြန်မာနိုင်ငံ မန္တလေးမြို့၌ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ပွဲတော်သို့ အာဆီယံနိုင်ငံများ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့လည်း ပြခန်းပေါင်း ၂၈ ခုနှင့်အတူ ပါဝင်ဆင်နွှဲပြီး နိုင်ငံအလိုက် ပြခန်းများ၌ ယင်းတို့၏ ဒေသအစားအစာများ ပြသခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ရှေးခေတ်ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ဒေါင်းလန်း (လက်မှုထည်ရိုးရာ ထမင်းဗန်းငယ်) ဖြင့် လက်ရည်တစ်ပြင်တည်း စုပေါင်းဝိုင်းဖွဲ့ ထမင်းစားသောက်ခဲ့ကြသည့် တောဓလေ့ယဉ်ကျေးမှုကို ရှေးခေတ်အဝတ်အစားများ ဆင်ယင်လျက် ဖော်ကျူးပြသပေးခဲ့သည်ကို စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ တက်ရောက်လာသူ နိုင်ငံခြားသားများ လက်ခုပ်တီးအားပေးကြလျက် အထူးနှစ်သက် သဘောကျသည့် လက္ခဏာများရှိသည်ကို သတိထားမိပါသည်။ ဤပွဲတော်ကြောင့် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာဧည့်သည်များမှ ထိတွေ့မြည်းစမ်းခွင့် ရရှိခဲ့ကြပေသည်။ ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပဧည့်သည် စုစုပေါင်း ၃၈၀ဝဝဝ ခန့် လာရောက်လေ့လာခဲ့ကြသည်ဟု သိရှိရပါသည်။ ယင်း Activities များကား ခရီးသွားလုပ်ငန်း တိုးတက်လာစေမှု၏ တစ်ထောင့်တစ်နေရာမှ အားဖြည့်ချက် များပေတည်း။

(ဆက်လက်ဖော်ပြပါမည်)