ခရီးသွားကောက်ကြောင်း အစီအစဉ်၏ (၇)ပိုင်းမြောက်ဇာတ်လမ်း ‘မြင်းမိုရ်ဝှက်တဲ့ပုစ္ဆာ’ကို လွိုင်ကော်တွင် ရိုက်ကူးမည်

ကိုလင်း

Brave Empire Entertainment မှ စီစဉ်ပြီး ဇာတ်ညွှန်း ဇေယျတု၊ ဒါရိုက်တာ နော ရိုက်ကူးသည့် ခရီးသွားကောက်ကြောင်း အစီအစဉ်၏ အပိုင်း(၇)ကို မြင်းမိုရ်ဝှက်တဲ့ပုစ္ဆာ အမည်ဖြင့် ကယားပြည်နယ် လွိုင်ကော်ဒေသ၌ ရိုက်ကူးသွားမည်ဖြစ်ပြီး သရုပ်ဆောင် ရွှေသမီး၊ မြနှင်းရည်လွင်၊ ခင်သဇင် နှင့် ကလေးသရုပ်ဆောင် လင်းနေခတို့ ပါဝင်သရုပ်ဆောင်ကြ မည်ဟုသိရသည်။

ခရီးသွားကောက်ကြောင်း(Thaveller's Note) အစီအစဉ်ကို Documentary Drama ပုံစံဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ၌ အပိုင်းတစ်ခုစီ ရိုက်ကူးတင်ဆက်ခဲ့ရာ ယခု အပိုင်း(၇)အဖြစ် မြင်းမိုရ်ဝှက်တဲ့ပုစ္ဆာ ဇာတ်လမ်းကို လွိုင်ကော်မြို့အနီးရှိ ထူးခြားဆန်းပြား လှပသော နေရာများတွင် စက်တင်ဘာ ၈ ရက်မှစ၍ ရိုက်ကူးသွားမည်ဖြစ်ပြီး ယခုတစ်ပိုင်းတွင် အမျိုးသမီး သရုပ်ဆောင်များဖြင့် အဓိက ရိုက်ကူးသွားမည်ဟု သိရသည်။ မြင်းမိုရ်ဝှက်တဲ့ပုစ္ဆာ ဇာတ်လမ်းနှင့် ပတ်သက်၍ ဒါရိုက်တာနှင့် အဓိကသရုပ်ဆောင်မျာ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ Emma

ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲကို မြန်မာပြည်က တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုကို သွားရောက်လည်ပတ် ရိုက်ကူးမှာ ဖြစ်ပါတယ်။ အရင်က အပိုင်း(၆)ကို အမျိုးသား သရုပ်ဆောင် မင်းသားလေးယောက်နဲ့ ကရင်ပြည်နယ်မှာ ရိုက်ခဲ့သလို ခုဇာတ်လမ်းမှာတော့ မင်းသမီးတွေနဲ့ ရိုက်တာပါ။ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအကြောင်းတွေလည်း မတူပါဘူး။ ဒီအပိုင်းကတော့ မိခင်မေတ္တာကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်အကြောင်းကို Documentary Drama ပုံစံ ဖန်တီးတာပါ၊ ဒီခရီးသွားကောက်ကြောင်း အစီအစဉ်လေးက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားရောက်ပြီး အနုပညာရှင်တွေနဲ့ ဇာတ်လမ်းပုံစံလေး ဖန်တီးရိုက်ကူးနေတဲ့ အစီအစဉ် လေးပါ၊ မြင်းမိုရ်ဝှက်တဲ့ပုစ္ဆာမှာ မိခင်မေတ္တာကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်ရဲ့ အကြောင်းကို မယ်လိုဒီပုံစံလေးတွေ ရိုက်မှာဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်ခုဖြစ်တဲ့ မယ်ဟောင်ဆောင် ဒေသ ၁၄/၁၅ ဂိတ် အပါအဝင် ထူးခြားလှပတဲ့ နေရာလေးတွေကို ရိုက်ဖို့ပြင်ဆင် ထားပါတယ်၊ ပြီးတော့ ကယားပြည်နယ်မှာရှိတဲ့ လူမျိုးစု ကိုးစုရဲ့ အကြောင်းလေးတွေကိုလည်း ပြသမှာပါ။

ခင်သဇင်

ဒီထဲမှာ ညီမတို့က သူငယ်ချင်းတွေနဲ့အတူ ကိုယ့်နိုင်ငံမှာရှိတဲ့ ဒေသအစားအစာတွေ၊ ရိုးရာဓလေ့ထုံးစံတွေကို ဒီဇာတ်လမ်းလေးကနေတစ်ဆင့် ပြသသွားရမှာဖြစ်ပြီး ဗဟုသုတတွေ အများကြီး ရစေမှာပါ၊ ပြီးတော့ ကိုယ့်နိုင်ငံမှာနေပြီး နေရာအစုံမရောက်ဖူးတဲ့ ဒေသတွေလည်းရှိတယ်၊ ဇင်ဆို ကယားပြည်နယ်ဘက်ကို တစ်ခါမှ မရောက်ဖူးသေးဘူး၊ အခု သွားရတော့မယ်ဆိုတော့ ဝမ်းသာနေပါတယ်၊ အပျော်ခရီးမဟုတ်ဘဲ အလုပ်နဲ့သွားရတာ ဆိုပေမယ့် ပျော်ပါတယ်။ ကယားပြည်နယ်အကြောင်းကို ငယ်ငယ်က သိထားသလောက်ကတော့ ဂူတွေ၊ ဘုရားတွေ၊ ရေတံခွန်တွေ၊ တောတောင်သဘာဝတွေ တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။

မြနှင်းရည်လွင်

ဒီအစီအစဉ်လေးကို Canal Plus မှာ စပြနေကတည်းက မြနှင်းစိတ်ဝင်စားခဲ့တာပါ၊ မြနှင်းက ကယားပြည်နယ်ဘက်ကို ယနေ့အထိ တစ်ခါမှ မရောက်ဖူးသေးဘူး၊ သွားချင်နေတာနဲ့ အတော်ဖြစ်သွားတယ်၊ ကယားပြည်နယ်မှာ လွိုင်ကော်မှာရှိတဲ့ တောင်ကွဲစေတီတို့၊ ပြီးတော့ ဒေါတမကျေးရွာတို့ကို သွားရမယ်၊ မြနှင်းကတော့ ခရီးသွားရတာ ကြိုက်ပါတယ်၊ ခရီးသွား တဲ့အခါမှာ ပြည်ပခရီးထက် ပြည်တွင်းခရီးကို ပိုစိတ်ဝင်စားတယ်၊ ကိုယ်မသိသေးတဲ့ ကိုယ့်နိုင်ငံထဲက လူမျိုးတွေ၊ ရိုးရာတွေကို လေ့လာရတာကြိုက်တယ်။

မြန်မာ့အလင်း