ခရီးသွားကဏ္ဍ မြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပွဲ (Investment Forum)ကျင်းပ

နေပြည်တော် ဧပြီ ၂

 

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ခရီးသွားကဏ္ဍ မြှင့်တင်ရေးကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပွဲ (Investment Forum)ကို ယနေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးနေမျိုးအောင် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ B.O.T ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင်များနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံအတွင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းမိုင်ပေါင်း လေးသောင်းကျော်ရှိသည့်အနက် လမ်းမိုင် သုံးထောင် ကျော်အား B.O.T စနစ်ဖြင့် ခွင့်ပြုပေးထား ပါကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ထားသော အာရှအဝေးပြေး လမ်းမကြီးများနှင့် ချိတ်ဆက်သည့် B.O.T လမ်းများကိုလည်း အာဆီယံ စံချိန်စံနှုန်းများနှင့်အညီ  ဆောင်ရွက်လျက်ရှိပါကြောင်း၊ B.O.T လမ်းများ အရည်အသွေးပြည့်မီစေရန် အကဲဖြတ်အညွှန်း ကိန်းများ Key Performance Indicators ( KPIs ) , International Roughness Index (IRI) များ ဖြင့် စစ်ဆေးခြင်း၊ လုပ်ငန်းသစ်များခွင့်ပြုပေးနိုင်ရေး စိစစ်တင်ပြခြင်း ၊ B.O.T စာချုပ်များ ပြင်ဆင် ချုပ်ဆိုခြင်း၊ ခေတ်ကာလနှင့်အညီ လမ်းအသုံးပြုခနှုန်းထားများ ပြင်ဆင်နိုင်ရေးအတွက် မူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း။

 

ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းများကို B.O.T စနစ်ဖြင့်ဆောင်ရွက်ရာတွင် လိုက်နာရမည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်ရှိဆောင်ရွက် နေသည့် B.O.T ကုမ္ပဏီများ၏ အတွေ့အကြုံ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို မျှဝေဆွေးနွေး သွားမည်ဖြစ်သည့်အတွက် ယနေ့ Forum သို့ တက်ရောက်လာသူများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်၍ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးပြီး အတွေ့အကြုံကောင်းများ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေနှင့်  အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာရည်မှန်းချက်များ၊ အာဆီယံမှ ရေးဆွဲအတည်ပြုထား ပြီးဖြစ်သော အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်ကူပြုသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်တဲ့ Working Group (၅)ဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးအဖြေရှာ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမို တိုးတက်လာစေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(Destination Management Organization-DMO)များ ဖွဲ့စည်းပြီး ခရီးသွားမြှင့်တင်ရေးအတွက် DMO Forum များကို ကျင်းပ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ဆောက်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပေါင်းစပ်ညှိနှိုင်းနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးဖော်ထုတ်အဖြေရှာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က Video Clip ဖြင့် အမှာစကား ပြောကြားပြီး ဝန်ကြီးဌာနများနှင့် ပုဂ္ဂကလုပ်ငန်းရှင်များမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အစိုးရ - ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသော အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးနှင့် တိုက်ရိုက်ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ပုသိမ်-ငွေဆောင်လမ်း ၊ ပုသိမ်- ချောင်းသာ လမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ B.O.T လမ်းများတွင် ကြုံတွေ့ရသည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခြင်း၊ ဆွေးနွေးခြင်း ၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစီအစဉ် ပထမပိုင်းအပြီးတွင် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည် ။

 

မွန်းလွဲပိုင်းတွင် ခရီးသွားလာမှုလုပ်ငန်းကို အထောက်အကူပြုနိုင်သော လမ်းပန်းဆက် သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်အခွင့်အလမ်းများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကဏ္ဍများအလိုက်  ကျွမ်းကျင်သူ များနှင့် ပညာရှင်များက  အဖွဲ့လိုက် ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်း ခြင်းများကို ပြန်လည်ဖြေကြား၍ ဆွေးနွေးသည်။

 

ယနေ့ ကျင်းပသည့် Forum သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်းကျဆင်းခဲ့ရသည့် မြန်မာ့ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ(SDGs)အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များထားရှိပြီး ဉီးစားပေးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်နိုင်မည့် အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် B.O.T လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)