ခရီးသွားကဏ္ဍနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၃  ရာခိုင်နူန်းပြီးစီး

ရန်ကုန် ဧပြီ ၂၇

ခရီးသွားကဏ္ဍနှင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ငရုတ်ကောင်းမြို့မှ ဂေါရင်ဂျီကျွန်း၊ ကြွေချိုင်သို့ ဆက်သွယ်တည်ဆောက်နေသော ချောင်းဝတံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)မှ သိရသည်။

အဆိုပါချောင်းဝတံတားကို ၂၀၂၀ ပြည့်နှစ်၊ မတ်(၁)ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ ပေ ၁၂၈၀ ရှိ၍ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် Bored Pile ၊ တံတားကိုယ်ထည် RC Concreteနှင့် တံတားအပေါ်ထည် P.C Girder,RC Girder & RC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈ ဒသမ ၇၄၄ ပေနှင့် ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ ဖြင့် တည်ဆောက်လျက်ရှိပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တည်ဆောက်နေတဲ့ ငရုတ်ကောင်း - ဂေါ်ရင်ဂျီကျွန်းလမ်းပိုင်းဟာ ချောင်းဝမြစ်ကိုဖြတ်ပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ တံတားကြီးပြီးသွားရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်လမ်းများစွာ ပိုမိုရရှိလာမှာပါ။ ဂေါ်ရင်ဂျီကျွန်းကို အလွယ်တကူ သွားလာနိုင်ပြီဖြစ်တဲ့အတွက် အပန်းဖြေခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာမှာဖြစ်ပြီး မြို့နယ်အတွင်းမှာရှိတဲ့ ကြွေချိုင်၊ နံသာဖူး၊ နတ်မှော်၊ ရေကျော်၊ သဲဖြူ၊ ကမ်းခြေဦး၊ ကွင်းဘက်၊ မိုးတစ်မျှဉ်နဲ့ စပါးကြီး စတဲ့ကျေးရွာများမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာ ပြောင်းလဲတိုးတက်လာမှာပါ။ ကျန်းမာရေးအတွက်ဆိုရင်လည်း ငရုတ်ကောင်း တိုက်နယ်ဆေးရုံကို အချိန်အခါမရွေး လွယ်ကူမြန်ဆန်စွာ သွားရောက်ပြသနိုင်မှာဖြစ်ပါတယ်။ ယခုတံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်း ပြီးစီးနေပါ ပြီ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ချောင်းဝတံတားကြီးပြီးစီးသွားပါက ငရုတ်ကောင်း - ဆင်မ - ငွေဆောင်လမ်းပိုင်းကို အသုံးပြု၍ ပုသိမ်မြို့သို့လည်းကောင်၊ ငရုတ်ကောင်း - ဆင်မ - ငွေဆောင် - ချောင်းသာ - ရွှေသောင်ယံ - မကျီးပင် - ကျောက်ချွန် - ဂွမြို့ ကမ်းခြေပတ်လမ်းကို အသုံးပြု၍ ရခိုင်ပြည်နယ်သို့ လည်းကောင်း လွယ်ကူမြန်ဆန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ရာ ဒေသထွက်ကုန်ပစ္စည်းများကို လွယ်ကူစွာ ဖြန့်ဖြူးပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)