ခရီးသွားများအကြား ခေတ်စားလာသည့် Camp ခရီးစဉ်နေရာများ၊ Farming ခရီး စဉ်များ၊ Day Trip သွားနိုင်သည့် နေရာများနှင့် ပတ်သက်၍ လိုင်စင်ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ

ရန်ကုန် မေ ၁၈

ခရီးသွားများအကြား ခေတ်စားလာသည့် Camp ခရီးစဉ်နေရာများ၊ Farming ခရီး စဉ်များ၊ Day Trip သွားနိုင်သည့် နေရာများနှင့် ပတ်သက်၍ စနစ်တကျ ဖွံ့ဖြိုးရေးအတွက် လိုင်စင်ပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌဦးနောင်းနောင်းဟန် က ပြောသည်။

ကိုဗစ်ကာလနောက်ပိုင်းတွင် အဆိုပါ ခရီးစဉ်များ စတင်များပြားလာခြင်း ဖြစ်ကာ နောက်ပိုင်းကာလများတွင် မြို့ပြမွန်းကျပ်မှုများမှ ကင်းလွတ်ရန်အတွက် သွားလာမှု တိုးပွားလာခဲ့ခြင်းဖြစ်ကာ တစ်နိုင်တစ်ပိုင် ဆောင်ရွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီခရီးစဉ်တွေ များလာတာကောင်းပါတယ်။ Tourism မှာလည်း ဖြစ်သင့် ဖြစ်ထိုက်တာပါ။ ဆောင်ရွက်သင့်ပါတယ်။ အဓိက က တစ်ဘက်ခြမ်းမှာကျတော့ Regulation သီးသန့် မထွက်သေးဘူးပေါ့။ ဆိုလိုတာက ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေ ဆိုရင် လိုင်စင်ထုတ်ပေးတယ်ပေါ့။ ဒီဟာတွေမှာကျတော့ လိုင်စင်လေးတွေ မရှိသေးတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတာတွေ ရှိတယ်။ စနစ်တကျလေးနဲ့ လိုင်စင်လေးတွေ ထုတ် ပေးပြီး လုပ်ပေးမယ်ဆိုရင် ဝန်ဆောင်မှု ရရှိတဲ့သူကော၊ ဝန်ဆောင်မှုပေးတဲ့သူကော နှစ်ဖက်စလုံးမှာ အဆင်ပြေမယ်။ စနစ်တကျလည်း ဖွံ့ဖြိုးလာမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

မည်သည့် အချိန်တွင် လိုင်စင်ထွက်နိုင်မည်ကို မသိရသေးဘဲ အခြားဝန်ဆောင်မှု လိုင်စင်အနေဖြင့် ပေးနိုင်ရန်အတွက် ဆွေးနွေးပေးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ခရီးသွား ကုမ္ပဏီတွေကိုလည်း လိုင်စင်ပေးတယ်။ ဟိုတယ်တွေကိုလည်း ဟိုတယ်နဲ့ တည်းခိုရိပ်သာ လိုင်စင်ပေးတာပေါ့။ ဒီဟာတွေကျတော့ တချို့ဟာလေးတွေက ညအိပ်တည်းဖို့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းလိုင်စင်လေးတွေ ချပေးဖို့တော့ လိုပါတယ်” ဟု ဦးနောင်းနောင်းဟန်က ဆိုသည်။

ထိန်းချုပ်မှုမရှိပါက သွားရောက်အပန်းဖြေသူများ အတွက်လည်း အရည်အသွေး အာမခံမှု ရှိလာနိုင်ကာ အလုပ်လုပ်သူများအတွက်လည်း ၎င်းတို့ ရင်းနှီးမြုပ်နှံမှုနှင့်အတူ တရားဝင် ရပ်တည်ရေး အဆင်ပြေစေရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Htet Oo Maung