ခရီးသည် ၁၂ ဦးလိုက်ပါလာသော မှန်လုံမော်တော်ယာဉ် အရှိန်လွန်တိမ်းမှောက်

မိုးညှင်း ၄ ဇူလိုင် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ရွာသစ်ကျေးရွာ ဆယ်မိုင်ရွာလယ် RC ကွန်ကရစ်တံတားထိပ်တွင် ဇူလိုင် ၃ ရက် ည ၁၁ နာရီခွဲက ခရီးသည် ၁၂ ဦး တင်ဆောင်လာသော အနက်ရောင် မှန်လုံမော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၃ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က ဖားကန့်မှ မန္တလေးသို့ ထွက်ခွာလာသော ယာဉ်မောင်းဖိုးကျော် မောင်းနှင်လာသည့်ယာဉ်အမှတ် KCN 3K/------ တိုရိုတာအနက်ရောင် မှန်လုံမော်တော်ယာဉ်တစ်စီးသည် မိုးညှင်းမြို့နယ် ဆယ်မိုင်ရွာသစ်ကျေးရွာအဝင် ရွာလယ်အကွေ့ နန့်ရင်းချောင်အာရ်စီကွန်ကရစ်တံတားထိပ်တွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ဝဲဘက်သို့ထိုးကျခဲ့သည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသား ၁၀ ဦး၊  အမျိုးသမီး ၃ ဦး တို့မှာ တစ်စုံတရာထိခိုက်မှုမရှိကြောင်း သိရသည်။ 


အခင်းဖြစ်ရာသို့ ဆယ်မိုင်ရွာသစ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေနှင့် ရာအိမ်မှူးများ၊ အမှတ်(၁၀၁)မိုးညှင်းယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် နေထွန်းအောင်နှင့် အဖွဲ့တို့က စစ်ဆေးဆောင်ရွက်ခဲ့ပြီး ခရီးသည်များအား လိုရာသို့ ဆက်လက်ထွက်ကာ သွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖိုးကျော် ၄၂ နှစ် ရပ်ကွက်(၄)ကသာမြို့ စစ်ကိုင်းတိုင်းဒေသကြီးနေသူအားမိုးညှင်းမြို့မရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


နီတိုး