ခရီးသည်ယာဉ်သုံးစီး ထပ်ဆင့်တိုက်မှု သရက်ချောင်းမြို့၌ဖြစ်ပွား

သရက်ချောင်း ၆ ဇူလိုင် 


တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ထားဝယ် - မြိတ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၆/၃ ဖာလုံအနီးတွင် ယနေ့နံနက်ပိုင်းက ခရီးသည်ယာဉ်သုံးစီး   ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ထားဝယ်ဘက်မှ မြိတ်ဘက်သို့ မြင့်ကျော် (၄၀)နှစ် သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာနေသူ မောင်းနှင်သည့် 9G/…. ဟွန်ဒိုင်းအပြာရောင် ခရီးသည်ယာဉ်သည် လမ်း၏ဝဲဘက်ခြမ်းတွင် ရပ်တန့်၍ ခရီးသည်များချပြီး လမ်းယာဘက်သို့ ဖြတ်မောင်းစဉ် ထားဝယ်ဘက်မှ မြိတ်ဘက်သို့ လှိုင်မျိုးထွန်း (၃၄)နှစ် ဟင်္သာတမြို့နယ်၊ သာကလေးရပ်ကွက်နေသူ ယာဉ်ကြောမှန် မောင်းနှင်လာသော YGN 1M/…. ဒေဝူးမှန်လုံ (နံ့သာရောင်) ခရီးသည်တင်ယာဉ်မှ ၎င်းဟွန်ဒိုင်းအပြာရောင် ခရီးသည်ယာဉ်၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ တိုက်မိသည့် အရှိန်ဖြင့် လမ်း၏အနောက်ဘယ်ခြမ်းတွင် ရပ်တန့်ပြီး ပစ္စည်းများချနေသော ဦးစံဝင်း (၅၈)နှစ် သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်နေသူ၏ 3H/…. လိုက်ထရက်(အဖြူ) ယာဉ်အား ထပ်ဆင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ဟွန်ဒိုင်းအပြာရောင် ခရီးသည်ယာဉ်နှင့် လိုက်ထရက်(အဖြူ) ယာဉ်ပေါ်မှ ခရီးသည် (၅)ဦးခန့် (မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မြင့်ကျော်အား သရက်ချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)

 

1