ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဖိုရမ် ပူတာအို၌ကျင်းပ

ပူတာအို ၁၇ မေ     

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် Diakonia (Myanmar)၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဝေါလ် ကွန်ဆန်း (မြန်မာ)အဖွဲ့အစည်းသည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကချင်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူတာအိုခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတို့၏ ဦးဆောင်မှုဖြင့် ပူတာအိုခရိုင်အတွင်းရှိ ကလေးများ၊ ခရိုင်နှင့်မြို့နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များ၊ လူငယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်လျက် ခရိုင်အဆင့်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဖိုရမ် တစ်ရပ်ကို ယနေ့နံနက် ၉ နာရီက ပူတာအိုမြို့ ဟိုတယ်(ပူတာအို)ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က  ကလေးသူငယ်အခွင့်အရေး လေးမျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ရရှိစေရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကလေးများ၏ ထင်မြင်ယူဆချက်များကို အလေးထားခြင်းဆိုသည့် အခြေခံမူကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များမှုခင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှု အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ယခုကျင်းပသည့်  ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီဖိုရမ်မှ ပူတာအိုခရိုင်အတွင်းရှိ ကလေးများ၏အကောင်းဆုံးအကျိုးစီးပွား အတွက် လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းအစီအစဉ်များ ပေါ်ထွက်လာနိုင်စေရေး ဝိုင်းဝန်းကြိုးစားဆွေးနွေး အဖြေရှာကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝေါလ်ကွန်ဆန်း(မြန်မာ) ကလေးသူငယ်အကြံပေး ဦးဇော်ဦးက  ဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကလေးများက ကျေးရွာများတွင် လက်ရှိကြုံတွေ့နေရသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဇာတ်လမ်းတိုဖြင့် တင်ဆက်ပြသကာ မချမ်းဘောမြို့နယ် ပန်ဆပ်ကျေးရွာမှ ဦးလှခမ်က ကျေးရွာများတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှုများနှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးသည်။

 

အဆိုပါဖိုရမ်ညနေပိုင်းတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လက်ရှိအခြေအနေတင်ပြခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ အမေးအဖြေပြုလုပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ဖိုရမ်အားအနှစ်ချုပ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝေါလ်ကွန်ဆန်း(မြန်မာ)အနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို လက်ရှိတွင် ပူတာအို၊ မချမ်းဘောမြို့နယ်များ အတွင်းကျေးရွာ (၂၈)ရွာတွင် ဆောင်ရွက်လျက်ရှိရာ  ဆက်လက်၍ ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့နယ်များအတွင်း ကျေးရွာ (၂၂)ရွာတွင် တိုးချဲ့ဆောင်ရွက်သွားနိုင်ရန်အတွက်  လျာထားဆောင်ရွက်လျက်ရှိကြောင်း ဝေါလ်ကွန်ဆန်း(မြန်မာ) စီမံချက် မန်နေဂျာ ဒေါ်မီဖျော့ ထံမှ သိရသည်။

 

ဖုန်ကန်(ပူတာအို)

 

age 03.J