အဒစ္စအဘာဘာ မေ ၄
အီသီယိုးပီးယားနိုင်ငံသည် ဆယ်စုနှစ်တစ်စု မပြည့်မီအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို နှစ်ဆကျော်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အီသီယိုးပီးယားလျှပ်စစ်ဓာတ်အား လုပ်ငန်း(အီးအီးပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အီသီယိုးပီးယားနိုင်ငံသည် လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို ၄၄၆၂ မီဂါဝပ်မှ ၉၇၅၂ မီဂါဝပ်အထိ သိသိသာသာတိုးချဲ့နိုင်ခဲ့ပြီး အာဖရိက၏ ထိပ်တန်းရောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဗဟိုချက်ဖြစ်လာခဲ့ကြောင်း နိုင်ငံပိုင်အီသီယိုးပီးယားသတင်းဌာနက အီးအီးပီ၏ ထုတ်ပြန်ချက်ကို မေ ၂ ရက်တွင် ကိုးကားဖော်ပြထားသည်။
အခြေခံအဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မကြာသေးမီနှစ်များအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အားရရှိမှုမှာလည်း ၄၄ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း အီးအီးပီ၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး မိုဂတ်စ်မက် ခွန်နန်က ပြောသည်။
အီးအီးပီက ထုတ်ပြန်သော အချက်အလက်များအရ လက်ရှိတွင် ရေအားလျှပ်စစ်က နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အဓိကအများဆုံးဖြစ်ပြီး လေအားလျှပ်စစ်မှ ငါးရာခိုင်နှုန်းနီးပါးနှင့် ဘူမိအပူစွမ်းအင်မှ ၁ ရာခိုင်နှုန်းအောက် အသုံးပြုထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


