ခုန်ပျံကျော်လွှားတိုးတက်ရေးသို့

၂၇ မေ

 

တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်းလေး၊ ငါး၊ ဆယ်လှမ်း လှမ်းလိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀တွင် တန်းတူညီတူဖြစ်သွားမည်ဟု လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့သည်။ ဤသို့ရလဒ်မျိုးရရှိရန်အတွက် သူများ လမ်းလျှောက်နေချိန်တွင် မိမိတို့ကသူ့ထက်လေးငါးဆယ် ဆမြန်သောနှုန်းရအောင် ပြေးရမှာဖြစ်သည်။ သူ့ထက်လေးငါး ဆယ်ဆသာသော အားထုတ်မှုဖြင့် ကြိုးပမ်းရမည် ဖြစ်သည်။

 

အမျိုးသားခေါင်းဆောင်ကြီး၏ အမှာအကြားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်အတွင်း အကောင်အထည် မဖော်နိုင်ခဲ့ကြသည့်အလျောက် မျက်မှောက်ကာလထိအောင်လည်း အလုပ်ကြွေးကျန်အဖြစ် ကျန်နေဆဲဖြစ်သည်။ အများက ခြေလှမ်း မှန်မှန် လှမ်းလျှောက်သွားကြချိန်တွင် မိမိတို့က ပြေးရန်မဆိုထားဘိ ဦးတည်ချက်မှန်မှန်နှင့် ခြေလှမ်းမှန်မှန်ပင် မလျှောက်နိုင်ခဲ့။ သို့ဖြစ်သည့်အတွက် မိမိတို့နိုင်ငံသားအားလုံးတို့ ပခုံးပေါ်တွင် သမိုင်းပေးတာဝန်ကြွေးကျန်တို့ ထမ်းဆောင်ရန်ကျန်ရစ်နေဆဲ။ အရာရာတွင် နောက်ကျကျန်ရစ်နေသည့် အခြေအနေမှ လွတ်မြောက်ရန် အားကုန်ထုတ်၍ ရုန်းကန်ကြရဦးမည်။ ရှေ့သို့ ခပ်ဝေးဝေးရောက်နေပြီဖြစ်သည့် နိုင်ငံများကို အမီလိုက်နိုင်ရန် အပြေးတက်ကြရဦးမည်။

 

နိုင်ငံများစွာတို့က စတုတ္ထစက်မှုတော်လှန်ရေးဆီသို့ တက်လှမ်းနေကြပြီ။ ပထမစက်မှုတော်လှန်ရေးသည် လက်မှုလုပ်ငန်းများနေရာတွင် ရေနွေးငွေ့စွမ်းအားသုံးသည့် စက်မှု လုပ်ငန်းများ အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။ ဒုတိယ စက်မှုတော်လှန်ရေးတွင်မူ လျှပ်စစ်စွမ်းအားနှင့် အလိုအလျောက် စက်ယန္တရားများကို အသုံးပြုကာ ကုန်ပစ္စည်းအမြောက်အမြား ထုတ်လုပ်မှုတို့ ပေါ်ပေါက်လာသည်။ တတိယစက်မှုတော်လှန် ရေးကကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာခေတ်သို့ ရောက်ရှိစေခဲ့ပြီး စတုတ္ထစက်မှုတော်လှန်ရေးက ဉာဏ်ရည်တုနှင့် နာနိုနည်းပညာ၊ အရာရာအင်တာနက်(Internet of Things-IOT) တို့ ကဏ္ဍများစွာ၊ နယ်ပယ်များစွာတို့တွင် အသုံးချကာ ဖွံ့ဖြိုးတိုးတက်မှုအရှိန် အဟုန်မြင့်မားလာစေခဲ့ပြီဖြစ်သည်။ နောက်မှ လိုက်ကြရသည့် နိုင်ငံများမှာ မိမိတို့တွင်ရှိသည့် ပကတိအခြေအနေနှင့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုပြီး ခုန်ပျံကျော်လွှား အမီလိုက်ကြရခြင်းဖြစ်သည်။ ယင်းသို့ ခုန်ပျံကျော်လွှားရာတွင်လည်း အဓိက အကျဆုံးမှာ လူသားအရင်း အမြစ်ဖြစ်သည်။ ကျွမ်းကျင်ပြီး လုံ့လဝီရိယအားကောင်းသည့် လူ့စွမ်းအားအရင်းအမြစ်သည် တန်ဖိုးမြင့်လူသားအရင်းအမြစ် ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်သည့် အင်အားလည်း ဖြစ်သည်။

 

ယခုအခါ ကူးစက်မြန်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး ကမောက်ကမ ဖြစ်နေကြရသည့် အချိန်ဖြစ်ပြီး ကပ်ရောဂါကာလ ပြီးဆုံးသွားပြီးနောက် မဝေးလှသည့် အနာဂတ်တွင်ဖြစ်ပေါ်လာ မည့် ကမ္ဘာ့မြင်ကွင်းကို ကြိုတင်ပုံဖော်မှန်းဆလျက်ရှိကြသည်။ ထို့ပြင် လက်ရှိကာလသည် အခက်အခဲထဲမှ ထွက်ပေါ်လာနိုင် သည့်အခွင့်အလမ်း၊ အကျပ်အတည်းထဲမှ ရရှိလာနိုင်သည့် အကျိုးအမြတ်တို့ကို ရှာဖွေကြရမည့် ကာလလည်းဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးနှင့် ကိုဗစ်လွန်ကာလတွင် ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်များကို အသုံးချကာ စီမံချက်လုပ်ငန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြသည်။

 

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်အလွန်ကာလတွင် စီးပွားရေး ကုစားမှု အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဆန္ဒ၊ စိတ္တ၊ ဝီရိယနှင့် ဝီမံသ(ပညာ)တို့ ဦးစီးကာ စုပေါင်းညီညာစွာဆောင် ရွက်ကြသည်နှင့်အမျှ ကိုဗစ်အိပ်မက်ဆိုးမှ လွတ်မြောက်နိုင်မည် ဖြစ်သည့်အပြင် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။ ရုတ်တရက် ပျောက်ကွယ် သွားဦးမည်မဟုတ်သေးသည့် ကိုဗစ်-၁၉ ရောဂါ အပြန်အလှန် ကူးစက်ပြန့်ပွားမှုများ မဖြစ်အောင် အလိုက်သင့်နေထိုင်ကြရင်း၊ နေ့စဉ်ဘဝများ ရှင်သန်နိုင်ကြစေရန် အားထုတ်ကြရင်း အခက် အခဲများကြားမှ အခွင့်အလမ်းများကို ရှာဖွေကြရပါမည်။ မိမိတို့နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအားအရင်းအမြစ် များသည်ပင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပဓာနအကျဆုံး အရင်းအမြစ်များ ဖြစ်ပြီး ထိထိရောက်ရေရောက် အသုံးချနိုင်သည်နှင့်အမျှ ခုန်ပျံကျော်လွှား တိုးတက်မှုတို့ ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း ။ ။

 

မြန်မာ့အလင်း