ချယ်လ်ဆီးကစားသမား ဟာဇက်အား လုပ်ခငွေ အများအပြားဖြင့် ရီးရဲကမ်းလှမ်းခဲ့

စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်အား ခေါ်ယူနိုင်ရေးအတွက် တစ်ပတ်လျှင် အခွန်ဆောင်ပြီး လုပ်ခငွေ ပေါင် ၄၀ဝ၀ဝ၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

 

ဘယ်ဂျီယံကစားသမား ဟာဇက်အနေဖြင့် ရီးရဲမက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့မည် ဆိုပါက တစ်နှစ်လျှင် ပေါင် သန်း ၂၀ အထိ ရရှိမည်ဖြစ်ကာ အခြားဆုကြေးငွေများလည်း ရရှိနိုင်မည် ဖြစ်သည်။

 

ရီးရဲသို့ ပြောင်းရွှေ့ ပြီးနောက် ဟာဇက်သည် ရီးရဲအသင်းနှင့်အတူ စပိန်လာလီဂါချန်ပီယံဆု ဖလား၊ ချန်ပီယံလိဂ်ချန်ပီယံဆုဖလားတို့ကို ရယူနိုင်ခဲ့မည်ဆိုပါက ဆုကြေးငွေအဖြစ် ပေါင် ၁၅ သန်း ကျော် ထပ်မံရရှိဖွယ်ရှိကြောင်း၊ ရီးရဲအသင်းသည် ဟာဇက်နှင့် ချုပ်ဆိုမည့်စာချုပ်၌ ဟာဇက်အား ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၂၅၀ ပေးချေရမည်ဟူသော သတ်မှတ်ချက်ကို ထည့်သွင်းချုပ်ဆိုသွားဖွယ်ရှိကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။

 

တောင်ပံတိုက်စစ်ကစားသမား ဟာဇက်သည် ရီးရဲသို့ပြောင်းရွှေ့ရန် စိတ်ဝင်စားမှုရှိနေပြီး ချယ်လ်ဆီးအသင်း တာဝန်ရှိသူများကလည်း ၎င်းတို့အနေဖြင့် ရီးရဲအသင်းသို့ ဟာဇက်ပြောင်းရွှေ့ မည်ဆိုပါက တားဆီးပိတ်ပင်သွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

 

ချယ်လ်ဆီးအသင်းသည် ဟာဇက်၏ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀ဝ ဝန်းကျင် တောင်းဆိုဖွယ်ရှိနေသည်။ ချယ်လ်ဆီးအသင်းနှင့် တောင်ပံတိုက်စစ်ကစားသမား ဟာဇက်တို့ ချုပ်ဆိုထားသည့် လက်ရှိ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရန် ဟာဇက်က ငြင်းဆိုထားခြင်းကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်နွေရာသီဈေးကွက်ကာလအတွင်း ဟာဇက်အား ရောင်းချခြင်းမပြုခဲ့ပါက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ဆုံးရှုံးရမည့်အခြေအနေတွင် ရှိနေသည်။

 

ချယ်လ်ဆီးအသင်းသည် လာမည့်ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကာလနှစ်ခုအတွင်း ကစားသမားသစ် ခေါ်ယူခြင်းမပြုရန် ပိတ်ပင်ခံထားရခြင်းကြောင့် ဟာဇက်ကို ရောင်းချခဲ့ပါက ၎င်း၏ နေရာတွင် ပြန်လည်အစားထိုးမည့် ကစားသမားအား ခေါ်ယူနိုင်မည် မဟုတ်ပေ။ ဟာဇက်အား ခေါ်ယူရေးအတွက် ရီးရဲအသင်းသည် ချယ်လ်ဆီးအသင်းထံ ကမ်းလှမ်းသွားရန် အဆင်သင့်ရှိနေပြီး ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ဟာဇက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘော တူညီမှု ရရှိရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုဆိုသည်။

 

အသက် ၂၈ နှစ်အရွယ်ရှိ ဟာဇက်သည် ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် စုစုပေါင်း ၄၆ ပွဲ ပါဝင်ကစားထားကာ ၁၉ ဂိုး သွင်းယူထားသူဖြစ်သည်။

 

ထက်အောင်