ချယ်လ်ဆီးရဲ့ကြယ်ပွင့်ကစားသမား မက်ဆန်မောင့်

စတန်းဖို့ဒ်ဘရစ်ချ်ကနေ လူငယ်ကစားသမားကောင်းတွေ မထွက်ပေါ်တာဟာ ကာလအတန်ကြာခဲ့ပြီ။ လူငယ်ကစားသမားတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ကြားက ကွာဟမှုတံတိုင်းက လွန်ခဲ့တဲ့နှစ်တွေကတည်းက အတော်ကလေးကို မြင့်မားလွန်းခဲ့တယ်။ ဒီနှစ်က အရင်နှစ်နေတွေနဲ့မတူ။ ချယ်လ်ဆီးအသင်းမှာ အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ်ကစားသမားတွေ နေရာရလာခဲ့ပြီလို့ပြောရမယ်။ 


ချယ်လ်ဆီးအသင်းအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာကတည်းက လူငယ်ကစားသမားတွေကို အသင်းကြီးမှာ အားဖြည့်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ ကြတယ်။ အထူးသဖြင့် မက်အက်ခရမ်နဲ့ ချာလိုဘတ်လို ကစားသမားမျိုးတွေကိုပေါ့။ သူတို့နှစ်ဦးဆိုရင်လည်း လူငယ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ရှိနေခဲ့ပေမယ့် အသင်းကြီးမှာကစားခွင့်ရတော့ ခြေစွမ်းပြနိုင်ခြင်း မရှိဘူး။ နောက်ဆုံးတော့ အသင်းကို စွန့်ခွာသွားရတဲ့အခြေအနေအထိ ရောက်ရှိသွားခဲ့ကြတယ်။ ဒါ့အပြင် အလားအလာရှိတဲ့ ဒီဘရူနီ၊ ဆာလတ်တို့လို ကစားသမားမျိုးတွေကိုလည်း ချယ်လ်ဆီး အသင်းအနေနဲ့ ထိန်းထားနိုင်ခြင်း မရှိခဲ့ဘူး။ အခုတော့ ချယ်လ်ဆီးအသင်းဟာ မန်နေဂျာလမ်းပတ်ရဲ့လက်အောက်မှာ လူငယ်ကစားသမားတော်တော်များများ နေရာရနေခဲ့ပြီ။ အဲဒီ ထဲမှာတော့ မက်ဆန်မောင့်က တစ်ဦးအပါအဝင်လို့ ပြောရမယ်။ 


မက်ဆန်မောင့်ဟာ အင်္ဂလန်နိုင်ငံ ပို့စမောက်မြို့မှာ မွေးဖွား ခဲ့တာဖြစ်ပြီး အသက်လေးနှစ်သားအရွယ်ကတည်းက ပို့ စမောက်၊ ဆောက်သမ်တန်နဲ့ ချယ်လ်ဆီးအသင်းအကယ်ဒမီမှာ တစ်လှည်စီလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကို ၂၀ဝ၅ ခုနှစ် အသက် ခြောက်နှစ်အရွယ်မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့
သူဟာချယ်လ်ဆီးအသင်းရဲ့လူငယ်အသင်းတွေတိုင်းမှာပါဝင်ကစားပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 


၂၀၁၆-၁၇ ရာသီမှာတော့သူဟာ ချယ်လ်ဆီးယူ-၂၁ အသင်းနဲ့အတူ ပွဲပေါင်း ၃၀ ပါဝင်ကစားပြီး ၁၀ ဂိုးသွင်းယူပေး ထားနိုင်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လ မှာအသင်းက သူ့ကို လေးနှစ်စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ သူဟာအသင်းနဲ့စာချုပ်ချုပ်ဆိုပြီးမကြာခင်မှာပဲ ဟော်လန်ကလပ် ဗီတီစီအသင်းမှာ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ အဲဒီအသင်းမှာတော့ သူဟာပြိုင်ပွဲစုံမှာ ၃၉ ပွဲအထိပါဝင် ကစားခွင့်ရခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့တယ်။


သူ့အနေနဲ့ ဟော်လန်ကလပ် ဗီတီစီအသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ ကစားခွင့် မရသေးပါဘူး။ ဒါကြောင့် လည်း ပြီးခဲ့တဲ့ရာသီက သူဟာ လိဂ်ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းမှာ တစ်ရာသီအငှားနဲ့ သွား ရောက်ကစားခဲ့ ရပါ တယ်။ သူဟာ ဒါဘီ အသင်း မှာတော့ ပြိုင်ပွဲစုံ ၄၄ ပွဲအထိပါဝင်ကစားခွင့် ရခဲ့ပြီး ၁၁ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒါဘီအသင်းကို လမ်းပတ်ကိုင်တွယ်ခဲ့ တာဖြစ်ပြီး မက်ဆန် မောင့်ဟာ ဒါဘီမှာတော့ လမ်းပတ်အားကိုးရတဲ့ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းမှာ ကစားခဲ့တဲ့သူ့ရဲ့ခြေစွမ်းခြေစတွေကို နှစ်သက်လွန်းတာကြောင့်လည်း ဒီနှစ်ရာသီမှာတော့ လမ်းပတ်ဟာ မက်ဆန်မောင့်ကို အငှားချထားခြင်းမရှိဘဲ အသင်းမှာပဲ ဆက်လက်ကစား စေခဲ့ပါတယ်။ ဒါ့အပြင် လမ်းပတ် အတွက်ကလည်း ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ခေါ်ယူခွင့်ကို ပိတ်ပင်ခံထားရခဲ့ရတယ်။ ဒါကြောင့်လည်း လမ်းပတ်အနေနဲ့ အသင်းရဲ့အရည် အချင်းရှိတဲ့ လူငယ်ပါရမီရှင် ကစားသမားတွေကို ပွဲထုတ်တာဟာအကောင်းဆုံးဖြစ်မယ် လို့ ဆိုရမယ်။ 


ဒါကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ ဇူလိုင်လ ၁၅ ရက်မှာ မက်ဆန်မောင့်ကို ငါးနှစ်စာချုပ်ချုပ်ဆိုပြီး အသင်း မှာ ဆက်လက်ရှိနေစေခဲ့တယ်။ သူဟာ ဒီနှစ်ရာသီမှာတော့ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီမီယာလိဂ်သုံးပွဲနဲ့ ဥရောပ စူပါဖလား တစ်ပွဲပါဝင်ကစားထားခဲ့တယ်။ လက်ရှိအချိန်မှာ သူဟာ ပရီမီယာလိဂ် သုံးပွဲမှာ နှစ်ဂိုးသွင်းယူထားပြီး စောင့် ကြည့်ရမယ့်လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရ ပြီလည်းဖြစ်တယ်။ သူဟာ မန်ယူအသင်းကို ရှုံးခဲ့တဲ့ပွဲမှာတော့ စွမ်းဆောင်ရည်အနည်းငယ်ကျခဲ့ပေမယ့် လက်စတာ၊ နော့ဝှစ်ချ် အသင်းတို့နဲ့ ကစားတဲ့ပွဲမှာတော့ သူ့ရဲ့ကစားအားဟာ အမြင့် ဆုံးရှိခဲ့တယ်။ 


ဒါကြောင့်လည်း ဒီနှစ်ရာသီမှာတော့ ချယ်လ်ဆီးအသင်း အနေနဲ့ ကစားသမားသစ်ခေါ်ယူခွင့်မရှိခြင်းဟာ မက်ဆန်မောင့် တို့လို ကစားသမားမျိုးတွေအတွက်တော့ ပါဝင်ကစားခွင့်ရဖို့ အတွက် အခွင့်အရေးကောင်း တစ်ခုလို့လည်း ဆိုရမှာပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ကာလတာရှည်စွာပျောက်ဆုံး နေခဲ့တဲ့ အသင်းအကယ်ဒမီထွက်ပါရမီရှင်ကစားသမားဟာ ပေါ်ထွက်လာပြီလားဆိုတာကိုတော့ မက်ဆန်မောင့်ရဲ့ ခြေစွမ်း နဲ့အတူဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ အောင်က