ချယ်လ်ဆီးတို့ အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကြီးအား သိမ်းပိုက်

၃၀  မေ

ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲကြီးကို မေ ၂၉ ရက်နေ့ည ၁ ခွဲအချိန်က ဘာကူမြို့ရှိ အိုလံပစ်အားကစားကွင်းကြီး၌ ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်လ်ဆီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရရှိကာ ယူရိုပါလိဂ်ဖလားကြီးကို သိမ်းပိုက်ရယူသွားခဲ့သည်။

ယခုပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိသွားခဲ့သည့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂီရော ပါဝင်လာခဲ့သည်။ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ နှစ်သင်းစလုံးဟာ ပြိုင်ပွဲစတင်သည့်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲကို ထိန်းကစားလာခဲ့ကြသော်လည်း ဘောလုံးပေးပို့မှုများနှင့် ဂိုးသွင်းယူမှုအဆုံသတ်ပိုင်းများတွင် လိုအပ်များကို တွေ့နေရသည်။ ဇာဟာရဲ့ အဝေးကန်သွင်းချက် ဂိုးဘားတန်းပေါ်က ကျော်တက်သွားခဲ့လို့ အာဆင်နယ်အသင်း နစ်နာခဲ့ရသလို ဂီရောရဲ့ ကန်သွင်းချက်ကို အာဆင်နယ်ဂိုးသမား ပီတာချက်ဇ် ကာကွယ်သွားခဲ့လို့ ချယ်လ်ဆီးအသင်းအတွက်လည်း ဂိုးနစ်နာခဲ့ရသည်။

ဒုတိယပိုင်းစတင်ချိန်မှာတော့ ချယ်လ်ဆီးအသင်းက ပွဲကိုပိုမိုစိုးမိုးလာခဲ့ပြီး အာဆင်နယ် အသင်းဘက်ကို ပိုမိုဖိအားပေးကစားလာခဲ့ရာ ပွဲချိန် ၄၉ မိနစ်တွင် ဂီရောက ချယ်လ်ဆီးအသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့သည်။ ဂီရောဟာ ယခုသွင်းဂိုးကြောင့် သွင်းဂိုး ၁၁ ဂိုးအထိရရှိကာ ဒီနှစ်သွင်းဂိုးအများဆုံး သွင်းယူခဲ့သူ ဖြစ်လာခဲ့သည်။

 

mdn

 

အာဆင်နယ်အသင်း ချေပဂိုးရရှိရေးအတွက် ကြိုးစားလာခဲ့သော်လည်း ကစားသမားတွေ ဘောလုံးကစားပုံ အချိတ်အဆက် အပေးအယူများ လိုအပ်ချက်ရှိနေခဲ့သလို ချယ်လ်ဆီး ကစားသမားတွေက အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်း ချေပဂိုးရရှိဖို့ ခက်ခဲ့နေခဲ့သည်။

ပွဲချိန် မိနစ် ၆၀ အရောက်မှာတော့ ဟာဇက်ပေးပို့လိုက်သည့် ဘောလုံးကို ပက်ထရို က အသာအယာ ကန်သွင်းခဲ့တာကြောင့် ချယ်လ်ဆီးတို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။ ဆက်တိုက်ဆိုသလို ပွဲချိန် ၆၅ မိနစ်တွင် ချယ်လ်ဆီးအသင်း ပယ်နယ်တီ ရရှိခဲ့ပြီး ဟာဇက်က အမှားမရှိ ကန်သွင်းကာ သုံးဂိုးပြတ်ဖြင့် ဦးဆောင်နေခဲ့သည်။

 

mdn

 

ပွဲချိန် ၆၆ မိနစ်တွင် အာဆင်နယ်အသင်းသည် မိုရီရယ်၊ တော့ရဲရားတို့ကိုထုတ်ပြီး ဂန်ဒွန်ဇီနှင့် အိုဝီဘီတို့ကို ထည့်သွင်းကစားစေခဲ့ပြီး ၆၉ မိနစ်တွင် အိုဝီဘီက ပယ်နယ်တီဧရီယာထိပ်ကနေ လှလှပပ အပြင်းကန်သွင်းခဲ့တာကြောင့် အာဆင်နယ်အသင်း ချေပဂိုးစတင်ရရှိခဲ့သည်။ အာဆင်နယ်ကစားသမားတွေရဲ့ အမှားအယွင်းတွေနှင့် ကစားပုံ အထလေးနေပုံတွေကို ချယ်လ်ဆီးအသင်းက အကောင်းဆုံး အသုံးချပြီး ကစားထားတာကိုလည်း တွေ့ရသည်။ ပွဲချိန် ၇၃ မိနစ်တွင် ဂီရော ပေးပို့လိုက်သည့် ဘောလုံးကို ဟာဇက်မှ သွင်းယူသွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်း လေးဂိုးအထိ ရရှိခဲ့သည်။ အာဆင်နယ်အသင်းဟာ ချေပဂိုးရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း ဂိုးသွင်းယူမှုအပိုင်းများတွင် အားနည်းချက်များ ရှိနေခဲ့သဖြင့် လေးဂိုး-တစ်ဂိုးဖြင့် ပွဲပြီးဆုံးသွားခဲ့ပြီး ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဖလားကြီးကို သိမ်းပိုက်သွားခဲ့သည်။

MDN

 

mdn