ကြီးအုံကြီးဝတမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းလာ

ပွင့်ဖြူ စက်တင်ဘာ ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှု တိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသည့်အတွက် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာကြောင်း တမံတာဝန်ခံ ဦးစိုးတင့်ထံမှ သိရသည်။   

 

ယနေ့ နံနက် ၆  နာရီ တိုင်းထွာရာ၌ တမံရေပိုလွှဲမှ ၄ ဒသမ ၉ ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း၊ တမံကြံ့ခိုင်မှု အခြေအနေကိုလည်း ရေကင်းတာဝန်ကျ ဝန်ထမ်းများက အလှည့်ကျ စောင့်ကြည့်စစ်ဆေးခြင်း၊ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)