ကြီးကြီးမားမား ထိခိုက်တာမျိုး မရှိဘဲနဲ့ သွေးခြည်ဥ အညိုအမဲစွဲတာတွေ ဖြစ်နေပြီလား။ ။

ကြီးကြီးမားမား ထိခိုက်မိတာမျိုးတွေလည်း မရှိဘဲနဲ့ လက်တွေ ခြေထောက်တွေမှာ ခဏခဏ အညိုအမဲစွဲ သွေးခြည်ဥတာမျိုးတွေ ဖြစ်နေပြီလား။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့် အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။

 

 

အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမဲစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။

 

 

သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမဲတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမဲ စွဲတတ်ပါတယ်။ အသေးအမွှား အညိုအမဲစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့် ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့  အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

 

 

သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေတွေ့ရင် ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

 

 

•           ထိခိုက်မိတာတော့ နည်းနည်းလေး ဒါပေမယ့်သွေးခြည်ဥနေတာက အကြီးကြီးဖြစ်နေတာ

 

 

•           အကြောင်းအရာတိတိပပ မရှိဘဲနဲ့ သွေးခြည်ဥရာတွေ အများကြီးပေါ်နေတာ

 

 

•           သွေးခြည်တစ်ခါဥ ပြီးသွားရင် ပြန်ပျောက်အောင် လနဲ့ချီပြီးစောင့်ရတာ

 

 

•           ထိခိုက်မိပြီး သွေးထွက်တာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ မတိတ်တာမျိုးတွေ ဖြစ်နေရင် ဒါပုံမှန် မဟုတ်ဘူးလို့ ယူဆိုလို့ရပါတယ်။

 

 

ဒါဆို ဒီလို ကြီးကြီးမားမား ထိခိုက်ထားတာမျိုးတွေ မရှိဘဲနဲ့ သွေးခြည်ဥတာလွယ်လွယ်ဖြစ်နေရတာ ဘာ့ကြောင့်လဲ။ နည်းနည်းပါးပါးထိခိုက်မိရုံလောက်နဲ့ သွေးခြည်ဥတာ မဖြစ်တတ်ကြဘူးလေ။

 

 

သွေးခြည်ဥလွယ်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ။

 

 

အသက်ကြီးတဲ့သူတွေ

 

 

အသက်ကြီးလာတဲ့အခါ သွေးကြောလေးတွေက ပါးပါးလာပြီး အားနည်းလာတာကြောင့် နည်းနည်းလေး ထိခိုက်မိတာနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အသက်ကြီးတော့ ပါးလာတဲ့ အရေပြားကြောင့်လည်း သွေးခြည်ဥတာတွေ ပိုပြီး ထင်းနေတတ်ပါတယ်။

 

 

သောက်ဆေးများ။

 

 

•           သွေးကျဲဆေး – သွေးကျဲဆေးဆိုတော့ ထုံးစံအတိုင်း သွေးခဲမဖြစ်အောင် ကာကွယ်ပေးနေရတော့ ဒီဆေးတွေ စွဲသောက်ပါများလာရင် နောက်ပိုင်း နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးထွက်လွယ်နေတတ်လို့ သွေးခြည်ဥတာမျိုးတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ နာမည်ကြီးတွေကတော့ waffrin တို့ heparin ပေါ့။

 

 

 

•           တစ်ချို့တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba၊ ဂျင်ဆင်းနဲ့ ကြက်သွန်ဖြူ ဂျင်းတွေ အများကြီးပါတဲ့ တိုင်းရင်းဆေးတွေကျတော့ သွေးကြောတွေကို အားနည်းစေပြီး သွေးယိုတဲ့ ပြဿနာကိုဖြစ်စေတတ်ပါတယ်။

 

 

•           စတီးရွိုက်တို့၊ စိတ်ကျရောဂါဆေးတို့ကလည်း သွေးကြောတွေကို တဖြည်းဖြည်း ပါးလာစေတာကြောင့် သွေးခြည်ဥတာ အလွယ်တကူ ဖြစ်စေတတ်ပါတယ်။

 

 

ဒါ့ကြောင့်ဒီဆေးတွေသောက်ပြီး ကိုယ့်ဆီမှာ သွေးခြည်ဥတာ၊ ထိခိုက်မိပြီးရင် သွေးတော်တော်နဲ့ မတိတ်တာမျိုး ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ သေချာ ဆွေးနွေးပြီး ဆေးကနေရမယ့် အကျိုးနဲ့ ဆိုးကျိုးကို ပြန်ချိန်ဆသင့်ပါတယ်။

 

 

အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ အသည်းရောဂါဖြစ်နေတဲ့သူတွေ။

 

 

ကိုယ်ခန္ဓာမှာ သွေးထွက်ခဲ့ရင် သွေးတိတ်အောင်လုပ်ဖို့အတွက် အသည်းကနေ သွေးတိတ်စေတဲ့ ပရိုတင်းလေးတွေထုတ်ပေးရပါတယ်။ ဒီတော့ သွေးတိတ်စေဖို့အတွက် အသည်းရဲ့လုပ်ဆောင်မှုကလည်း အရေးကြီးသေးတာပေါ့။ ဒီတော့ အသည်းကိုပျက်စီးစေတဲ့ ပြဿနာတွေဖြစ်တဲ့ အရက် အလွန်အကျွံ သောက်တာ၊ အသည်းခြောက်တာနဲ့ အသည်းရောဂါဖြစ်နေတဲ့ ပြဿနာမျိုးတွေမှာ သွေးခြည်ဥတဲ့ပြဿနာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။

 

 

သွေးနဲ့ပက်သက်တဲ့ ရောဂါတစ်ခုခုခံစားနေရတာ

 

 

မွေးရာပါ သွေးခဲခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ တစ်ခုဖြစ်တဲ့ Von Willebrand disease ဝေဒနာခံစားနေရတဲ့သူတွေမှာ သွေးတိတ်စေဖို့ တကယ်ကို အရေးကြီးတဲ့ Von Willebrand  ပရိုတင်းလေးပါမလာတာ၊ နည်းနေတာကြောင့်  သွေးခြည်ဥတဲ့ ပြဿနာ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဒီ Von Willebrand ပြဿနာက မျိုးရိုးဗီဇပြဿနာဖြစ်တာကြောင့် အသက်ာကီးတဲ့သူတွေထက် မွေးကင်းစကလေးတွေနဲ့ ငယ်တဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။

 

 

ဗီတာမင် ချို့တဲ့မှု

 

 

ဗီတာမင်တွေထဲမှာ သွေးနဲပက်သက်လို့ တာဝန် အရှိဆုံကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ချို့တဲ့ရင် သွားဖုံးသွေးယိုတဲ့ ပြဿနာဖြစ်တယ်ဆိုတာ ကြားဖူးတယ်မလား။ နောက်သွေးထွက်တာ သွေးတိတ်တာနဲ့ ပက်သက်လို့တာဝန်ရှိတဲ့ ဗီတာမင် တစ်ခုကတော့ ဗီတာမင် K ပဲ ဖြစ်ပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့သူတွေဟာ အခြားသူတွေထက်စာရင် သွေးတိတ်တာပိုကြာတတ်ပြီး သွေးခြည်ဥတာလည်း ပိုလွယ်တတ်ပါတယ်။

 

 

သွေးကြောရောင်ခြင်း။

 

 

သွေးကြောရောင်တဲ့ပြဿနာရှိတဲ့သူတွေမှာ သွေးကြောတွေပုံမှန်မဟုတ်တာကြောင့် သွေးယိုတာတွေနဲ့ သွေးခြည်ဥတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

 

 

Senile purpura

 

 

ဒါကတော့ အသက် ၅၀ နောက်ပိုင်း လူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လက်ပြင်နားတွေမှာ ခရမ်းရောင်ပြင်လိုက် အညိုအမဲစွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ထိခိုက်မိတာသေးသေးလေးတစ်ခုကနေ ဖြစ်တာဖြစ်ပြီး ပြန်ပျောက်ဖို့အချိန်ယူရတဲ့အပြင် အရွယ်အစားကလည်း ပုံမှန်ထက်ပိုကြီးနေတတ်ပါတယ်။ ဒီလို ပြဿနာဖြစ်နေတဲ့သူတွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချရမှာ ဖြစ်ပါတ်ယ။

 

 

သွေးကင်ဆာ

 

 

သွေးနဲ့ပက်သက်တဲ့ ပြဿာနတွေ ဖြစ်တယ်ဆိုတော့ သွေးကင်ဆာကို ချန်ခဲ့လို့ လုံးဝမရဘူးပေါ့။ ရိုးတွင်းခြင်ဆီကင်ဆာ၊ သွေးကင်ဆာ စတဲ့သွေးနဲ့ဆိုင်တဲ့ ကင်ဆာတွေ အားလုံးက သွေးခြည်ဥလွယ်တာ သွေးယိုတာစတဲ့ ပြဿနာတွေကို ဖြစ်စေမှာပါ။

 

 

ဘယ်လိုအချိန် ဆရာဝန်ဆီသွားပြရမလဲ။

 

 

•           ပုံမှန်ထက်ပိုပြီး သွေးခြည်ဥတာကြီးနေမယ်

 

•           နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာတွေ ဖြစ်တော့တာပဲ

 

•           သွေးခြည်ဥ အညိုမဲစွဲတာတွေအပြင် မျက်လုံးတွေ အသားတွေဝါလာတာ

 

•           စွဲသောက်နေတဲ့ဆေးတွေကြောင့်လားဆိုပြီး သံသယရှိတဲ့အခါနဲ့

 

•           သွေးခြည်ဥတဲ့နေရာက နာနေတတ်ပြီး ပြန်ပျောက်ဖို့ အချိန်တော်တော်ကြာ နေတဲ့ အခါမျိုးတွေမှာ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ် ။။

 

 

ရေးသားသူ -Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”