ကိုဗစ် - ၁၉၊ အိမ်မွေးခွေးနှင့် Mink

၁၃   ဇွန်

ကိုဗစ် - ၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါကြီးဟု ကြေညာပြီးသည့်နောက်ပိုင်းတွင် လူတို့သည် သူတို့၏ ကျန်းမာရေး ကိစ္စအပြင် သူတို့မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်တို့၏ ကျန်းမာရေးကိစ္စကိုပါ စိုးရိမ်လာကြပါသည်။ သူတို့ စိတ်ပူကြသည့် အဓိကအချက်မှာ အိမ်မွေးတိရစ္ဆာန်များ ထံမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်မည်လားဆိုသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံရှိ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှ "ယခု အချိန်အထိ အိမ်မွေးတိရစ္ဆာန်များမှ လူသို့ ကိုဗစ်ရောဂါ ကူးစက်သည့် အထောက်အထား မရှိသေးပါ'' ဟု ကြေညာ ခဲ့ရသည်။

လတ်တလောအချိန်အထိ ကိုဗစ် - ၁၉ ရောဂါအတည်ပြုမှုကို အိမ်မွေးကြောင်များနှင့် တိုင်းတစ်ပါးမှ တင်သွင်းလာသော ကြောင်မျိုးနွယ်ဝင်များ (Exotic cats) မှာသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကြောင်များတွင် ရောဂါလက္ခဏာ ခပ်ပျော့ပျော့သာ ပြ

ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ Bronx Zoo မှ နာဒီယာအမည်ရှိ မလေးရှားကျားသည် ပထမဆုံး ကိုဗစ်-၁၉ ရောဂါအတည်ပြုခဲ့သော Exotic cat ဖြစ်သည်။ အခြားကျားများနှင့် ခြင်္သေ့ရှစ်ကောင်တွင် ထပ်မံတွေ့ရှိ ခြင်း၊ နယူးယောက်မြို့မှ အိမ်မွေးကြောင် နှစ်ကောင်၊ ဟောင်ကောင်မှ အိမ်မွေးကြောင်တစ်ကောင်၊ ဘယ်လ် ဂျီယံနိုင်ငံမှ ကြောင်တစ်ကောင်၊ ရုရှားနိုင်ငံမှ ကြောင်တစ် ကောင်တို့ကို ရောဂါအတည်ပြုခဲ့သော်လည်းကြောင် အများစုက ရောဂါလက္ခဏာ ခပ်ပျော့ပျော့သာ ပြခဲ့ကြ သည်။

ထိုကြောင်များနှင့် တောရိုင်းကြောင်မျိုးနွယ်ဝင် များကို ရောဂါကူးစက်ပုံမှာ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များနှင့် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်ထားသည့် တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းမှ ကူးစက်သွားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဒုတိယမြောက်တွေ့ရသည်မှာ နယူးယောက်မြို့ရှိ သီးခြားပိုင်ရှင်နှစ်ဦး၏ ကြောင်နှစ်ကောင်ကို ကူးစက်ခြင်းဖြစ်ပြီး တတိယမြောက် အိမ်မွေးကြောင်က မင်နီဆိုတာပြည်နယ်မှ ဖြစ်၏။ ထိုသတင်းများကြောင့် ကိုဗစ် - ၁၉ ရောဂါပိုးကို ကြောင်များမှာ တွေ့ရသလို ခွေးများမှာပါ ကူးစက်နိုင်မလားဟု အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များက စိုးရိမ်ပူပန်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာကပင် တိရစ္ဆာန်တို့မှာ ရှိနေခဲ့သော ဗိုင်းရပ်စ်ဖြစ်သောကြောင့် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်သည် ခွေးတို့၏ ကျန်းမာရေးကို မခြိမ်းခြောက်နိုင်သော်လည်း ရောဂါအတည်ပြုမှု (Positive) ဖြစ်နိုင်သည်ဟု ပညာရှင် များက ဆိုပါသည်။

မြောက်ကယ်ရိုလိုင်းနားမှ ဝင်စတန်(Winston) ဟု အမည်ရှိသော Pug dog လေးကို အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုနိုင်သည့် ပထမဆုံးခွေးအဖြစ် ယခင်ရက်ပိုင်းက ကြေညာခဲ့သည်။ ထိုခွေး၏ ပိုင်ရှင် မိသားစုဝင် သုံးဦးအနက် နှစ်ဦးသည် ကိုဗစ် - ၁၉ ရောဂါအတွက် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေရသော ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပြီး ရောဂါပိုးအတည်ပြု လူနာများလည်း ဖြစ်နေကြသည်။ သို့သော် ထိုခွေးလေးကို နောက်ထပ်စစ်ဆေးမှုများ လုပ်သောအခါ အတည်ပြု ချက် မပြတော့ပါ။

မြုပ်ချည်ပေါ်ချည် ဖြစ်တတ်

ဟောင်ကောင်မှာရှိသော အိမ်မွေးခွေး နှစ်ကောင်က ရောဂါပိုးအတည်ပြုမှု ထွက်ပေါ်လာပြန်သည်။ ရောဂါအတည်ပြုနိုင်သော အိမ်မွေးခွေး ပိုင်ရှင်များမှ ကူးစက်ခံရသည်ဟု ဆိုသည်။ သို့သော် ခွေးများတွင် ရောဂါလက္ခဏာ လုံးဝမပြပေ။ ဟောင်ကောင်ကျန်းမာရေးဌာနက ခွေးများမှာ ကိုဗစ်-၁၉ ရောဂါဝင်လျှင်ရောဂါလက္ခဏာ မြုပ်ချည်ပေါ်ချည်ဖြစ်တတ်သည်ဟု ဆိုပါသည်။ မတ်လ ၂၅ ရက်နေ့က ဟောင်ကောင် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း လေ့လာရေးဌာနသည် ကိုဗစ်- ၁၉ လူနာများ၊ ရောဂါပိုး အတည်ပြုပြီး လူများနှင့် နီးနီးကပ်ကပ်ရှိနေခဲ့သော အိမ်မွေးခွေး ၁၇ ကောင်၊ အိမ်မွေးကြောင် ရှစ်ကောင်တို့ကို စမ်းသပ်စစ်ဆေးခဲ့ရာ ခွေးနှစ်ကောင်မှာသာ ရောဂါပိုး အတည်ပြုမှုရလဒ် ထွက်လာသည်။ ဟောင်ကောင်မှ တာဝန်ရှိပုဂ္ဂိုလ်များက အိမ်မွေးခွေး၊ ကြောင်တို့တွင် ကိုဗစ် - ၁၉ ရောဂါ အလွယ်တကူ မကူးစက်နိုင်သလို သူတို့ထံမှလူကို ပြန်လည်ကူးစက်ခြင်းမရှိပါဟု ပြောကြား ခဲ့ပါသည်။

အမေရိကန်နိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းကြီးက ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်ပြီး အိမ်မွေး ကြောင်၊ Ferret ၊ ဟမ်စတာနှင့် ခွေးများကို စမ်းသပ်ခန်းထဲ ၌ လေ့လာမှုအမျိုးမျိုး ပြုလုပ်ခဲ့ကြပါသည်။ သို့သော် ထိုလေ့လာမှုများသည် တစ်ကမ္ဘာလုံး အတိုင်းအတာကို ကိုယ်စားပြုနိုင်ခြင်း မရှိသေးပေ။

ပထမဆုံး ကိုဗစ် အတည်ပြုခွေး တစ်ကောင် ပေါ် ထွက်ခဲ့

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ အမေရိကန်နိုင်ငံ၏ ပထမဆုံး ကိုဗစ်အတည်ပြု ခွေးတစ်ကောင် ပေါ်ထွက်ခဲ့သည်။ ထိုခွေးသည် German Shepherd အမျိုးအစားဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် ခွေးပိုင်ရှင်ထံမှ ကူးစက်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြီး လုံးဝပြန်လည်ကျန်းမာမည်ဟု မျှော်လင့်ထားကြသည်။ ထိုခွေးမှလူသို့ ပြန်လည် ကူးစက်သော အထောက်အထားကတော့ တစ်ခုမှ မရှိ သေးပါ။

ဤ ဖြစ်ရပ်သည် ကိုဗစ် - ၁၉ အတည်ပြုလူနာများ အနေဖြင့် မိမိ၏ အိမ်မွေးတိရစ္ဆာန်များ၊ အခြားတိရစ္ဆာန် များအား ရောဂါပိုး မကူးစက်အောင် ကာကွယ်သင့်သည် ဆိုသောအချက်ကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်ဟု ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ ပြောရေး ဆိုခွင့်ရှိသူ Kate Grusich က ပြောကြားခဲ့သည်။

ခွေးပိုင်ရှင်၏ ရောဂါအတည်ပြုချက်ထွက်လာပြီး မကြာခင် သူ့ခွေးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများ ခံစားလာရသောကြောင့် ပုဂ္ဂလိက Vet Lab မှာ ဦးစွာစစ်ဆေးခဲ့ပြီး မှန်ကန်သည်ဟု မှတ်ယူရသော ရောဂါ အတည်ပြုမှုရခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) လက်အောက်ရှိ တိရစ္ဆာန်ဆေးကု ဆိုင်ရာဓာတ်ခွဲခန်းတွင် ထပ်မံစစ်ဆေးခဲ့ရာ ခွေးတွင် ဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါ ပထမဆုံးအတည်ပြုမှုအဖြစ် သေချာစေခဲ့ပါသည်။

တစ်အိမ်တည်းမှာ မွေးမြူထားသော ဒုတိယ ခွေးတစ်ကောင်ကို စစ်ဆေးကြည့်ရာ ဓာတ်ခွဲအတည်ပြုမှု မတွေ့ရှိရ သော်လည်း ထိုခွေး၏ ခုခံအားစနစ်တွင် ကိုဗစ် - ၁၉ ရောဂါအတွက် ခုခံနိုင်အား (antibody) ကို တွေ့ရှိရသဖြင့် ရောဂါပိုးနှင့် ထိတွေ့မှုရှိခဲ့ကြောင်း USDA အဆိုအရ သိရသည်။

အရေအတွက် ၂၀ အောက်တွင်သာရှိ

သို့ရာတွင် အမေရိကန်နိုင်ငံ တိရစ္ဆာန်ဆေးပညာ ဆရာဝန်များအသင်းကြီး (AVMA) ၏ ပြောကြားချက်အရ ကိုဗစ်အတည်ပြုလူနာများမှ အိမ်မွေးတိရစ္ဆာန်သို့ ရောဂါ ကူးစက်နိုင်ခြေသည် အလွန်နည်းပါးနေပါသေးသည်။ တစ်ကမ္ဘာလုံးအနက် SARS-CoV-2 အတည်ပြုနိုင်သည့် အိမ်မွေးတိရစ္ဆာန်များသည် အရေအတွက် ၂၀ အောက် တွင်သာ ရှိနေသည်။ တစ်ကမ္ဘာလုံးရှိ ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသော အိမ်မွေးတိရစ္ဆာန်အများစုသည် ရောဂါပိုး အတည်ပြုလူနာများနှင့် နီးကပ်စွာထိတွေ့ခဲ့ပြီးမှ ကူးစက်ခံရခြင်းဖြစ်ရာ အချို့သော အခြေအနေများတွင် လူမှတိရစ္ဆာန်သို့ ရောဂါကူးစက်ပျံ့နှံ့နိုင်သည့် အကြောင်းက ဦးစွာပေါ်လာပါသည်။

အိမ်မွေးခွေးတွင် ပထမဆုံး ရောဂါပိုးအတည်ပြုနိုင်သည့် German Shepherd ခွေးတစ်ကောင် ပေါ်လာပြီ ဖြစ်သော်လည်း ကျွမ်းကျင်သူပညာရှင်တို့၏ ညွှန်ကြားချက်က ယခင်ကအတိုင်းပင် ဖြစ်သည်။

ခွေးပိုင်ရှင်သည် ကိုဗစ်-၁၉ အတည်ပြု လူနာဖြစ်ပါက သို့မဟုတ် မကျန်းမာသည့် လက္ခဏာများ ခံစားလာရပါက မိမိ၏အိမ်မွေး တိရစ္ဆာန်များနှင့် ခပ်ဝေးဝေးနေပါ။ မျက်နှာစည်း ဝတ်ဆင်ပါ။ တိရစ္ဆာန်များကို အစာမကျွေးခင်နှင့် အစာ ကျွေးပြီးနောက် စက္ကန့် ၂၀ ကြာအောင် လက်ဆေးပါ။ ကိုဗစ် - ၁၉ ရောဂါ ခံစားနေရသော ပိုင်ရှင်သည် ခွေး၊ ကြောင်တို့ကို ထိတွေ့ကိုင်တွယ် ခြင်း၊ ပွတ်သပ်ချော့မြှူခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်း မပြုသင့်ပါ။ ခွေး၊ ကြောင်တို့နှင့်အတူ အစာစားခြင်း၊ အတူအိပ်စက်ခြင်း မပြုသင့်ပါဟု ညွှန်ကြားထားသည်။

နောက်ထပ်သတင်းတစ်ပုဒ်မှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် နယ်သာလန်နိုင်ငံရှိ အမွေးရှည် Mink (ရေနီးကုန်းနီး ဖျံ)မွေးမြူရေးခြံများ၌ ကိုဗစ် - ၁၉ အတည်ပြု ရလဒ်ထွက်သော Mink များ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို Mink များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအပါအဝင် ကွဲပြား ခြားနားသော ရောဂါလက္ခဏာများကို ပြသခဲ့သည်။ မွေးမြူရေးခြံ အလုပ်သမားအချို့မှာလည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခဲ့ရာ Mink များထံမှ ရောဂါကူးစက်ခြင်း ဖြစ်သည်ဆိုသောအချက်က မှန်ကန် ဖွယ်ဖြစ်သည်ဟု ယူဆကြပါသည်။

ဓာတ်ခွဲခန်းတွင် သုတေသနပြုချက်များအရ Ferret များသည် SARS-CoV-2 ဗိုင်းရပ်စ် ကူးစက် နိုင်သည်ဟု သိခဲ့ရသဖြင့် အမွေးရှည် Mink များ မှာလည်း ရောဂါဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ ရောဂါလက္ခဏာပြသော အမွေးရှည် Mink များ၏ ကိုယ်တွင်းအင်္ဂါများနှင့် အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးကြည့်ရာ SARS-CoV-2 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သည်။

အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်

မွေးမြူရေးခြံထဲမှ Mink များမှာ ရောဂါတွေ့ရှိရခြင်းသည် အချင်းချင်းကူးစက်မှုကြောင့် ဖြစ်သည်ဟု ကောက်ချက်ချကြသည်။အလုပ်သမားများသို့ ရောဂါကူးစက်ခြင်းမှာ Mink များထံမှ ကူးစက်ခြင်း ဖြစ်နိုင်သောကြောင့် တိရစ္ဆာန်မှလူသို့ ရောဂါကူးစက်ခြင်း ထပ်မံမဖြစ်ပွားအောင် ဒတ်ချ်အစိုးရသည် Mink မွေးမြူရေးစခန်းများ မှ Mink များအားလုံးကို ဇွန်လ ၅ ရက်နေ့မှ စတင်ပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြီး စတင်ဖြစ်ပွားစဉ်ကပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး၏ ညွှန်ကြားချက်အတိုင်း မျက်နှာစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ နှာချေလျှင်၊ ချောင်းဆိုးလျှင် တစ်ရှူးဖြင့် ကာခြင်း၊ လူအချင်းချင်းခပ်ခွာခွာနေခြင်း စသော နည်းလမ်း များအား လူတို့က ကျင့်သားရနေပြီး ဖြစ်ပါသည်။

ယခုအခါတွင် အိမ်မွေးခွေးပိုင်ရှင်များက သူတို့၏ ခွေးများကို ကိုဗစ်ရောဂါ မကူးစက်နိုင်အောင် ကာကွယ်သည့် အနေဖြင့် ခွေးမျက်နှာစည်းများ ဝတ်ဆင်ပေးလာကြသည်။

ယခုလို ကာလတွင် အိမ်မွေးတိရစ္ဆာန်ကိုဖြစ်စေ၊ နို့တိုက်သတ္တဝါများဖြစ်သော မွေးမြူရေးတိရစ္ဆာန်များကိုဖြစ်စေ လူအချင်းချင်း မကူးစက်အောင် စောင့်ရှောက်သည့် နည်းလမ်းများအတိုင်း ကာကွယ်စောင့်ရှောက်ခြင်းသည် အမြော်အမြင်ရှိသောလုပ်ရပ်၊ ဆင်ခြင်ဉာဏ်ရှိသောလုပ်ရပ်၊ ရောဂါကာကွယ်ရေးအတွက် အရေးပါသော လုပ်ရပ်ဖြစ်သည်ဟု အကြံပြု လိုပါသည်။

ဒေါက်တာ ခင်စန်းမော်