ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျှက်ရှိသော  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင်  အဆင်ပြေ ချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့် ပြုပေးခြင်းများကို SOP နှင့်အညီ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ် ဆောင်ရွက်ပေးလျှက်ရှိသည်။

 

mdn

 

အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်း ဆိပ်ကမ်းများအပြင် တရုတ်နိုင်ငံ ကုန်သွယ်ရေးစခန်းများသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်သွယ်ရေးစခန်းများမှ တင်သွင်းနိုင်ရေး သံတမန်လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။         

သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများစိုးရိမ် ထိတ်လန့်မှု ကြီးမားလာစေရန်လည်းကောင်း၊ ဝိသမလောဘသားများက စီးပွားရေး အမြတ်ထုတ်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများကို စျေးကစားလို၍လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်သွင်းသော ဆေးဝါးနှင့် ဆေးပစ္စည်းများ တရုတ်ဖက်မှ တင်သွင်းခွင့်မပြုကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကို တွေ့ရှိရသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသာ ဆေးဝါးနှင့် ဆေးပစ္စည်းများ နယ်စပ်မှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်၍ ခွင့်ပြုပေးလျှက်ရှိကြောင်း အသိပေးကြေညာချက်ကို ဩဂုတ် ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၇၄) ခု၊ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၂) စီးဖြင့် (၃၇) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၁ ဒသမ ၄၇) တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) (၅) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၉၁၁၇)ခု၊ Oxygen Plant (၄) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၅၀၁) ခု၊ PPE အစုံ (၅၁၄၀၀)၊ လက်အိတ် တန် (၃၀) နှင့် နှာခေါင်းစီး Mask တန် (၂၁၀) တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၄၃) ခုမှ ယာဉ်စီးရေ (၈၈) စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်း ယာဉ်စီးရေ (၂၈၉) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၂၈) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၄၁) တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့အိုးဖြင့် (၅၂) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၃၄၆၆) ခု၊ Oxygen Plant (၄) ခု၊ အောက်ဆီဂျင် (Generator) (၅) ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) အခု (၃၃၆၄၀) ၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၁၉၅၀၂၂) စုံ၊ လက်အိတ် (၃၈) တန်နှင့် နှာခေါင်းစီး Mask (၄၄၈) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

ဇူလိုင်လအတွင်း ယာဉ်စီးရေ (၇၄၉) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆) ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄) ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် ကြောင်းသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်