ကိုဗစ်-၁၉ ကာကွယ်ဆေးကို မျှဝေကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပြောကြား

ဗာတီကန် ၂၆ ဒီဇင်ဘာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုဗစ်-၁၉ ကာကွယ်ဆေးကို မျှဝေကြရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းပြောကြားလိုက်ပြီး လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ဆေးများရရှိရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ခရစ္စမတ် ဆုတောင်းကို ဗာတီကန်မှနေ၍ Virtual နည်းဖြင့် ကမ္ဘာကြီးသို့ ဆုတောင်း မေတ္တာပို့သခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်က ဆုတောင်းမေတ္တာ ပို့သရာတွင် ပုပ်ရဟန်းမင်းကြီးက လတ်တလောသမိုင်းတွင် ကပ်ရောဂါ ကြောင့် ဂေဟစနစ်အကျပ်အတည်း၊ စီးပွားရေးနှင့် လူမှုရေးမညီမျှမှုများ ဖြစ်ပွားနေကြောင်း၊ ယခုလိုအချိန်တွင် အခြားအချိန်များထက် ပိုပြီး မောင်ရင်းနှမ၊ ညီရင်းအစ်ကိုများကဲ့သို့ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြု စောင့်ရှောက် ခြင်းထက် အရေးကြီးသောအရာ မရှိတော့ပြီဟု ပြောကြားလိုက်သည်။

ပုပ်ရဟန်းမင်းကြီးက ကြုံတွေ့နေရသော စိန်ခေါ်မှုများသည် အကန့်အသတ်မရှိကြောင်း၊ တံတိုင်းများဖြင့်လည်း တားဆီး၍မရကြောင်း ပြောကြားလိုက်ပြီး မိမိတို့သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

ထို့အပြင် ပုပ်ရဟန်းမင်းကြီးကကမ္ဘာပေါ်ရှိ ကလေးများ၊ အထူးသဖြင့်ဆီးရီးယားနိုင်ငံကဲ့သို့သော နိုင်ငံရှိ ကလေးများသည် လူသားချင်းစာနာ နားလည်ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြား လိုက်သည်။

အင်န်အိတ်ချ်ကေ