ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ငွေကျည်ဆန် မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ဂျီနီဗာ ၁၈ ဒီဇင်ဘာ 

ကိုဗစ် - ၁၉ကာကွယ်ဆေးဖြန့်ဝေခြင်း က ပုံမှန်ဘဝအခြေအနေကို မကြာမီ ပြန်ရောက်စေတော့မည် ဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး လက်တွေ့ကျ၊ မကျဆိုသည့်အချက် သည် အရေးကြီးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရာရှိများက သတိပေး ပြောကြားလိုက်သည်။ တချို့ အာရှနိုင်ငံများတွင် ကိုဗစ်- ၁၉ ကူးစက်မှုများ တိုးလာနေစဉ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပစိဖိတ် အနောက်ပိုင်းဒေသ ခေါင်းဆောင်က သတင်းထောက်များ ကို ဒီဇင်ဘာ ၁၇ ရက်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပစိဖိတ် အနောက်ပိုင်းဒေသ ညွှန်ကြားရေးမှူး ကာဆိုင်းတာကီရှိက ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မကြာတော့သော အနာဂတ်ကာလတွင် ကိုဗစ်၁၉ ကပ်ရောဂါကို အဆုံးသတ်ပေးမည့် ငွေကျည်ဆန်များ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဘေးကင်းလုံခြုံ စိတ်ချရပြီး အစွမ်းထက် ထိရောက် သည့် ကာကွယ်ဆေး တိုးတက် ထုတ်လုပ်ခြင်းက တစ်ခု၊ ကာကွယ် ဆေးများကို လုံလုံလောက်လောက် ထုတ်လုပ်ပြီး လိုအပ်နေသူများထံ ရောက်ရှိအောင် လုပ်ဆောင်ခြင်းက တခြားဟု ၎င်းက ပြောကြားလိုက် သည်။ ကာကွယ်ဆေးထုတ်လုပ်ဖြန့် ဝေခြင်းလုပ်ငန်းများကို စတင်နေသော်လည်း တန်းတူညီမျှဖြန့်ဝေပေး နိုင်ရန် အချိန်တစ်ခု ကြာဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုလ အစောပိုင်းတွင် တရုတ်နိုင်ငံ ဆီနိုဗက် ဘိုင်အိုတက်ခ်မှကာကွယ်ဆေးများကို ရရှိမည်ဖြစ်သည်။

စင်ကာပူနိုင်ငံသည် ဖိုက်ဇာ ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးကို ရရှိရန် သဘောတူထားပြီးဖြစ်သည်။ ယခုနှစ်ကုန်တွင် ရှေ့တန်းကျန်းမာရေး ဝန်ထမ်းများနှင့် အသက်အန္တရာယ်ကြုံ တွေ့နိုင်သည့် လူများအတွက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ တခြားသူများအတွက် ကာကွယ်ဆေးရရှိရန် တစ်နှစ် နှစ်နှစ်ခန့်စောင့် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကိုဗစ်-၁၉ ကူးစက်မှုသည် ငယ်ရွယ်သူများကြားတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသော်လည်း သေဆုံးသူ အများစုမှာ သက်ကြီးပိုင်းများဖြစ် ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ကာဆိုင်းကလူငယ်များအနေဖြင့် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအပေါ် ပင်ပန်းမှု များခံစားလာရပြီး လာမည့်အားလပ်ရက်များတွင် ၎င်းတို့၏ခုခံကာကွယ်မှုများကို လက်လျှော့လိုက်မည်ကို စိုးရိမ်မိကြောင်း သတိပေးပြောကြားလိုက်သည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာမပြသော လူငယ်များထံမှ ၎င်းတို့၏ ချစ်ခင်ရသော ဘိုးဘိုး ဘွားဘွား များထံ ကိုဗစ်-၁၉ ပိုး ကူးစက်နိုင်ကြောင်းကိုလည်း ၎င်းက ဆက်လက် သတိပေးလိုက်သည်။

အင်န်အိတ်ချ်ကေ