ကိုဗစ်- ၁၉ ကာလအတွင်း အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီးထွားလာတဲ့ လက်တင်အမေရိက

၁၀  အောက်တိုဘာ

ကမ္ဘာ့ကပ်ရောဂါကူးစက်ဖြစ်ပွားနေစဉ်မှာ လက်တင်အမေရိကတစ်ဝန်းရှိ သန်းချီတဲ့ ဈေးဆိုင်တွေဟာ ၎င်းတို့ရဲ့ ပုံမှန်မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကို ရှင်သန်အောင် လိုက်လျောညီထွေပြောင်းလဲလာတဲ့ အနေနဲ့ အွန်လိုင်းမှာ စွန့်စားပြီး ပထမဆုံးစီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ လက်တင်အမေရိကရဲ့ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးလုပ်ငန်းဟာ ကြီးထွားလာပါတယ်။

ကြီးမားတဲ့ အောင်မြင်မှုတစ်ခု

ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အခါမှာ လူတွေဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှာ ကြောက်ရွံ့မှုနဲ့ အသွားအလာ | ကန့်သတ်ပိတ်ဆို့မှုတွေကလူတွေကို အိမ်မှာနေဖို့ဖြစ်လာစေတဲ့အတွက် အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေး ကဏ္ဍဟာ အကြီးမားဆုံးအောင်မြင်မှု တစ်ခုဖြစ်လာပါတယ်။

ကိုဗစ်-၁၉ ဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုကို ပိုမိုအရှိန်မြှင့်ပေးလိုက်တဲ့အတွက် အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေဟာ တကယ့်ကိုပဲ အင်အားကောင်းလာခဲ့ပါတယ်လို့ မက္ကဆီကိုမှာရှိတဲ့ ကေပီအမ်ဂျီ အကြံပေးကုမ္ပဏီက ကမ္ဘာ့မဟာဗျူဟာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အော်စကာ ဆေးလ်ဗာက ပြောပါတယ်။

ပုံမှန်ဈေးဝယ်သူတွေဖြစ်နေ

အွန်လိုင်းမှာ တစ်ခါမှ ဈေးမဝယ်ဖူးတဲ့ လက်တင်အမေရိကန် ၁၀ သန်းကျော်ဟာ အခုဆိုရင်တော့ ပုံမှန် ဈေးဝယ်နေသူတွေဖြစ်နေကြပါပြီလို့ သူက ဆက်လက် ပြောကြားထားပါတယ်။ လက်တင်အမေရိကကို လွှမ်းမိုးထားတဲ့ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးလုပ်ငန်းဟာ အမေဇုန်နဲ့ အီးဘေမဟုတ်ပါဘူး။ သူတို့နဲ့ လုပ်ငန်းပုံစံတူတဲ့ မာကာဒိုလိုင်ဘရီပဲဖြစ်ပါတယ်။ မာကာဒိုလိုင်ဘရီဟာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာရှိတဲ့ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်း ကနင်းဖြစ်နေချိန်မှာ အဲဒီအာဂျင်တီးနားကုမ္ပဏီရဲ့ အရောင်းဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယသုံးလပတ်ကာလမှာ နှစ်ဆမြင့်တက်လာခဲ့ပါတယ်။ ထို့အတူပဲ ဈေးဝယ်သူတွေဟာ ၄၅ ရာခိုင်နှုန်းကနေ ၅၁ ဒသမ ၁ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ပါတယ်။

သူ့ရဲ့ ဈေးကွက်အရင်းအနှီးဟာ အခုဆိုရင်တော့ ( အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ ရောက်ရှိလာပြီဖြစ်ပြီး လက်တင်အမေရိကရဲ့ တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ ဖြစ်တဲ့ ဘရာဇီးသတ္တုတူးဖော်ရေးကုမ္ပဏီ ဗေးလ်ကို စိန်ခေါ်နေပြီ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာပဲရှိနေလိမ့်မယ်

ဝယ်ယူစားသုံးသူရဲ့ အလေ့အထပြောင်းလဲမှုအပေါ် အနည်းငယ်သည်းခံမှုတော့ ရှိရမည်ဖြစ်ကြောင်း ဆေးလ်ဗာက ပြောပါတယ်။ လူတွေဟာ လိမ်လည်မှုတွေကိုကြောက်တယ်။ ပြီးတော့လည်း မှာယူတဲ့ပစ္စည်းတွေဟာ သူတို့ မျှော်လင့်သလိုဖြစ်မလာမှာကိုစိုးရိမ်တယ်။ အကယ်၍သာ ဝယ်ယူစားသုံးသူအများစုဟာ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးဟာ ဘယ်လောက်လွယ်ကူအဆင်ပြေ ထိရောက်မှုရှိလဲဆိုတာ သိပြီဆိုရင်တော့ သူတို့ဟာ အွန်လိုင်းပေါ်မှာပဲ ရှိနေလိမ့်မယ်လို့ ဆေးလ်ဗာက ဆက်ပြောပါတယ်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့အချိန်မှာ နှာခေါင်းစည်း၊ ဗက်တီးရီးယားပိုးသတ်ဆေးရည်၊ အပူချိန်တိုင်းကိရိယာ နဲ့ အောက်ဆီဂျင်တိုင်းစက်တွေဟာ ထိပ်တန်းဦးစား ပေးရောင်းချရတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် နောက်ပိုင်းမှာ တခြားကုန်ပစ္စည်းတွေကို ဝယ်ယူမှုတွေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

ညဉ်းတွားသံများလည်း မြင့်တက်

စီးပွားရေး(အရောင်းအဝယ်) ကောင်းလာသလို ညည်းသံများလည်း မြင့်တက်လာပါတယ်။ အရောင်းအဝယ် ၄၀ လောက်ဖြစ်တယ်။ ပြဿနာ ၄၀ လောက်ရင်ဆိုင်ရတယ်လို့  အသက် ၃၄ နှစ်ရှိ အိုင်တီအလုပ်သမားတစ်ဦး ဖြစ်သူ ဂျော့နော်ရစ်က ပြောပါတယ်။

အလားတူ အွန်လိုင်းမှာ ဖုန်းတစ်လုံးဝယ်ဖို့ ကြိုးစားခဲ့တဲ့ လူတစ်ဦးကလည်း ဖုန်းတစ်လုံးအစား အချိုရည် တစ်ပုလင်းကို လက်ခံရရှိခဲ့အတွက် မကျေမနပ်ပြောထားတာတွေလည်း ရှိပါတယ်။

အွန်လိုင်းဝန်ဆောင်မှုမကောင်းခြင်းနဲ့ ဝန်ဆောင်မှု မရှိခြင်းတို့ကြောင့် တချို့စီးပွားရေးလုပ်ငန်းများလည်း အကြွေးမဆပ်နိုင်ဘဲ ဒေဝါလီခံသွားရတာလည်း ရှိပါတယ်လို့ ဆေးလ်ဗာက ပြောပါတယ်။

မူဝါဒလမ်းစဉ်ကောင်းပြီး ဝန်ဆောင်မှု မြန်ဆန်ရင်တော့ အောင်မြင်သူဖြစ်မယ်

မူဝါဒလမ်းစဉ်ကောင်းကောင်းရှိပြီး မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့သူကတော့ အောင်မြင်သူပါပဲ။ ဒါပေမယ့် အိမ်နီးချင်းစီးပွားရေးလုပ်ငန်းတွေကို ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာသူတို့ရဲ့ ဝယ်ယူအားပေးသူ ဖောက်သည်တွေကို အမြဲစောင့်ကြည့်နေတတ်တဲ့ သူတွေဖြစ်သလို ဝှက်စ်အပ်စ်အက်ပလီကေးရှင်းသုံးပြီး လုပ်ကိုင်ဆောင်ရွက်နေတာလည်း တွေ့ပါတယ်လို့ သူက ပြောပါတယ်။ ။

အက်ပ်ဖလိုင်ယာကုမ္ပဏီရဲ့ အဆိုအရ လက်တင်အမေရိကမှာ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေး ဆိုင်ရာ မိုဘိုင်းအသုံးပြု အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဖ်ဆွဲယူတဲ့သူတွေဟာ ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ်မှာ ၉၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဘရာဇီးနဲ့ မက္ကဆီကိုတို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

အွန်လိုင်းစီးပွားရေးကြီးထွားလာ

ဒေသတွင်း အကြီးဆုံးစီးပွားရေးရှိတဲ့ ဘရာဇီးနိုင်ငံ မှာ ဇန်နဝါရီလနဲ့ ဩဂုတ်လကြားမှာ အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးလုပ်ဆောင်မှုဟာ ၅၇ရာခိုင်နှုန်းနီးနီး ကြီးထွားလာပါတယ်လို့ ဘရာဇီးအွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေးအဖွဲ့က ပြောပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း လူထုသုံးစွဲမှု တိုးတက်လာအောင် ထောက်ပံ့ပေးဖို့ဝင်ငွေခွန်ရဲ့ အရင်းအမြစ်အဖြစ် ဒေသတွင်းအစိုးရတွေဟာ အွန်လိုင်းစီးပွားရေး တိုးတက်လာခြင်းကို လေ့လာလျက်ရှိပါတယ်။

အလုပ်အကိုင်သစ်တွေ ဖန်တီးပေး

အွန်လိုင်းစီးပွားရေးဟာ စီးပွားရေးအတက်အကျ ဖြစ်စဉ်အတွင်း အလုပ်အကိုင် ဆုံးရှုံးသွားသူများအတွက်လည်း အလုပ်အကိုင်သစ်များကို ဖန်တီးပေးထားပါတယ်။

အလုပ်လက်မဲ့အရေအတွက်ဟာ ဒေသတွင်းမှာ သန်းချီမြင့်တက်နေချိန်မှာ ကမ္ဘာ့အွန်လိုင်းအသုံးပြု ကုန်သွယ်စီးပွားရေး ကုမ္ပဏီကြီးအတွက် ပါဆယ်ပို့သူ အနေနဲ့ တစ်နှစ်ကြာအလုပ်လုပ်ပြီးတဲ့ ဆာဂျီယိုဂါစီယာ ဟာ သူ့ရဲ့ အနာဂတ်အတွက် အကောင်းမြင်ပြီး ယုံကြည် စိတ်ချထားပါတယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားနေစဉ်မှာ အွန်လိုင်းအသုံးပြု ဝယ်လိုအားတွေဟာ မြင့်တက်နေတယ်လို့ အသက် ၆၀ အရွယ် ပါဆယ်ပို့သူတစ်ဦးက ပြောပါတယ်။ သူဟာ ပါဆယ်တစ်ထုပ်ကို အမေရိကန်ဒေါ်လာ ၃၀ ဆင့် ဝန်ဆောင်မှုယူပြီး ခြေကျင်လိုက်ပို့နေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါက သိပ်မဟန်ဘူး။ ဒါပေမယ့် အခြား အလုပ်တွေထက် အတော်လေးကောင်းတယ်လို့ သူကပြောပါတယ်။ အခုဆိုရင် အွန်လိုင်းစီးပွားရေးလုပ်ငန်းဟာ လက်တင်အမေရိကမှာ အတော်လေးကို ကြီးထွားလာနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ထန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ