ကိုဗစ်-၁၉ ကာလတွင် အာဟာရဓာတ် ညီညွတ်မျှတအောင် ရွေးချယ်ခြင်းနှင့် ငါးစားသုံးခြင်း

ဒေါက်တာ ခင်စန်းမော်

 

ကိုဗစ်-၁၉ ဟူသော ကမ္ဘာ့ကပ်ရောဂါကာလကြီးကို ကျော်ဖြတ်နေချိန်၊ အိမ်မှာ StayHome လုပ်နေကြချိန်တွင် ဆိုရှယ်မီဒီယာများကို သုံးစွဲမှု မြင့်တက်လာကြပါသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်သုံးစွဲရင်း အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို အလွယ်တကူသိနိုင်ပြီး ဆောင်သင့်သည်ကိုဆောင်၊ ရှောင်သင့်သည်ကို ရှောင်နိုင်ကြသည့်အပြင် မိမိတို့ ဘေးကင်းလုံခြုံစွာ ရှိကြောင်းကိုလည်း ဆွေမျိုးမိတ်သင်္ဂဟများအား ဗီဒီယိုဖုန်းမှတစ်ဆင့် မြင်တွေ့ ဆက်သွယ်နိုင်ကြသောကြောင့် ဖြစ်ပါသည်။

 

အဆာပြေ ညနေစာများ

 

ပူပြင်းခြောက်သွေ့သော နွေရာသီနှင့်အတူ ကပ်ရောဂါဘေးကိုပါ ကျော်ဖြတ်နေရစဉ် မိသားစုဝင်များ ကျန်းမာရေးကောင်းမွန်ပြီး အစာစားချင်စိတ်လျော့ မသွားစေရေးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညနေခင်း အဆာပြေစားစရာနှင့် ညစာတို့ကို အမျိုးမျိုးအဖုံဖုံ စီစဉ်ချက်ပြုတ်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ကြရာ လျှာအရသာကိုပင် နှိုးဆွနိုင်ပါသည်။ အချို့က စရိတ်စက သက်သာပြီး အလွယ်တကူ ပြင်ဆင်နိုင်သော စားစရာများကို ချက်ကြသည်။ ဥပမာ- ထမင်းသုပ်၊ ဗယာကြော်၊ ပဲကြော်၊ ကြက်သွန်ကြော်၊ အသုပ်စုံ၊ ဟင်းသီးဟင်းရွက်ကြော်၊ သီးစုံချဉ်ရည်ဟင်း စသည်တို့ဖြစ်သည်။ ကြာရှည်ခံသော ငါးခြောက်၊ ပုစွန်ခြောက်၊ ပဲ၊ ကြာဆံ၊ ခေါက်ဆွဲ၊ မှိုခြောက် ပန်းခြောက်၊ ကျောက်ပွင့်နှင့် ဘဲဥ၊ ကြက်ဥ၊ အာလူးတို့ ပါဝင်သော ဟင်းစပ်များကိုလည်း တွေ့ရသည်။ အဆာပြေ ညနေစာများအဖြစ် လက်ဖက်ရည်၊ ကော်ဖီ၊ စမူဆာ၊ ပလာတာ၊ သာကူ၊ မုန့်လုံးရေပေါ်စသော မြန်မာမုန့်အချိုပွဲများအပြင် ထမင်းခြောက်ကြော်ကအစ နှစ်သက်စဖွယ် တွေ့မြင်ရသည်။ ။

 

အချို့က ကြိုတင်ဝယ်ယူ စုဆောင်းထားသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ အလျှံပယ်ဖြစ်နေ သဖြင့် တစ်နေ့လျှင် လေး၊ ငါး၊ ခြောက်မျိုးထက်မက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကြသည့်အပြင် မည်သို့မည်ပုံ ပြုလုပ်သည့် နည်းလမ်းများကအစ ဟင်းချက်ပြိုင်ပွဲဝင်နေသကဲ့သို့ ဝေဝေဆာဆာ ဖော်ပြကြ၊ မတတ်သေးသူက နည်းလမ်းယူကြ၊ အရသာကို သွားရည်ယိုအောင် ဖော်ပြကြနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဟင်းချက်နည်း မျိုးစုံ လက်စွမ်းပြကြသည့်အထဲမှာ အမျိုးသမီးများချည်း မဟုတ် အမျိုးသားများလည်း အားကျမခံ ပါဝင်ကြပါသည်။

 

mdn

 

လိုအပ်သောအရည် ပမာဏပါဝင်ရန် အဓိကအရေးကြီး

 

မည်သို့ပင်ဖြစ်စေ မှန်ကန်သော အာဟာရဓာတ်နှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ပမာဏပါဝင်ရန် အဓိကအရေးကြီးပါသည်။ အာဟာရဓာတ် ညီညွတ်မျှတသော အစားအစာကို နေ့စဉ်စားသုံးနေသော လူများသည် ကိုယ်ခံအားစနစ် အထူးကြံ့ခိုင်ကောင်းမွန်ကြသောကြောင့် နာတာရှည် ရောဂါများနှင့် ကူးစက်ရောဂါများ ကျရောက်နိုင်စွမ်း နည်းပါးပြီး ကျန်းမာရေး ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ထိန်းသိမ်းထားနိုင်သည်။

 

သိသာစွာလျော့ကျစေ

 

ထို့ကြောင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အင်တီအောက်ဆီဒင့်များ ပေါကြွယ်ဝသော လတ်ဆတ်သည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကို စားသုံးသင့်ပါသည်။ ရေကိုလုံလောက်စွာ သောက်ခြင်း၊ သကြား၊ ဆားနှင့် ဆီတို့ကို အနည်းငယ်မျှသာ သုံးစွဲစားသောက်ခြင်းတို့သည် စတေးဟုမ်းကာလမှာ ဖြစ်လာနိုင်သော ကိုယ်အလေးချိန် တိုးခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့် အချို့သော ကင်ဆာရောဂါများ၏ အန္တရာယ်ကို သိသာစွာလျော့ကျစေပါသည်။

 

(၁) လတ်ဆတ်သော အစားအစာ၊ နည်းလမ်းစဉ် အဆင့်ဆင့်ဖြင့် ပြင်ဆင်ချက်ပြုတ်ထားခြင်းမရှိသော အစားအစာကို နေ့စဉ်စားသုံးပါ။

 

သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးနွယ်ဝင်အပင်များ၊ ပဲအမျိုးမျိုး၊ အစေ့အနှံများဖြစ်ကြသည့် ပြောင်းဖူး၊ လူး၊ ဆပ်၊ ဘာလီ၊ ဂျုံ၊ ဆန်လုံးညို၊ အာလူး၊ ကန်စွန်းဥ၊ ဝဥတို့နှင့် တိရစ္ဆာန်ထွက် စားသောက်ကုန်များ ဖြစ်ကြသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့တို့ကို စားသုံးပါ။

 

လက်ဖက်ရည် ပန်းကန်နှစ်လုံးစာ သစ်သီး (လေးယောက်စာ)၊ လက်ဖက်ရည်ပန်းကန် နှစ်လုံးခွဲစာ ဟင်းသီးဟင်းရွက် (ငါးယောက်စာ) ထမင်း ၁၈၀ ဂရမ်၊ အသားနှင့် ပဲ၁၆၀ ဂရမ် (အမဲသား၊ ဆိတ်သား၊ ဝက်သားတို့ကို တစ်ပတ် လျှင် တစ်-နှစ်ကြိမ်၊ ကြက်သားကို တစ်ပတ်လျှင် နှစ်-သုံး ကြိမ်စားနိုင်သည်) နေ့စဉ်စားပါ။

 

အဆာပြေစားစရာအဖြစ် ဆား၊ သကြား၊ ဆီတို့ များစွာပါဝင်သည့် အစားအစာထက် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်တို့ကို ရွေးချယ်ပါ။ မီးဖြင့် အလွန်အကျွံ ချက်ပြုတ်ထားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့ကို ရှောင်ပါ။ ဤနည်းလမ်းသည် အရေးကြီးသောဗီတာမင်များကို ဆုံးရှုံးစေသည်။ ။

 

ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာ စည်သွတ်ဘူးများကိုစားလျှင် ဆားနှင့် သကြား ထပ်မထည့်ပါနှင့်။ ။

 

(၂) နေ့စဉ်နေ့တိုင်း ရေကိုလုံလောက်အောင်သောက်ပါ။

 

ရေသည် အသက်ဓာတ်အတွက် မရှိမဖြစ်လိုအပ်သောအရာပင် ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရေလုံလောက်စွာ ရှိပါမှ သွေးလှည့်ပတ်မှုစနစ်က အာဟာရဓာတ်များကို သယ်ဆောင်ပေးနိုင်သည်။ ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးသည်။ အဆိပ် အတောက် အညစ်အကြေးများကို စွန့်ထုတ်ပေးသည်။ အရိုးအဆစ်များ လှုပ်ရှားရာတွင် ချောမွေ့အောင် ရေလိုအပ်ပါသည်။ ။

 

နေ့စဉ်နေ့တိုင်း ရေရှစ်ခွက်မှ ၁၀ ခွက်အထိသောက်ပါ။

 

သန့်ရှင်းသောရေသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်သည်။ သို့သော် အရည်ရွှမ်းသည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ နှင့် အသီးဖျော်ရည်၊ အရွက်ဖျော်ရည်များကိုလည်း သောက်နိုင်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်ကို သောက်နိုင်သော်လည်း ကဖင်းဓာတ်မများစေသင့်ပါ။ ပင်ကိုကပင် ချိုလွန်းသော သစ်သီးဖျော်ရည်များ၊ ချိုလွန်းသော သစ်သီးယိုများ၊ အမြှုပ်ထသော ဖျော်ရည်များနှင့် ယမကာအမျိုးမျိုးတို့တွင် သကြားဓာတ် များစွာပါဝင်နေ၍ သတိထား သောက်သုံးသင့်ပါသည်။

 

(၃) အဆီနှင့် ဆီကို အသင့်အတင့်သာ စားသုံးပါ။

 

ငါး၊ ထောပတ်သီး၊ မြေပဲ၊ သံလွင်ဆီ၊ ပဲငံပြာရည်၊ ဟင်းသီးဟင်းရွက်ဆီနှင့် နေကြာဆီတို့ကဲ့သို့သော မပြည့်ဝဆီများကို အသင့်အတင့်စားသုံးပါ။ ယင်းသည် ပြည့်ဝဆီများဖြစ်သည့် ထောပတ်၊ အဆီများသော အသား၊ အုန်းဆီ၊ မလိုင်၊ ဒိန်ခဲနှင့် ထောပတ်တို့ကို စားသုံးခြင်းထက် ပိုမိုသင့်လျော်ကောင်းမွန်ပါသည်။ အဆီဓာတ်နည်းသည့် ကြက်သားနှင့် ငါးကို ရွေးချယ်ပါ။ အမဲသား၊ သိုးသားတို့ကဲ့သို့ မချက်မီ နီနေသော အသားများတွင် အဆီများစွာပါဝင်သည်။ ဝိုင်အရက်၊ ဒိန်ခဲ၊ ထောပတ်၊ ဟင်းခတ်အမွှေးအကြိုင် အမျိုး မျိုးနှင့် အဆင့်ဆင့်ပြုပြင်ဖန်တီး ချက်ပြုတ်ထားသည့် အသားများကို ရှောင်ကြဉ်ပါ။

 

အဆီနည်းသည့်နို့နှင့် နို့ထွက်ပစ္စည်းများကို ရွေးချယ်ပါ။

 

အမြန်စာ၊ အလွယ်စာများ၊ ကွတ်ကီးများ၊ မာဂျရင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

 

(၄) ဆားနှင့် သကြားကို လျှော့သုံးပါ။

 

အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် ဆား၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့၏ ပါဝင်မှု အချိုးအဆကို သတိပြုပါ။

 

နေ့စဉ်စားသုံးသော ဆားပမာဏကို လူတစ်ဦးလျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှသာဖြစ်အောင် ကန့်သတ်ထားပါ။

 

ဆားနှင့် သကြားများစွာပါဝင်သည့် စားစရာများကို ရှောင်ကြဉ်ပါ။

 

အချိုများသည့် ဖျော်ရည်နှင့် အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။

 

ကွတ်ကီး၊ ကိတ်မုန့်နှင့် ချောကလက်တို့အစား လတ်ဆတ်သော သစ်သီးဝလံကို ရွေးချယ်ပါ။

 

ဤလမ်းညွှန်ချက်များသည် ကိုဗစ် - ၁၉ကပ်ရောဂါ၊ ကာလတွင် ကိုယ်ခံအားကောင်းမွန်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းနေစေရန် စားသုံးသင့်သည့် အစားအစာများ၊ ရှောင်ကြဉ်သင့်သည့် အစားအစာများကို ဖော်ပြထားခြင်း ဖြစ်သည်။

 

သုတေသနစမ်းသပ်ချက်များစွာ ပြုလုပ်

ကိုဗစ်-၁၉ရောဂါကို ဖြစ်ပွားစေသော Coronavirus သည် အသစ်ဖြစ်ပြီး ယင်းကို SARS-Cov-2 ဗိုင်းရပ်စ်ဟု အမည်ပေးကြသည်။ Coronavirus အနွယ်များကို နို့တိုက် သတ္တဝါအများစုနှင့် ငှက်များတွင် တွေ့ရပါသည်။ ထိုဗိုင်းရပ်စ်သည် တိရစ္ဆာန်တို့၏ ဆဲလ်မျက်နှာပြင်ပေါ်ရှိ ပရိုတင်းတစ်မျိုးဖြစ်သော ACE2 (Angiotensinconverting enzyme 2) ကို ကြိုက်နှစ်သက်ကြပြီး ဗိုင်းရပ်စ်က အလိုအလျောက် ထိုးဖောက်ဝင်ရောက်သွားနိုင်သဖြင့် လူနှင့်နီးစပ်နေသော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ဝင်ရောက်သွားလျှင် ဗီဇပြောင်းလဲမှုများ ထပ်မံဖြစ်ပွားပြီး လူတို့ကို ပြန်လည်ကူးစက်နိုင်လေ မလားဟု တွေးတောဆင်ခြင်ကာ သိပ္ပံပညာရှင်များက သုတေသန စမ်းသပ်ချက်များစွာ ပြုလုပ်ခဲ့ကြသည်။

 

ကံကောင်းသည့်အချက်မှာ လူနှင့် လက်ပွန်းတတီးနေသည့် အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် လူမှတိရစ္ဆာန်သို့ ကူးစက်ခြင်း အနည်းငယ်ရှိခဲ့သော်လည်း ယင်းတို့ထံမှ လူကိုပြန်လည်ကူးစက်သည့် အထောက်အထား လုံးဝမရှိသေးခြင်းပင်ဖြစ်သည်။ ။

 

စားသုံးမှု များစွာလျော့ကျခဲ့

 

တရုတ်နိုင်ငံရှိ ဟာဘင်းတိရစ္ဆာန်ဆေးကု အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ ပညာရှင်များက ထိုဗိုင်းရပ်စ်သည် ကြက်၊ ဘဲနှင့် ဝက်တို့၏ခန္ဓာကိုယ်ထဲမှာ ပွားများလာခြင်းမရှိဟု ဆိုပါသည်။

 

အစောပိုင်းမှတ်တမ်းများအရ ဂူဟန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်က တိရစ္ဆာန်အရှင် ရောင်းချသည့် ဈေးကွက်နှင့် ပင်လယ်စာရောင်းချသည့် ဈေးကွက်မှ စတင်ခဲ့သဖြင့် အချို့နိုင်ငံများတွင် ပင်လယ်စာမှ ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဟု သံသယ ရှိခဲ့သောကြောင့် ငါးနှင့် ရေထွက်ပစ္စည်းများ စားသုံးမှု များစွာလျော့ကျခဲ့သည်။

 

mdn

 

ပင်လယ်ရေသတ္တဝါအားလုံးကို လူတို့စားသုံးနိုင်

 

ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းကို ရေးသားပြုစုသူများထဲတွင် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းကြီးထဲမှ ထင်ရှားကျော်ကြားသော အဏ္ဏဝါဇီဝပညာရှင်များ၊ ငါးမွေးမြူရေး ပညာရှင်များ၊ အင်းလုပ်ငန်းရှင်များ၊ စားနပ်ရိက္ခာ ဘေးကင်းမှုဆိုင်ရာ ပညာရှင်များ၊ တိရစ္ဆာန်ဆေးကု ပညာရှင်သမားတော်ကြီးများ ပါဝင်ကြသည်။

 

စာတမ်းထဲတွင် SARS-Cov-2 သည် နို့တိုက်သတ္တဝါများကိုသာ ရောဂါကျရောက်နိုင်စွမ်းရှိပြီး ရေသတ္တဝါများအား ရောဂါကျရောက်စေခြင်း မရှိသည့်အတွက် ငါးများနှင့် အခွံမာရှိသော ပင်လယ်ရေ သတ္တဝါအားလုံးကို လူတို့စားသုံးနိုင်သည်၊ လုံခြုံဘေးကင်းသည်ဟု ထောက်ပြထားပါသည်။

 

ဘေးကင်းဆဲဖြစ်

 

ထို့ကြောင့် ကျောမှာ ဆူးတောင်ပါသော ငါးများ၊ ပုစွန်၊ ကနုကမာ စသော အခွံမာရေသတ္တဝါများသည် လူသားတို့အတွက် ဘေးကင်းဆဲဖြစ်ကြောင်း သိရသည်။ လတ်တလောအချိန်အထိ ဆူးတောင်ပါသောငါးများ၊ ပုစွန်၊ ကနုကမာ စသည့်အခွံမာရေနေသတ္တဝါများ၊ ခရုများ၊ ဖားများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကျရောက်မှု မတွေ့ရပါ။ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများက ငါး၊ ပုစွန်တို့ကို ကိုင်တွယ် ခြင်းဖြင့် ရောဂါပိုးထိတွေ့မှုရှိနိုင်သည်ဟု ဆိုသော်လည်း လုံးဝမပြောပလောက်ပါ။

 

ကပ်ရောဂါကြီး ကျရောက်နေချိန်တွင် အခြားကုန်းနေ သတ္တဝါများထက် ရေသတ္တဝါများဖြစ်သော ငါး၊ ပုစွန်စားသုံးမှုပမာဏ များစွာမြင့်တက်ခဲ့သောကြောင့် ငါးမွေးမြူရေး လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ထိန်းသိမ်းထားနိုင်သော အခြေအနေတစ်ခု ဖြစ်စေခဲ့ပါသည်။ သို့သော် တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်မှု အခက်အခဲ၊ ကုန်သွယ်မှုအခက်အခဲတို့ကြောင့် အကန့်အသတ်ဖြင့်သာ ရရှိနိုင်သောအရင်းအမြစ် ဖြစ်နေသည်ဟု စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

 

ရေသတ္တဝါများကို စားသုံးခြင်းက ပိုမိုဘေးကင်းလုံခြုံ

 

ပညာရှင်များ၏ သုတေသန ပြုလုပ်ချက်များအရ ကြက်၊ ဘဲ၊ ဝက်တို့တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပွားများလာခြင်း မရှိဟုသိရသော်လည်း ငါး၊ ပုစွန်၊ ကနုကမာ အစရှိသည့် ရေသတ္တဝါများ (အထူးသဖြင့် ကျောပေါ်မှာ ဆူးတောင်ပါ သည့်ငါးများ၊ ဆယ်လ်မွန်ငါးများ၊ တီလားပီးယား အပါအဝင် အခြားငါးများ) တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကျရောက် ခြင်းမရှိသည့်အတွက် ငါး၊ ပုစွန်၊ အခွံမာ ရေသတ္တဝါများကို စားသုံးခြင်းက ပိုမိုဘေးကင်းလုံခြုံမှုရစေပါသည်။ ။

 

ယခုလို ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ်-၁၉ကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ကိုယ်ခံအား ကောင်းမွန်ကြံ့ခိုင်စေသော၊ အာဟာရဓာတ် ညီညွတ်မျှတသော နေ့စဉ်အစာ ပုံစံကို ရွေးချယ် စားသုံးသင့်ပါသည်။ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါဘေးမှ ကာကွယ်ရန် ဆား၊ သကြား နှင့်ဆီကို လျှော့ပါ။ ရေကိုလုံလောက်စွာ သောက်ပါ။ ကင်ဆာရောဂါမှ ကာကွယ်ရန် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။ မီးဖြင့်ကြိမ်ဖန်များစွာ ချက်ထားသော အစာကို မစားပါနှင့်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသားငါးဟင်းလျာများကို စင်ကြယ်အောင် အထပ်ထပ်ဆေးကြောပါ။

 

အသားမှရသော ပရိုတင်းကို စားသုံးလိုလျှင် ကြက်၊ ဘဲ၊ ဝက်များထက် ငါးနှင့် ရေသတ္တဝါများကို ရွေးချယ်ပါဟု အကြံပြုအပ်ပါသည်။ ။