ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကာလဒါနအလှူ

၅  မေ

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးဆိုးကြီး ကြုံတွေ့နေရသည့်အချိန်တွင် ရောဂါကျရောက်လျက်ရှိသည့် နိုင်ငံအချင်းချင်း ရိုင်းပင်းကူညီမှုများ၊ ငွေကြေးထောက်ပံ့မှုများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများ ပေးပို့လှူဒါန်းမှုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ကူညီစောင့်ရှောက် မှုများ ပြုလျက်ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အစီအစဉ်တကျ စီမံဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်နှင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ကျန်းမာရေးကုသ စောင့်ရှောက်မှုနှင့် ဆေးဝါးပစ္စည်းနှင့် စားနပ်ရိက္ခာ အပါအဝင် လုပ်အားဒါနများ ပါဝင်လှူဒါန်းလျက်ရှိကြ သည်။ မိမိနိုင်ငံအတွင်းသာမက ရောဂါဒဏ်ခံရသည့် ပြည်ပနိုင်ငံများသို့လည်း ပေးပို့လှူဒါန်းလျက်ရှိသည် ကို တွေ့ရှိရသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ကမ္ဘာသူ ကမ္ဘာသားအားလုံး၏ မေတ္တာအား၊ ကရုဏာအား တို့ဖြင့် တွန်းလှန်လျက်ရှိရာတွင် ဘာသာအယူဝါဒ၊ အမျိုးဇာတ်နှင့် လူတန်းစားမခွဲခြား၊ ဆင်းရဲချမ်းသာ မရွေး လူသားချင်းစာနာစိတ်နှင့် တတ်စွမ်းသမျှ ဖေးမကူညီ ကယ်တင်လျက်ရှိကြသည်။ လူသားတို့၏ အရင်းခံပင်ကိုအသိစိတ်ဖြစ်သော မေတ္တာနှင့် ကရုဏာ အရင်းခံသည့် စာဂတရားဖြင့် ပေးကမ်းလှူဒါန်းမှု ပြုနေကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပေါ်ထွန်း လာမည့် ကာလဒါနပေးလှူနေကြခြင်းအပေါ် မုဒိတာပြု မျှဝေပါရစေ။

စာဂတရားဖြင့် ပြည့်ဝသည့်ကာလဒါနအလှူ

ဒါနဟူသည်ကား ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဝေငှခြင်း၊ မျှဝေခြင်း၊ ဖြည့်စွက်ခြင်း၊ ချီးမြှောက် ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ လှူဒါန်းဆက်ကပ်ခြင်း စသည့်အမှုများကို ပြုလုပ်လိုသော စေတနာကို လည်းကောင်း၊ ပေးကမ်းအပ်၊ စွန့်ကြဲအပ်သောပစ္စည်း ဝတ္ထုများကိုလည်းကောင်း ဒါနဟုခေါ်ဆိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မည်သည့်ဘာသာ အယူဝါဒ၊ မည်သည့်လူ့ဘောင်လောက အပိုင်းအခြား၌ မဆို ပေးကမ်းလှူဒါန်းမှုပြုကြလေ့ရှိသည်။ မိမိအတွက် လောကီအကျိုးစီးပွားကိုမမျှော်ဘဲ အများအသက် ချမ်းသာရာ ရကြပါစေဟူသော ကိုယ်ချင်းစာစိတ်ဖြင့် မိမိပိုင် ပစ္စည်းဥစ္စာ၊ ဓနငွေကြေးတို့ကို စွန့်လွှတ် လှူဒါန်းပေးကမ်းခြင်းသည် သာမန်ဒါနအလှူပြုသည် ထက် သာလွန်မွန်မြတ်သည့် ကောင်းမှုကုသိုလ် စာဂ အမှုပြုခြင်းဖြစ်သည်ဟု ဆိုနိုင်ပါမည်။

ဤသို့ပြုသည့် ပေးကမ်းလှူဒါန်းခြင်း ဒါနအမှု ပြုကြရာတွင် ကာလဒါန ငါးပါးအကြောင်း ဖော်ပြ လိုသည်။ ကာလဒါန ငါးပါးဟူသည် ဧည့်သည် အာဂန္တု အား လှူဒါန်းခြင်း၊ ခရီးသွားပုဂ္ဂိုလ်များအား လှူဒါန်း ခြင်း၊ မကျန်းမာသော ရောဂါရှိသူများအား လှူဒါန်း ခြင်း၊ အစားအသောက် ချို့တဲ့ခေါင်းပါးသောအခါ၌ လှူဒါန်းခြင်း၊ မိမိလုပ်ကိုင်သော ကောက်ဦး၊ သစ်ဦး တို့ကို သီလဝန္တရဟန်းတော်တို့အား လှူဒါန်းခြင်းတို့ ဖြစ်သည်။

ယခုကမ္ဘာတစ်ဝန်း ကပ်ရောဂါဆိုးကြီး ကျရောက်သည့်အချိန်၌ လူသားတို့၏ အသက် အန္တရာယ်ကို ကယ်တင်စောင့်ရှောက်ရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသလျက်ရှိရာတွင် ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုနှင့် လုပ်အားဒါနများ ပါဝင်လှူဒါန်းလျက် ရှိကြခြင်းသည် များစွာမွန်မြတ်သည့် ကာလဒါနအလှူပင် ဖြစ်သည်။

နိုင်ငံတော်နှင့်ပြည်သူ အားလုံးပါဝင်လက်တွဲကူ

ကမ္ဘာတစ်ဝန်း ကပ်ရောဂါကြောင့် နေ့စဉ်နှင့်အမျှ ရောဂါကူးစက်လူနာနှင့် သေဆုံးသူအရေအတွက် တိုးလျက် ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အခြားပတ်ဝန်းကျင်နိုင်ငံ အချို့လောက် မဆိုးစေကာမူ ပိုးတွေ့လူနာဦးရေနှင့် သေဆုံးသူအနည်းငယ်ရှိနေသည်။ ဤရောဂါဆိုးကြီး မကူးစက်မပြန့်ပွားစေရန် ကာကွယ်၊ ထိန်းချုပ်မှုများနှင့် အသက်အန္တရာယ်မဆုံးရှုံးကြစေရန် ကုသမှုများ အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် အမျိုးသားအဆင့်သတ်မှတ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့သည့် ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကိုယ်စီရှိကြသည့်အတွက် ပြည်သူအားလုံး အတူတကွ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေ ရမှုကြောင့် -

- ရောဂါကူးစက်ခံနေရသူများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်နေရသည်။

- ရောဂါကူးစက်ခံရနိုင်ရန် အလားအလာရှိသူများကို ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရသည်။

- ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကာကွယ်မှုများ ပြုလုပ်ပေးနေရသည်။

- အရောင်းအဝယ်၊ အသွားအလာများအတွက် ထိန်းချုပ်မှုများ ပြုလုပ်ပေးနေရသည်။

- ပြည်ပမှပြန်လည်ဝင်ရောက်လာသူများ အစစ အရာရာ အဆင်ပြေစေရန် ဆောင်ရွက်ပေးနေ ရသည်။

- စက်ရုံ၊ အလုပ်ရုံများပိတ်ထားရသည့် အခြေအနေ ဖြစ်နေသည်။ အလုပ်ရှင်၊ အလုပ်သမားအားလုံး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေရသည်။

- အခြေခံလက်လုပ်လက်စားပြည်သူများ၊ အလုပ် အကိုင်မရှိ၊ ဝင်ငွေမရှိ၊ အစားအသောက်ချို့တဲ့ ဆင်းရဲကြသူများကို စားနပ်ရိက္ခာဝေငှပေးနေရ သည်။

ဤကဲ့သို့သော အချိန်ကာလနှင့် အခြေအနေတွင် လူသားချင်းကိုယ်ချင်းစာနာတတ်သော၊ အများအတွက် ကိုယ်ကျိုးမငဲ့၊ အသက်ကိုပင် စွန့်လွှတ်ခဲ့သော၊ မိမိအကျိုး မမျှော်ကိုးဘဲ မိမိပိုင် ဥစ္စာပစ္စည်းတို့ကို စွန့်ကြဲပေးကမ်း လှူဒါန်းတတ်ကြသော မြန်မာတို့၏သဒ္ဓါ၊ မြန်မာတို့၏ စိတ်ရင်း စေတနာတို့ဖြင့် ကုသိုလ်အမှုပြုကြလျက်ရှိသည်။

- ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် နှာခေါင်းစည်း၊ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံမှစ၍ ဆေးရုံသုံးစက်ပစ္စည်းများ ပေးလှူနေကြသည်။

- ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်စသည့် စားနပ် ရိက္ခာများ လှူဒါန်းပေးကမ်း မျှဝေနေကြသည်။

- ပရဟိတအဖွဲ့အစည်းများက စေတနာလုပ်အား ဒါနများ အားသွန်ခွန်စိုက် လှူဒါန်းနေကြသည်။

- ကုန်ပစ္စည်းရောင်းချနေသူများက သက်သာသော လျှော့ပေါ့ဈေးနှုန်းများဖြင့် ရောင်းချပေးနေကြ သည်။

- တစ်ယောက်ချင်းစီ၊ တစ်ဖွဲ့ချင်းစီက လူကိုယ်တိုင် ပူးပေါင်း၍ဖြစ်စေ၊ စိတ်ချင်းပူးပေါင်း၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ရင်း ကုသိုလ်ဒါနတွေ ပြုပေးနေ ကြသည်။

- ရောဂါကူးစက်ခံရသည်ကို သိရှိရသူများက အခြား သူများအား မကူးစက်နိုင်စေရန် တာဝန်သိစိတ် ဖြင့် ဆေးရုံဆေးခန်းသို့ သွားရောက်ပြသခြင်းဖြင့် ကောင်းမှုကုသိုလ်များ ယူနေကြသည်။

- ရောဂါကူးစက်ခံနေရသည်ကို တွေ့ရှိသိမြင်သူ တစ်ဦးက အခြားသူများအား ရောဂါမပြန့်နိုင်စေရေး အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် သက်ဆိုင်ရာသို့ သတင်းပေးကူညီခြင်းဖြင့် ကောင်းမှုကုသိုလ်များ ယူနေကြသည်။

- ဆရာဝန်၊ သူနာပြုမှအစ ကျန်းမာရေးဝန်ထမ်း အသီးသီးသည် မိမိတို့အား ရောဂါကူးစက်မည်ကို မငဲ့ကွက်ဘဲ တာဝန်သိစိတ်ထက်ပိုလွန်၍ ဇွဲလုံ့လ အပြည့်ဖြင့် နေ‌ရောညပါ အပင်ပန်း၊ အဆင်းရဲခံ၍ အစွမ်းကုန် ကြိုးပမ်းကုသ စောင့်ရှောက်ပေးနေကြ သည်။

ယခုကဲ့သို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေကြသည့် ဒါနအလှူသည် လိုအပ်သည့်အချိန်ကာလတွင် လိုအပ် သည်တို့ကိုလှူဒါန်းရသော ကာလဒါနအလှူဖြစ်သည်။ မကျန်းမမာရောဂါစွဲကပ်နေသူတို့အား လှူရသည်။ ရောဂါ ကူးစက်ခံရနိုင်သည့်သူများအတွက် လှူရသည်။ ရောဂါ မကူးစက်နိုင်အောင် ကာကွယ်တားဆီး၊ ထိန်းချုပ်နိုင်ရေး အတွက် လှူရသည်။ ပြည်ပမှပြည်တွင်း၊ ပြည်တွင်းမှ မိမိတို့၏အရပ်ဒေသများသို့ ချောမောစွာ ခရီးသွားလာ နိုင်ရေးလှူရသည်။ အစားအသောက် ချို့တဲ့ရှားပါးနေသူ တို့အား လှူရသည်။ အမှန်မွန်မြတ်လှသည့် ကာလဒါန အလှူကြီးဖြစ်သည်။

ဇီဝိတဒါနအသက်ကယ်သည့်အလှူမှာ အားလုံးပါဝင်ကြပါ

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားစဉ်က ယင်းမြို့တွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသားများကို နိုင်ငံတော်မှ အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူပြီး မန္တလေးမြို့ ကန်တော်နဒီဆေးရုံ တွင် ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်ကို သတိပြုမိသည်။ အလားတူ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများကို မြန်မာ့လေကြောင်းမှ အထူးလေယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံအသီးသီးမှ ရောက်ရှိလာကြသူများအား ကူးစက်ရောဂါ ကာကွယ်စောင့်ကြည့်ရေးစခန်း များဖွင့်၍ ကာကွယ်၊ ထိန်းချုပ်မှုပြုနိုင်ရန် နေထိုင် စားသောက်ရေးမှအစ အစစအရာရာကို စီစဉ် ဆောင်ရွက်စောင့်ရှောက်မှုပြုပေးကြသည့် တရား ရိပ်သာများ၊ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တည်းခို နေထိုင်ရေးစခန်းများကိုလည်း များစွာကျေးဇူးတင်ရှိ ရပါသည်။ ဤသည်တို့ပင်လျှင် ကြုံတောင့်ကြုံခဲပြုခဲ လှသည့် ကာလဒါနအလှူ ဖြစ်ပါသည်။ ထို့ထက်မက အသက်အန္တရာယ်စိုးရိမ်နေရသည်မှ ကယ်ဆယ် စောင့်ရှောက်ရာရောက်သဖြင့် ဇီဝိတဒါန အသက်ကယ် သည့်အလှူဟု ဆိုရပါမည်။

တစ်ယောက်အားဖြင့် အများအတွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတော်နှင့် ဆိုင်ရာဌာနများ၏ ညွှန်ကြား ချက်များကို ပြည်သူအားလုံး တိတိကျကျလိုက်နာ ကြရန် အထူးလိုအပ်သည်။ ရောဂါပိုးရှိသူတစ်ဦးမှ တစ်ဆင့် ထိတွေ့သူအသီးသီး၊ ၎င်းတို့မှတစ်ဆင့် ထပ်မံထိတွေ့သူအဆင့်ဆင့်သို့ ကူးစက်ပြန့်ပွား နိုင်သည်ကို အသိရှိကြရပါမည်။ မဖြစ်မနေ အပြင် ထွက်ကြရသူများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ကြရသူ များအနေဖြင့် နှာခေါင်းစည်းများ အသုံးပြုခြင်း၊ လက်ဆေးခြင်းစသည့် တစ်ကိုယ်ရေကာကွယ်မှုများ လုံခြုံစိတ်ချရအောင် ပြုလုပ်ကြရပါမည်။ အပြင် ထွက်ရန် မလိုအပ်သူများ မိမိအိမ်တွင် ညွှန်ကြား ချက်များနှင့်အညီ နေထိုင်ကြရပါမည်။ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် အများအတွက် ကာကွယ်စောင့်ရှောက်ကြရပါမည်။ ယင်းသို့ တစ်ဦးချင်းစီက မိမိကိုယ်နှင့်စိတ်ကို ထိန်းသိမ်း စောင့်ရှောက်နေခြင်းသည်ပင်လျှင် မိမိအတွက်ရော အများအတွက်ပါ ကုသိုလ်ကောင်းမှုပြုနေခြင်း ဖြစ်သည်။

ကမ္ဘာမြေပြင်တွင် မကြုံစဖူးကြုံတွေ့ကြရသည့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို မြန်မာပြည်သူပြည်သား များအပါအဝင် ကမ္ဘာသူ ကမ္ဘာသားအားလုံးက ကိုယ်စီ တွန်းလှန်တိုက်ထုတ်နေကြသည်။ ဤကပ် ရောဂါတိုက်ပွဲကြီးကို မေတ္တာ၊ ကရုဏာအရင်းခံသည့် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတည်းဟူသော ယုံကြည်မှု၊ ကိုယ်ကျင့်သိက္ခာ၊ ပညာဉာဏ်နှင့် စာနာထောက်ထား စွန့်ကြဲပေးကမ်းခြင်းဖြင့် သူတော်ကောင်းတရား လက်ကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားနိုင်ကြရပါမည်။ ဤကပ်ရောဂါဆိုးကြီး လျင်မြန်စွာ ကင်းစင်ပပျောက် ရေးနှင့်အတူ ကမ္ဘာသူကမ္ဘာသား၊ မြန်မာပြည်သူ ပြည်သားများ၏ အသက်ရှင်နေထိုင်ရေး၊ စားဝတ် နေရေး၊ ဘဝလုံခြုံရေးမှသည် အေးချမ်းသာယာသော လူ့ဘောင်လောက ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရပါဦးမည်။

၁၃၈၂ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်ကြားသော နှစ်ဦးသြဝါဒမှ ထပ်ဆင့်ကောက်နုတ် ဖော်ညွှန်းလိုက်ပါရစေ-

"ကမ္ဘာ့ကပ်ဆိုးလွှမ်းမိုးနေချိန်တွင် မြန်မာလူမျိုး တို့၏ ရင်တွင်းဖြစ်ပေါ်လာသည့် ပရဟိတ မေတ္တာ၊ ပရဟိတ စေတနာများသည် မီးပုံကြီးထဲကပွင့်လာသည့် ပဒုမ္မာကြာပန်းကြီးသဖွယ် ကမ္ဘာ့အလယ်မှာ မြတ်နိုး ဖွယ် ကောင်းလှပါသည်။ မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ မေတ္တာစွမ်းအား၊ ကုသိုလ်စေတနာ စွမ်းအား၊ စည်းလုံးညီညွတ်သော ကာယသာမဂ္ဂီ (လူကိုယ်တိုင် ပါဝင်ပေါင်းစည်းမှု)၊ စိတ္တသာမဂ္ဂီ (စိတ်ချင်းပေါင်းစည်းမှု) စွမ်းအားတို့ဖြင့် အခက်အခဲ ဟူသမျှ အနိုင်ယူကျော်လွှားနိုင်အောင် ကြိုးစား ကြပါ။"

"၁၃၈၂ ခုနှစ် မြန်မာနှစ်သစ်ကူးကာလမှစ၍ ဘေးဆိုးရန်ဆိုး ကပ်အမျိုးမျိုးမှကင်းလွတ်ကြပါစေ၊ သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုအင်ဆန္ဒပြည့်ကြ ပါစေ"။

မောင်စာဂ