ကိုဗစ်-၁၉ မပျောက်ကွယ်သေးသရွေ့


ယနေ့(ဇွန်လ ၁ ရက်)မှစတင်ကာ ဝန်ထမ်းများ အင်အားအတိုင်း ရုံးလုပ်ငန်းများကို ပြန်လည်ဝင်ရောက်တဆန်ထမ်းဆောင်နေကြ ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝန်ထမ်းအင်အားများကို တစ်ဝက်စီခွဲကာ တစ်ဝက်ရုံးတက်၊ တစ်ဝက်အသင့်ရှိနေစေပြီး တစ်လှည့်စီရုံးတက်ခဲ့ကြရာမှ ယနေ့တွင် ပုံမှန်ရုံးတက်ရသည့်အနေအထားသို့ ပြန်လည်ရောက်ရှိသွား ခြင်းဖြစ်သည်။ ဤသည်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ထိန်းချုပ်မှုလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာသည့်ရလဒ်ကောင်း များကြောင့်လည်း ဖြစ်သည်။
ဤကဲ့သို့ ရုံးများ၊ ဌာနဆိုင်ရာများ မူလဝန်ထမ်းအင်အားအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ကြခြင်းအပြင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန်၊ သင်တန်းများ ပြန်လည်သင်ကြားပို့ချနိုင်ရန် မီးစိမ်းပြလိုက်ခြင်းက ကိုဗစ်-၁၉ ရောဂါကင်းစင်ပပျောက်သွား၍ မူလနေမြဲ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်း လုံးဝမဟုတ်သေးသည်ကိုလည်း သတိမြဲမြဲထားကြရမည်ဖြစ်သည်။ ကပ်ရောဂါကူးစက်ပြန့်ပွားမှုအပေါ် ထိန်းချုပ်နိုင်မှုနှင့် ပြည်တွင်းရောဂါကူးစက်မှုအခြေအနေတို့ပေါ်တွင် သုံးသော်ချချိန်ကာ နိုင်ငံတော်၏ အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေး နှင့် လူမှုရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များရရှိနိုင်ရေးတို့အတွက် ဖြေလျှော့မှုများပေးခဲ့ခြင်းသာဖြစ်ပြီး ဆိုးရွားသည့် အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း ဖြေလျှော့မှုများကို ရုပ်သိမ်းတန် ရုပ်သိမ်းသွားလိမ့်မည် ဖြစ်သည်။
ရုံးဌာနများ ဝန်ထမ်းအင်အားအပြည့် ပြန်လည်ရုံးတက်ရုံးဆင်း ပြုလုပ်ခြင်း၊ အစည်းအဝေးများ၊သင်တန်းများကို ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခြင်း စသည်တို့ကြောင့် လူအများအပြားစုဝေးဆုံတွေ့မိကြမည့် အခြေအနေများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနိုင်သည့် အန္တရာယ်ရေချိန်ကလည်း မြင့်မားနေမည်ဖြစ်ရာ လူတိုင်းက ကျန်းမာရေးအသိကိုယ်စီဖြင့် လှုပ်ရှားသွားလာ တာဝန်ထမ်းဆောင် ကြရန်လိုသည်။ မိမိတို့အားလုံးသည် ကပ်ရောဂါပပျောက်မှု မရှိသေးသည့် အခြေအနေတွင် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်ကို လည်းကောင်း၊ ကိုရှိတိုင်းရပ်စ်သည် မိမိတို့ရှူရှိုက်နေ ကြရသည့်လေထု၊ မိမိတို့ထိတွေ့ ကိုင်တွယ်နေကြသည့် အရာဝတ္ထုများနှင့် နေရတိုင်းတို့တွင် မိမိတို့မမြင်ရဘဲ ရှိနေနိုင်ကြသည်ကို လည်းကောင်း ဂရုပြုကြရမည်ဖြစ်သည်။ နိုင်ငံတကာမှ အတွေ့အကြုံ များအရလည်း ရုံးဌာနလုပ်ငန်းခွင်များ ပြန်လည်ဝင်ရောက် လုပ်ကိုင်ချိန်နှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းတက်ကြချိန်တွင် ကိုရိုနာဗိုင်ရပ်စ်ကူဆက်မှုများ ပြန်လည်မြင့်တက်လာကြရာ လုပ်ငန်းခွင်များ နှင့် စာသင်ခန်းများတွင် ကိုဗစ်-၁၉ ကာကွယ် တးဆီးရေးဆိုင်ရာ စည်းကမ်းချက်များကို လူတိုင်းက တိတိကျကျ လိုက်နာရန်လိုအပ်သည်ကို ညွှန်ပြနေခြင်းပင်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်လုံးဝပျောက်ကွယ်မသွားသေးသရွေ့ ဗိုင်းရပ်စ်ပိုးရှိနေသည့် ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးနှင့်အတူ မိမိတို့အားလုံး အတူနေကြရဦးမည် ဖြစ်သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်မှု၊ ပရိယေသနဝမ်းစာ ရှာဖွေမှု၊ ပညာသင်ယူမှု အပါအဝင် မလုပ်မဖြစ်သည့် အလုပ်များအတွက် ဗိုင်းရပ်စ်ပိုးမွှား ပျောက်ကွယ်မသွား သေးစေကာမူ အခြေအနေပေးသရွေ့ မိမိတို့လုပ်ကိုင်ဆောင်ရွက် ကြရမှာဖြစ်သည်။ သို့ရာတွင် ပေါ့ဆ၍မရ၊ သတိလွတ်၍မရ၊ အမှားပြုမိ၍မရ။မိမိတို့၏ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာရှိနေစေရန် ဂရုပြုစောင့်ရှောက်ကာ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ ပြည့်ဝစွာ အနားယူအိပ်စက်ခြင်းတို့ဖြင့် ကိုယ်ခံစွမ်းအားတို့ကို မြှင့်တင်လျက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရင်း မိမိတို့၏တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း