ကိုဗစ်-၁၉ နှင့် အလွမ်း

“မှောင်နေရင်လေ မီးထွန်းလိုက်၊ နာကြင်သူကို ပြုစုလိုက်၊ ဆာလောင်သူကို ကိုယ့်ဝေစုထဲက တစ်ဝက်ကို ဝေငှ လိုက်၊ လူတွေ စဉ်းစားကြ၊ စဉ်းစားကြ လောကအတွက်၊ သင့်သမိုင်းကြောင်းကောင်းဖို့ တစ်ခုခုလုပ်ခဲ့သလား”တဲ့။ လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်က ရုပ်ရှင်မင်းသား၊ အဆိုတော် ကျော်ဟိန်း သီဆိုခဲ့သော အဓိပ္ပာယ်ရှိသောလူ စီးရီးထဲက သီချင်းစာသားလေးက ဘာမဆိုင်ညာမဆိုင် အတွေးထဲ ရောက်လာခဲ့သည်။ ယခု မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ် - ၁၉ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ တားဆီး၊ ကုသ၊ ထိန်းချုပ်ရေးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိနေသည်များနှင့် ချိန်ထိုးမိသည်။


အမှောင်ခွင်း၍ အလင်းဆောင်နိုင်ဖို့
မြန်မာနိုင်ငံအစိုးရသည် မြန်မာနိုင်ငံသားများ အမှောင်ခွင်း၍ အလင်းဆောင်နိုင်ဖို့၊ လျှပ်စစ်မီး အချိန် ပြည့်ရရှိဖို့၊ မိသားစုနှင့် အဆက်အသွယ်မပြတ်စေဖို့၊ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ လက်မလွှတ်ဘဲ အသုံးပြုနိုင်ဖို့၊ စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများ အဆင် ပြေစေဖို့အတွက် သက်ဆိုင်ရာဌာနများက ပြည်သူများ အခက်အခဲရင်ဆိုင်နေရချိန်တွင် အထိုက်အလျောက် လျော့ပါးသက်သာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသလို လျှပ်စစ်မီတာအသုံးပြုခများကို လျှော့ပေါ့ပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉နှင့် ပတ်သက် ၍ အခမဲ့စစ်ဆေးပေးသည်။ စောင့်ကြည့်ရက်များတွင် နေရေး၊ စားရေးကိစ္စများကို အလှူရှင်များ အင်အားနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနေသည်။ ရောဂါပိုး တွေ့ရှိသူ များကိုလည်း ကိုယ်ရောစိတ်ပါ နွေးထွေးမှုရှိစေရေး အတွက် ဘက်ပေါင်းစုံမှ စေတနာထားကာ ကုသ ပေးလျက်ရှိပါသည်။


တစ်နိုင်ငံလုံးရှိ စားရေး၊ သောက်ရေး အခက်အခဲ ရှိသူများကို အစိုးရကိုယ်တိုင် ကြီးကြပ်၍ ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့်ပူးပေါင်းကာ အခြေခံစားကုန်များ၊ ကျန်းမာရေးသုံးပစ္စည်းများကို အိမ်အရောက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ ဆက်လက်၍လည်း အန္တရာယ်ကာလမပြီးမချင်း ထောက်ပံ့ကူညီပေးမည်ဟု ဝမ်းသာဖွယ် သိရှိရသည်။ ပြည်သူလူထုထဲမှ ပရဟိတ စိတ်ရှိသူများ၊ လုပ်ငန်းရှင်များကလည်း အားကျမခံ မိမိ စားသုံးရမည့်၊ မိမိ အကျိုးအမြတ်ဖြစ်မည့်အထဲမှ တချို့ တစ်ဝက်ကို စာနာစိတ်ရှိစွာ စေတနာပါပါ လှူဒါန်းပေးဝေ နေမှုများကို မြင်တွေ့နေ၊ ကြားသိနေရသည်မှာ ကျေနပ် ဝမ်းသာရသည်။ မှောင်နေလျှင် မီးထွန်းပေးသူ၊ နာကြင် နေသူများကို ပြုစုပေးနေသူ၊ ဆာလောင်နေသူများကို အခက်အခဲကြားထဲမှ ဝေငှပေးနေသူ၊ သမိုင်းကြောင်း ကောင်းဖို့ ပကာသနမပါ၊ စေတနာလေးနက်၊ ပကတိ အဖြူထည် ဆောင်ရွက်ပေးနေမှုများကို လေးစားအားကျ အတုယူခဲ့မိပါသည်။


ကိုဗစ်-၁၉ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွင်း လူအများစုသည် အမေနှင့်ရွာကို လွမ်းသည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် နီးနီးကပ်ကပ်ထိုင်ကာ ပျော်ရွှင်စွာစားသောက်ခဲ့မှုများကို လွမ်းသည်။ အဝေးမှာ တစ်နေရာစီတာဝန်ထမ်းဆောင် နေကြသော ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မြေး၊ မြစ်များကို လွမ်းသည်။ တစ်ချိန်က သွားဖူးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ အပျော်သဘောသွားခဲ့သည့် အပန်းဖြေ ကမ်းခြေနေရာများ၊ အထင်ကရနေရာများကို လွမ်းသည်။ စာသင်ကြားခဲ့သည့် စာသင်ခန်းနေရာများကို လွမ်းသည်။ ဆရာ ဆရာမများကိုလည်း လွမ်းသည်။ အဆောင်ကို လည်း လွမ်းသည်။ အထီးကျန်ဆန်မှုမရှိသော်လည်း မိတ်ဆွေ၊ သူငယ်ချင်းများကို လွမ်းသည်။ တစ်ခါတစ်ရံ ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိသည်။ အလွမ်းတွေကို စမ်းရေထဲမှာ မမျှောနိုင်ပေမယ့် လွမ်းနေတာကတော့ လွမ်းနေတာပင်။


ကျန်းမာရေးအသိပညာများ ပိုမိုသိရှိလာ
ယခုမူ ဖေ့စ်ဘွတ်လေး ကြည့်လိုက်၊ Video Call လေး ခေါ်လိုက်နှင့် အလွမ်းဖြေနေရသည်။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာလေး နေနေရသည်။ နေထိုင်သွားလာမှုများ ကန့်သတ်ခံရသည်။ ချစ်ခင်ကြင်နာရသူများနှင့် တွေ့ဆုံ ခွင့်၊ စကားပြောခွင့်များ ဆုံးရှုံးရသည်။ သို့သော် ကောင်းမွန် သည့် အချက်များလည်း ရှိသေးသည်။ ခြိုးခြံချွေတာ စားသောက်တတ်လာသည်။ အပိုကုန်ကျမှု နည်းပါးသွား သည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလာသည်။ စာပိုဖတ်လာသည်၊ ကိုယ်ယုံကြည်ရာ ဘာသာရေးကိစ္စများ ကို ပိုမိုလုပ်ဖြစ်သည်။ ငုပ်လျှိုးနေသော ပရဟိတစေတနာများ ပိုမိုဖြစ်ထွန်းလာသည်။ လူအချင်းချင်း ဆက်ဆံရေးများအဆင်ပြေချောမွေ့လာသည်။ မှန်ကန်သောယုံကြည်ချက်၊ အတွေးအခေါ်များ ဖြစ်ထွန်းလာသည်။ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်များ မွေးမြူလာနိုင်ခဲ့သည်။ မိသားစု အတွင်း ကိုယ်စီတာဝန်ယူလာနိုင်ခဲ့သည်။ မိသားစုအတွင်း ဆက်ဆံရေး ယခင်ကထက် ပိုမိုနီးကပ်နွေးထွေးလာသည်။ ခေတ်မီဆက်သွယ်ရေးကိရိယာ သုံးစွဲနေမှုပညာများကို မျှဝေပေးနိုင်လာကြသည်။ ပညာရပ်အချို့ကို သင်ကြား လာနိုင်သည်။ ကျန်းမာရေးအသိပညာများ ပိုမိုသိရှိလာသည်။ ကိုယ်လက်လှုပ်ရှား အားကစားများ ပိုမိုလုပ်ဖြစ်လာသည်။


ကမ္ဘာပေါ်တွင် ကပ်ရောဂါများသည် ပေါ်ပေါက်လာ စမြဲ ဖြစ်သည်။ ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အီဘိုလာရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ၊ အနာကြီးရောဂါ စသည်ဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့သော်လည်း ကာကွယ်ဆေး၊ ကုသဆေးများဖြင့် နှိမ်နင်းအောင်မြင်ခဲ့သည်သာ ဖြစ်သည်။ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ သည်လည်း မကြာမီ ကာကွယ်ဆေးများပေါ်လာမည်၊ ကုသဆေးများပေါ်လာမည်ဆိုပါက ကွယ်ပျောက် သွားမည်။ နှိမ်နင်းနိုင်မည်၊ ကုသနိုင်မည်ဖြစ်၍ စိုးရိမ် ထိတ်လန့်စရာမလိုပေ၊ ကြောက်စရာလည်း မလိုပေ။ မိမိ ကိုယ်တိုင် ကျန်းမာရေးအသိရှိစွာဖြင့် သတိထားနေထိုင် မည်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာမည်ဆိုပါက မိမိကိုယ်တိုင်လည်း ကျန်းမာ မည်၊ မိမိ၏ မိသားစုဝင်များကိုလည်း စောင့်ရှောက်ပေးရာ ရောက်မည်၊ မိမိဘေးပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေး ရာ ရောက်ပါမည်။ မျက်စိဖွင့်၊ နားစွင့်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အိမ်မှာနေခြင်းဖြင့်ပင် ကူညီပေးရာ ရောက်ပေမည်။


ကုသဆေးများဖော်ထုတ်ရန် ကြိုးစားဆောင်ရွက်နေ
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ကုသဆေး များဖော်ထုတ်ရန် သုတေသနပညာရှင်များက ကြိုးစား ဆောင်ရွက်နေသည်။ မကြာသောကာလအတွင်း ကောင်းမွန်သောရလဒ်တစ်ခု ထွက်ပေါ်လာပါမည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ လက်ရှိကဏ္ဍပေါင်းစုံတွင် ဆိုးကျိုးကိုသာ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါပိုးအား မကြာသော အချိန်ကာလအတွင်း အစိုးရ၏ စေတနာ၊ ပရဟိတအဖြူရောင်နှလုံးသားပိုင်ရှင်များ၏ အကြင်နာ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကရုဏာ၊ လုံခြုံရေးဝန်ထမ်းများ ၏ မုဒိတာများဖြင့် တိုက်ဖျက်နိုင်မည်။ နှိမ်နင်းအောင်မြင် နိုင်မည်၊ ထိန်းချုပ်၊ ကုသဆောင်ရွက်နိုင်တော့မည်ဟု ယုံကြည်ပါသည်။


ထိုသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းရှင်းသွားပါက ကပ်ရောဂါကာလအတွင်း လွမ်းခဲ့ရသည်များကို အတိုးချ ကာ လှောင်အိမ်မှလွတ်သော ငှက်လေးပမာ အားလပ် ချိန်များတွင် သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်နေမည်။ အမေရှိတဲ့ရွာကို သွားလည်မည်၊ လိမ်လိမ်မာမာနေမည်၊ သွန်သင်ဆုံးမမှုကို လေးစားစွာလိုက်နာမည်။ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မြေး၊ မြစ်များနှင့်အတူ ဘုရား၊ စေတီ ပုထိုးများ၊ အထင်ကရနေရာများကို မိသားစုနှင့် ပျော်ပျော်ပါးပါး သွားလာမည်။ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် မိသားစုလိုက်၊ သူငယ်ချင်း များနှင့်အတူ ပျော်ပျော်ရွှင်ရွှင် သွားရောက်စားသောက်မည်။ အလွမ်းများကို စမ်းရေထဲသို့မျှောကာ လူသစ်၊ စိတ်သစ်၊ စိတ်ကူးသစ်ဖြင့် ကျရာနေရာမှာ ပျော်ရွှင်ကျေနပ်စွာ ဆောင်ရွက်မည်။


အတူတကွ ပူးပေါင်းပါဝင်


ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးကဏ္ဍ၊ ရှာဖွေရေးကဏ္ဍ၊ ထိန်းချုပ် ရေးကဏ္ဍ၊ ကုသရေးကဏ္ဍ၊ စောင့်ရှောက်ရေးကဏ္ဍစသည့် ကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက်ရှိသူများ၊ တာဝန်ပေးအပ်ခြင်းမရှိသော်လည်း ကိုယ်စီ အသိစိတ်ဓာတ် ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ မီဒီယာ နည်းလမ်းပေါင်းစုံမှ သတင်းအချက်အလက် ဖြန့်ဝေပေး နေသူများ၊ ပညာရပ်ပိုင်းဆိုင်ရာ အသိပညာပေးသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြီးတော့ ကျွန်တော်တို့ စားရေး၊ ဝတ်ရေး၊ နေရေးတို့ကို တတ်နိုင်သမျှ ဖြည့်ဆည်း ပေးခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပရဟိတသမားများ၊ ကျွန်တော်တို့ ကျန်းမာရေးကောင်းမွန် အောင်၊ ယုံကြည်ချက်ရှိအောင်၊ ကျန်းမာရေးအသိ၊ နေထိုင်မှု သတိရှိအောင် ဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ NGO အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ကျွန်တော်တို့ လုံခြုံအေးချမ်းမှုရှိအောင် အကာအကွယ် ပေးခဲ့ကြသည့် အဖွဲ့အစည်းများ၊ ကျွန်တော်တို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စားရေး၊ ဝတ်ရေး၊ နေရေးမှ အစ အသေးစိတ်ဆောင်ရွက်ပေးခဲ့ကြသော အစိုးရအဖွဲ့ အစည်းများအားလုံးကို အထူးကျေးဇူးတင်ရပါမည်။ သူတို့၏ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာများကို လေးစားရပါမည်။ သူတို့၏အနစ်နာခံခဲ့မှုများကို အသိ အမှတ်ပြုရပါမည်။ နောင်အလားတူ ကပ်ရောဂါ၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက အနာဂတ်လူငယ် များကလည်း အတုယူကာပူးပေါင်း၍ မျိုးဆက်သစ်များ အဖြစ် ပါဝင်ရပါမည်။


လက်ရှိ ကိုဗစ်-၁၉ ရောဂါသည် ကွယ်ပျောက်မှု မရှိသေးသော်လည်း နိုင်ငံတော်အစိုးရသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင် လုပ်ငန်းများ၊ စျေးများ၊ ကျောင်းများကို အကန့်အသတ်ဖြင့် ဖွင့်လှစ်ရန် ကြိုးစားနေသကဲ့သို့ တဖြည်းဖြည်း အခြားကဏ္ဍများကိုလည်း တိုးချဲ့ ဖွင့်လှစ်ကာ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ကြရန် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အခြားတစ်ဖက်မှ လည်း ကိုဗစ်-၁၉ ကပ်ရောဂါကင်းစင်ရေးအတွက် အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ရန်၊ ကုသရန်၊ ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါ က ပိုးတွေ့လူနာနည်းပါးခြင်း၊ သေဆုံးလူနာနည်းပါးခြင်း၊ ပျောက်ကင်းလူနာများပြားခြင်းများက သက်သေပင် ဖြစ်သည်။ ဤသည်မှာ အစိုးရ၏ချမှတ်သောမူဝါဒ ကောင်းမွန်ပြည့်စုံမှု၊ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာဌာနများ၏ ကြိုးစား အားထုတ်မှု၊ ပြည်တွင်း၊ ပြည်ပအလှူရှင်၊ ပရဟိတ သမားများ၏ ပူးပေါင်းကူညီမှု၊ ပြည်သူများက လိုက်ပါ၊ လိုက်နာဆောင်ရွက်မှုများ၏ ကျေးဇူးပင် ဖြစ်သည်။


မိမိကစ၍ ကူးစက်မှုမဖြစ်အောင်
ကိုဗစ်-၁၉ ရောဂါဖြစ်နေသဖြင့် မိမိအိမ်တွင် နေနေရ၍ ကျွန်တော်တို့ စိတ်ဓာတ်ကျနေလား၊ လွမ်းနေ လား၊ အားငယ်နေလား၊ ကပ်ရောဂါကို တိုက်ဖျက်ဖို့ အိမ်မှာနေရင်း မိမိကိုယ်တိုင်၊ မိမိ၏မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်ကို ကာကွယ်နေခြင်းဖြစ်လို့ ဂုဏ်ယူသင့် ပါသည်။ လက်ကိုဆပ်ပြာဖြင့် ခဏခဏ ဆေးကြောနေရ ၍ အခန်းထဲ ဝင်/ထွက်တိုင်း လက်သန့်ဆေးရည်နှင့် မကြာခဏပွတ်နေရ၍၊ စိတ်ညစ်နေလား ကပ်ရောဂါ မိမိကစ၍ ကူးစက်မှုမဖြစ်အောင် ကျန်းမာရေးအသိကို သတိရှိစွာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတိမူ မိလျှင် ဝမ်းသာသင့်ပါသည်။ နှာခေါင်းစည်းတပ်၍ သွားလာ လှုပ်ရှားဆောင်ရွက်နေရသဖြင့် အသက်ရှူမဝဖြစ်ကာ မွန်းကျပ်နေပြီလား အဆိုပါပစ္စည်းလေးက မိမိအသက်ကို ကာကွယ်ပေးနေတာဖြစ်ကြောင်း သတိထားမိလျှင် ကျေးဇူးတင်မဆုံး ဖြစ်နေသင့်ပါသည်။ ကျွန်တော်တို့ကဲ့သို့ လူသားများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူငယ်များ၊ အသင်းအဖွဲ့များက ကပ်ရောဂါကာကွယ်၊ တားဆီး၊ ကုသ၊ ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်သူများ၊ အစားအသောက်နှင့် ကျန်းမာရေးသုံးပစ္စည်း များ ဖြန့်ဝေပေးအပ်လှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြသူများက ကိုယ်တိုင်စံပြအဖြစ် လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းထူထူကြီးများကို ဝတ်ဆင်၍ ချွေးတွေ တဒီးဒီးကျနေကြသည်။ အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊လွမ်းနေခြင်းတို့ကို မေ့နေကြသည်။ သူတို့၏ ဆောင်ရွက်မှုများကို မြင်တွေ့လျက် ဂုဏ်ယူမဆုံး ဖြစ်နေသင့်ပါသည်။


ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မြန်အဆုံးသတ်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အချက်များ ကို တစ်ဦးချင်းမှအစ တိကျစွာ လိုက်နာဆောင်ရွက်မည်၊ ကျန်းမာရေးအသိရှိစွာဖြင့် သတိထားနေထိုင်ကြမည်၊ တစ်ဘဝစာ သက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန် အတွက် တစ်ခဏတာကာလတိုလေးကို ကျွန်တော်တို့ စိတ်ရှည်သည်းခံစွာ ကျော်ဖြတ်၍ ခပ်ခွာခွာနေကြမည်၊ အထီးကျန်ဆန်ခြင်း၊ အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း များကို ဟာသစာအုပ်၊ ဟာသရုပ်ရှင်များကြည့်ရင်း ဖြေဖျောက်ကြမည်၊ အကျိုးရှိသည်များလုပ်ရင်း တွန်းလှန်ကြမည်၊ ဒါဆို သိပ်မကြာခင်ကာလအတွင်း နဂိုပုံမှန်အတိုင်း ကဏ္ဍပေါင်းစုံအသားကျသွားမည် ဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါလည်း ကွယ်ပျောက်သွား မည် ဖြစ်ပါသည်။


ပရဟိတစိတ်များထားကြပါ
သို့ဖြစ်ပါ၍ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ကြောင့် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ၊ အလုပ်ခွင်များ၊ စားသောက်ဆိုင်များ၏ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေကြ၍ လွမ်းနေကြသည်၊ သတိရနေကြသည်၊ တမ်းတနေကြရသည်။ တစ်ဦးချင်း ကျန်းမာရေး အသိရှိစွာဖြင့် သတိထားနေထိုင်ကြပါက လည်းကောင်း၊ လိုက်နာကြပါကလည်းကောင်း၊ ကာကွယ်ဆေး၊ ကုသဆေးများ ပေါ်ပေါက်ပါကလည်း ကောင်း ကိုဗစ် - ၁၉ ရောဂါကပ်ဆိုးကြီးသည် မကြာမီ ကွယ်ပျောက်သွားတော့မည်ဖြစ်၍ ယခင်ကကဲ့သို့ နေ့စဉ်ဘဝတွင် နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင် နေရမည့် ကာလသည် မဝေးတော့ပေ။ နောင်တွင် ကိုဗစ်-၁၉ ကာလအလွမ်းများကို သတိတရရှိစွာဖြင့် အတိုးချကာ လူအချင်းချင်း ချစ်ခင်ကြပါ၊ ကြင်နာကြပါ၊ စေတနာထားကြပါ၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြပါ၊ ပရဟိတစိတ်များထားကြပါဟု စေတနာရှေ့ထားကာ ဖော်ပြအပ်ပါသည်။ ။

နိုင်ဦး(DOCA)

ကြေးမုံTop of Form