ကိုဗစ်-၁၉ နှင့် အပြုံးပျောက်ဆုံးခြင်း


စည်သူကျော်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အစောပိုင်းက ဗီယက်နမ် နိုင်ငံသို့ တာဝန်ဖြင့် ခရီးထွက်ခဲ့ရသည်။ ထိုအချိန်က အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ မရောက်ရှိလာသေး။ သို့သော် အခြားနိုင်ငံများတွင် ပိုးကူးစက်မှု စတင်တွေ့ရှိ နေပြီ ဖြစ်သည်။ အခြားကမ္ဘာ့နိုင်ငံများ အထူးသဖြင့် တရုတ်၊ အမေရိကန်၊ အီရန်နှင့် ဥရောပနိုင်ငံအချို့တို့တွင် ကူးစက်မှုနှုန်း မြင့်မားမှုအစပျိုးနေလေပြီ။

ခရီးသွားများပြားမှု

ဗီယက်နမ်နိုင်ငံသို့အဝင်တွင် ကျန်းမာရေး၊ ခရီးသွား လာမှုရာဇဝင်နှင့် စပ်လျဉ်းသောပုံစံအချို့ကို ဖြည့်သွင်း ရသည်မှအပ အခြားကြီးကြီးမားမား ဆောင်ရွက်မှု မရှိသေး။ လေဆိပ်တွင် ခရီးသွားများပြားမှုကြောင့် အတန်ငယ် ကြန့်ကြာမှုသာရှိပြီး အခြားထူးခြားမှုမရှိခဲ့။ သို့နှင့်တည်းခိုနေထိုင်ရမည့် ဟွေး (Hue) မြို့ရှိ ဗီလာဟွေး ဟိုတယ် (Villa Hue Hotel) သို့ ရောက်ရှိခဲ့သည်။ ဆိုရလျှင် ဗီလာဟွေးဟိုတယ်သို့ ယခုလာရောက်ခြင်းသည် ဒုတိယအကြိမ်ပင်။ ၂၀၁၈ ခုနှစ်ကလည်း တာဝန်ဖြင့်ပင် တစ်ကြိမ် ရောက်ရှိခဲ့ဖူးသည်။ နွေးထွေးပျူငှာသော ကြိုဆိုမှုနှင့် ဧည့်ဝန်ဆောင်မှုတို့ကြောင့် စိတ်ချမ်းမြေ့မှုနှင့် သက်သောင့်သက်သာရှိမှုတို့ကို ခံစားခဲ့ရသည်။

ယခု ၂၀၂၀ ပြည့်နှစ်တွင်တော့ ကိုဗစ်-၁၉ ကူးစက် ရောဂါ၏ ခြိမ်းခြောက်မှုကြောင့် ပြောင်းလဲနေသော ကြိုဆိုမှုကို တွေ့ရသည်။ ဟိုတယ်အဝင်တွင် နှာခေါင်းနှင့် ပါးစပ်ကို အကာအကွယ်ပြုဖုံးအုပ်ထားသည့် Surgical Mask တပ်ဆင်ထားသော ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦး က ဧည့်သည်များ၏ကိုယ်အပူချိန်ကို စနစ်တကျတိုင်းယူ သည်။ ထို့နောက် ယခင်ကဟိုတယ်အဝင်ခန်းမ၏ အချက် အချာကျသောနေရာတွင် ထားရှိသောလူတစ်ရပ်ခန့် အမြင့်ရှိ ပန်းအိုးကြီးနေရာတွင် အစားထိုးရောက်ရှိနေပြီ ဖြစ်သော Hand Gel ဖြင့် လက်ဆေးရန်နေရာတွင် လက်ဆေးကြရသည်။

လန်းဆန်းတက်ကြွမှုလျော့ပါး

ယခင်က ဟိုတယ်ဝန်ထမ်း နှစ်ဦး သို့မဟုတ် သုံးဦး က ပြုံးရွှင်စွာဖြင့် ရောက်ရှိလာသော ဧည့်သည်အဖွဲ့ အတွက် အချိုရည် Welcome Drinks များ တိုက်ကျွေး ကြိုဆိုခဲ့သည်။ ယခုတော့ လက်ဆေးပြီးသူများက ကောင်တာတွင် တင်ပေးထားသည့် အချိုရည်ဖန်ခွက်များ ကို ကိုယ်တိုင်ယူဆောင်သောက်သုံးကြရပြီ။ အခြားသူများ တော့မသိ မိမိအနေဖြင့် ဤအချိုရည်ပင်ဖြစ်သော်လည်း ဤအရသာ မဟုတ်သလိုပင်။ မြန်မာနိုင်ငံမှ ဟွေးသို့ လေယာဉ်နှစ်ဆင့်၊ ကားတစ်ဆင့်စီးလာရသည်က အမော မပြေဘဲ အတန်ငယ်နွမ်းလျနေသလို။ လိုအပ်နေသော အရာ တစ်ခု (သို့မဟုတ်) ယခင်ကရရှိခဲ့ဖူးသော အရာတစ်ခုကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်တိုင်း ပြန်လည်လွတ်ထွက်သွား သလို။
ထို့နောက် ခြောက်ကပ်ကပ်ဖြင့် အချိုရည်အအေးကို ကိုယ်စီသောက်သုံးနေကြသော ဧည့်သည်များကို ဧည့်ကြို ကောင်တာမှ တစ်ဦးချင်းခေါ်ယူ၍ မိမိနေထိုင်ရမည့်အခန်း များကို ပြောကြားပြီး အခန်းသော့များကို ပေးအပ်သည်။ “Enjoy your stay” ဟု ပြောကြားသော ဧည့်ကြိုဝန်ထမ်း အမျိုးသမီးငယ်၏အသံမှာ သတ္တုဆန်နေသလို၊ “Thank you” ဟု ပြန်ပြောဆိုလိုက်သော မိမိ၏အသံမှာလည်း လန်းဆန်းတက်ကြွမှုလျော့ပါးနေကြောင်း သတိပြုလိုက်မိ သည်။ Surgical Mask တပ်ဆင်ထားသော ဧည့်ကြို ကောင်တာမှ အမျိုးသမီးငယ်သည် အခန်းသော့များ ဆက်လက်ပေးအပ်နေဆဲ။ Enjoy your stay ဟု တစ်ဦးချင်း ပြောနေဆဲ။

အခန်းတွင်းရောက်ရှိပြီး ပစ္စည်းများချပြီးနောက် အဝတ်ပင်မလဲဘဲ အိပ်ရာပေါ်လှဲချလိုက်သည်။ နူးညံ့မွှေးပျံ့ သော အထိအတွေ့ကြောင့် အလိုမကျယောက်ယက်ခတ်နေ သောအသိအမြင်တို့ ငြိမ်သက်သွားသည်။ ခရီးသွားလုပ်ငန်း တွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့်အလျောက် ခရီးစဉ် တစ်လျှောက် ယခင်နှင့်မတူသော တွေ့ကြုံခံစားခဲ့ရသည် များကို ပြန်ဆင်ခြင်မိနေသည်။ အလိုမကျမှုက ပဟေဠိ ဆန်နေဆဲ။ ဟိုတယ်သို့အဝင်တွင် မြင်သာအောင် ကြေညာ ထားသော စာသားတစ်ခုက ခေါင်းထဲသို့ရောက်လာသည်။

“သင်နှင့်အခြားသူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဟိုတယ်ဝန်ထမ်းများမှ မျက်နှာအကာအကွယ်ပြု (Face Mask) တပ်ဆင်၍ ဝန်ဆောင်မှုပေးမည် ဖြစ်ပါကြောင်းနှင့် ယင်းအပေါ် ဧည့်သည်များအနေဖြင့် နားလည်လက်ခံပေးနိုင် ပါရန်” ဆိုသော အင်္ဂလိပ်ဘာသာဖြင့် စာသား။ ယင်းစာသား ကို ပြန်အမှတ်ရပြီးနောက် မိမိ၏ဘဝင်မကျမှု လျော့ပါး သက်သာသွားသလို ခံစားလိုက်ရသည်။ ဟုတ်ပါသည်။ ပျောက်ဆုံးသွားသည်က မျက်နှာပေါ်က “အပြုံး” ပင် ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းတွင် အင်္ဂလိပ်ဘာသာဖြင့် “Smile” ဟူသော အပြုံးသည် အလွန်အရေးပါသည်။ Smile and Service ဟူသော “S” နှစ်လုံးသည် ခရီးသွားလုပ်ငန်းတွင် မရှိမဖြစ်ဟု ဆိုရလောက်သော ဝေါဟာရနှစ်ခုဖြစ်သည်။ ယင်းတို့၏ နောက်ဆက်တွဲ Context များကား ခရီးသွား လုပ်ငန်းတွင် အသက်ဟူလို။ ယခုအခါ ယင်း “S” နှစ်လုံး အနက် “Smile” ဟူသော ဝေါဟာရသည် ပျောက်ကွယ်လေပြီ လော။ ဝန်ဆောင်မှု “Service” ကား ပုံစံအသစ်တစ်မျိုးဖြင့် ရှိနေချေပြီ။

ကုန်ကျစရိတ်မရှိသည့် ရင်းနှီးမြှုပ်နှံမှု

လူမှုဆက်ဆံရေးနယ်ပယ်တွင် တစ်ဦးနှင့်တစ်ဦး ပထမဆုံးအကြိမ်ဆုံတွေ့ရာ၌ ပထမ ငါးစက္ကန့်သည် အလွန် အရေးကြီးသည်ဟု ဆိုသည်။ ဤမျှ တိုတောင်းသော အချိန် ကာလလေးသည် လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ကြီးမားသောသက်ရောက်မှုကိုပေးသည်။ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်တွင် အပြုံးသည် လုပ်ငန်းအောင်မြင်ရန်အတွက် အရေးပါသော ကုန်ကျစရိတ်မရှိသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်၏။

ခရီးသွားလုပ်ငန်းနယ်ပယ်၏ ဖြူစင်သန့်ရှင်းမှုနှင့် ရင်းနှီးနွေးထွေးမှု သရုပ်သကန်ကို ဖော်ဆောင်သော အပြုအမူလည်း ဖြစ်သည်။ လေကြောင်းလိုင်းဝန်ထမ်းများ ပြုံးကြသည်။ ဟိုတယ်ဝန်ထမ်းများ ပြုံးကြသည်။ စားသောက်ဆိုင်ဝန်ထမ်းများ ပြုံးကြသည်။ ဧည့်လမ်းညွှန် များ ပြုံးကြသည်။ ဧည့်အလာများသော ခရီးစဉ်ဒေသမှ ဒေသခံများ ပြုံးကြသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ရောက်စ၊ အရာရှိပေါက်စဘဝက ရုံးချုပ် တွင် တာဝန်ထမ်းဆောင်စဉ် ဌာနပိုင်ဟိုတယ်များမှ ဝန်ထမ်းများ ရုံးချုပ်သို့ရောက်လာပါက လူချင်းသိသိ၊ မသိသိ လမ်းတွင်တွေ့ပါက မင်္ဂလာပါခင်ဗျာဟု နှုတ်ဆက် ကြသည်ကို သတိထားမိသည်။ ရုံးချုပ်နေဝန်ထမ်းများ၌ ဤအလေ့အကျင့်မရှိကြချေ။ လုပ်ငန်းနယ်ပယ် သဘောသဘာဝ ကွာခြားချက်ပင်။ ထိုဟိုတယ်ဝန်ထမ်း များသည် အခြားသူများကို မိမိတို့ဧည့်သည်ဟူ၍ပင် သဘောထားကြလေသလားမသိ။ မည်သို့ပင်ဆိုစေကာမူ နှစ်လိုဖွယ်အပြုအမူပင်။

ယနေ့ကာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အကာအကွယ်အဖြစ် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ကြရသည်။

အပြန်အလှန်ထိတွေ့ဆက်ဆံမှု

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ အသက်သွေးကြော သဖွယ်ဖြစ်သော အပြုံးကား ကိုဗစ်-၁၉ ရောဂါကြောင့် ပျောက်ကွယ်ရချေပြီ။ ဇိမ်ခံပစ္စည်းများ မည်မျှခေတ်မီ ကြွယ်ဝစေကာမူ ရင်းနှီးနွေးထွေးမှုကို မခံစားရ။ ခရီးသွား လုပ်ငန်း၏ တစ်ခုသော အဓိကအနှစ်သာရသည် ခရီးသွား ဧည့်သည်နှင့် ဒေသခံတို့၏ အပြန်အလှန်ထိတွေ့ဆက်ဆံမှု Interaction ဖြစ်သည်။

ယင်းထိတွေ့ဆက်ဆံမှုတွင် အပြုံးသည် အခရာ ကျသောအရာဖြစ်သည်။ ခေတ်မီရုပ်ဝတ္ထုပစ္စည်းများ အားနည်းသော မြန်မာနိုင်ငံသည် လှိုက်လှဲဖော်ရွေ ပျူငှာသော တိုင်းရင်းသားတို့၏အပြုံးကြောင့် ကမ္ဘာလှည့် ခရီးသွားတို့၏အသည်းနှလုံးကို ဖမ်းစားထားနိုင်ခဲ့သည်။ သို့သော် မြန်မာတို့၏အပြုံးကား မျက်နှာပေါ်မှ အပေါ်ယံ အပြုံးမဟုတ်။ မျက်နှာဖုံးဖြင့် ဖုံးလွှမ်းရုံဖြင့် ပျောက်ကွယ် တိမ်မြုပ်သွားမည့်အပြုံး မဟုတ်ပေ။ ရင်ထဲနှလုံးသားထဲမှ လာသော မြန်မာတို့၏အပြုံးကား ကိုဗစ်ကိုအန်တုကာ ကပ်ရောဂါလှိုင်းတံပိုးအတွင်း ရှင်သန်နေမည့်အပြုံး ဖြစ်သည်။ မြန်မာတို့၏ ရင်းနှီးနွေးထွေးသော ဖော်ရွေ ပျူငှာသော ဝန်ဆောင်မှုနှလုံးသားကို အစဉ်အမြဲ ပြုံးနေမည်သာတည်း။ ။

ကြေးမုံ