ကိုဗစ်-၁၉ နှင့် အတူနေထိုင်ခြင်း

၁၉  မေ

ကိုဗစ်-၁၉ သည် ကမ္ဘာမြေပေါ်မှ အပြီးတိုင်ထွက်ခွာသွားမည့် ရောဂါမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မကြာမီက သတိပေးခဲ့သည်။ မာယာပရိယာယ်များလှသည့် ကပ်ရောဂါသည် လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်ယောင်ဖျောက်ကာ ခိုအောင်းနေရင်း အခါအခွင့်သင့်သည့်အချိန်မှာ ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်မှုတို့ ပြုလိမ့်မည်။ တောမီးသဖွယ် ကူးစက်မြန်သည့် ကပ်ရောဂါသည် မီးစတစ်စလွင့်စဉ်ကျလာသည်နှင့် ပတ်ဝန်းကျင်ရှိ လောင်စရာမှန်သမျှကို ကူးစက်လောင်ကျွမ်းသလို ကူးစက်ပျံ့နှံ့စေလိမ့်မည်။ သို့ရာတွင်တောမီးက မံသစက္ခုဖြင့်မြင်နိုင်သော်လည်း ကိုဗစ်-၁၉ ကမူ ကူး၍ကူးမှန်းမသိရ။

လူမှုအဖွဲ့အစည်းထဲမှာ အချိန်ကြာကြာရှိနေဦးမည့် ရောဂါတစ်ခုအတွက် ထိုလူ့အဖွဲ့အစည်းကို မလှုပ်မယှက် အချိန်ကြာကြာ ထိန်းချုပ်ထားရန် မဖြစ်နိုင်။ သင့်တင့်လျောက်ပတ်သည့် အခြေအနေတစ်ရပ်တွင် လူမှုယန္တရားကြီး ပြန်လည်ပတ်မှဖြစ်မည်။ မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေသည့် ဗိုင်းရပ်စ်ပိုးမွှားများနှင့်အတူ မိမိတို့လည်း ဖြစ်အောင်နေကြရတော့မည် ဖြစ်သည်။ အဓိကအကျဆုံး အချက်က လူတိုင်းမိမိကိုယ်ကိုယ် တာဝန်ယူကြရန်ပင် ဖြစ်သည်။ မိမိကိုယ်ကိုယ် တာဝန်ယူခြင်းဖြင့် ရောဂါမကူးစက်ဘဲ လုံခြုံမှုကို ရရှိမည့်သူမှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။

ရန်ကုန်မြို့တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်လာကြပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုတို့ ကမ္ဘာ့အဆင့်မှာ လွန်စွာများပြားခဲ့သော နိုင်ငံများတွင်ပင် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ကြပြီ ဖြစ်ရာ မိမိတို့သည်လည်း အခြေအနေ၊ အချိန်အခါနှင့် လိုက်လျော ညီထွေသည့် ပုံစံဖြင့် ရောင်းဝယ်စားသုံးကြရမည်သာဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက “စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ” (Version 1.0) ကို မေလ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်(၁၁) ချက်၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက် (၁၁) ချက်၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက် (၈) ချက်၊ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများဆိုင်ရာ (၄)ချက်တို့ကို ဖော်ပြထားသည်။ ထိုအချက်တို့ကို တိတိကျကျ လိုက်နာကျင့်သုံးကြခြင်းဖြင့် ရောဂါကူးစက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။ လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ အခြေအနေပြောင်းလဲ သည်နှင့်အမျှ Version ပြောင်းသွားမည် ဖြစ်သည်ဟု ရှုမြင်မိသည်။ မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းက စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် များ၊ ရုံး၊ ဌာနများနှင့် ဈေးများအပါအဝင် နေရာတိုင်း၊ အချိန်၏တိုင်းမှာ၊ လှုပ်ရှားသွားလာမှုတိုင်းမှာ ကျန်းမာရေးအသိ သတိတို့ ကပ်ထားကြဖို့နှင့် မိမိကိုယ်ကိုယ် ကာကွယ်ကြဖို့ပင် ဖြစ်သည်။

ကိုဗစ်-၁၉ နှင့်အတူ မိမိတို့ယှဉ်တွဲနေထိုင်ကြရဦးမည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူ့အရေးအရာ ကိစ္စအဝဝတို့အတွက်လှုပ်ရှားသွားလာကြရမည်။ ပြောဆိုဆက်ဆံ ကြရမည်။ လုပ်ကိုင်ဆောင်ရွက်ကြရမည်။ ကူးစက်မြန်သည့် ကပ်ရောဂါကို ကြောက်လန့်နေ၍မရ။ သို့သော် မကြောက်မလန့် နေ၍လည်းမရ။ သတိကြီးကြီးထားကာ မိမိကိုယ်ကိုယ် ကာကွယ်ကြရင်း မိမိတို့၏ လူမှုအဖွဲ့အစည်းကိုလည်း စောင့်ရှောက်နိုင်ကြ ပါစေကြောင်း။ ။

မြန်မာ့အလင်း